36
1-2 ထို့နောက်၊ ဧလိဟု ထပ်မံမြွက်ဆိုသည်ကား၊ ခေတ္တဆိုင်းလင့်ပါဦး။ ဘုရားသခင့်ဘက်၌ပြောဆိုရန်ကြွင်းကျန်သေးသောကြောင့်၊ အကျွန်ုပ်ဖော်ပြပါမည်။ အကျွန်ုပ်သည် ကိုယ့်အသိပညာကိုစိတ်ဖြာရာမှ သိမ်းရုံး၍၊ ဖန်ဆင်းသော အရှင်၏ဖြောင့်မတ်တော်မူကြောင်းကို၊ ထင်ရှားစေပါမည်။ အကယ်စင်စစ်၊ အကျွန်ုပ်သည် မုသာမသုံး၊ အသိပညာစုံလင်သူသည် သင်နှင့်အတူရှိ၏။
ကြည့်ပါလော့။ ဘုရားသခင်သည် တန်ခိုးကြီး၍ ဉာဏ်သတ္တိနှင့်ပြည့်စုံတော်မူလျက်၊ မည်သူ့ကိုမျှငြင်းပယ်တော်မမူ။ လူဆိုးတို့၏အသက်တာကို ရှည်စေတော်မမူ။ ဆင်းရဲသူတို့အား တရားအတိုင်းပေးတော်မူ၏။ ဖြောင့်မတ်သောသူတို့မှ မျက်နှာတော်ကိုမလွှဲ။ ထိုသူတို့ကို နန်းစံသောရှင်ဘုရင်တို့နှင့် အတူအစဉ်နေရာပေး၍၊ ချီးမြှောက်တော်မူ၏။ အကယ်၍သူတို့သည် ခြေချင်းခတ်လျက်၊ ညှဉ်းဆဲခြင်းကြိုးနှင့်ချည်နှောင်ခံနေရလျှင်၊ သူတို့ရဲဝံ့သောအပြုအမူများနှင့်လွန်ကျူးမှုများကို ဖော်ပြတော်မူလျက်၊ 10 ပဲ့ပြင်ခြင်းကို နားနေစေ၍၊ ဒုစရိုက်မှပြောင်းလဲကြမည့်အကြောင်းမိန့်မှာတော်မူ၏။
11 နားထောင်၍ ဆောင်ရွက်ဝတ်ပြုကြလျှင်၊ ထိုသူတို့သည်ရက်တာကိုကောင်းစားခြင်းနှင့်လည်းေကာင်း၊ နှစ်တာကိုသာယာခြင်းနှင့်လည်းေကာင်း၊ ကုန်လွန်စေရကြလတ္တံ့။ 12 နားမထောင်လျှင်မူကား၊ ဓားလှံသွားကိုတိုက်လျက်၊ အသိပညာမဲ့သေရကြလိမ့်မည်။ 13 သရော်ပျက်ရယ်စိတ်ရှိသူတို့သည်၊ ရန်ငြိုးထား၍၊ ချည်နှောင်တော်မူခြင်းကိုခံရသောအခါ၊ ဟစ်ခေါ်လေ့မရှိကြ။ 14 ပျိုရွယ်သေးစဉ် ဆုံးပါးလျက်၊ မေထုန်လိုက်စားသူတို့ကဲ့သို့ သေရကြ၏။ 15 ညှဉ်းဆဲခံရသူတို့ကို၊ ညှဉ်းဆဲခံရခြင်းအားဖြင့် ကယ်လွှတ်၍၊ နှိပ်စက်ခံရစဉ်ပင်၊ နားကိုဖွင့်တော်မူ၏။
16 ထိုနည်းတူသင့်ကိုလည်း၊ ကျဉ်းကျပ်ခြင်းခံတွင်းမှ၊ ကျယ်ဝန်းပြန့်ပြောရာသို့ သွေးဆောင်တော်မူ၍၊ စားပွဲတည်သောအစာကိုဆီဥဩဇာနှင့် ပြည့်စေလိုတော်မူသော်လည်း၊ 17 သင်သည် ဆိုးယုတ်သော စီရင်ဆုံးဖြတ်ခြင်းနှင့် ပြည့်သောကြောင့်၊ စီရင်ဆုံးဖြတ်တော်မူခြင်းသည်၊ သင့်ကိုကျော့ဖမ်းလိမ့်မည်။ 18 သင့်ကိုရွေးနုတ်ရန် အဖိုးကြီးလှသည်ဖြစ်၍ လမ်းမလွဲဘဲ၊ သင့်အမျက်လည်း မထီလေးစားရာသို့မသွေးဆောင်စေရန် သတိမူလော့။ 19 ကျဉ်းကျပ်ခြင်းနှင့်ကင်းလွတ်စေရန်၊ သင်၏အော်ဟစ်သံကိုလည်းေကာင်း၊ စည်းစိမ်တန်ခိုးရှိသမျှကိုလည်းေကာင်း၊ အရေးယူတော်မူမည်လော။ 20 ညဉ့်ကိုမတောင့်တလင့်။ လူမျိုးတို့ပယ်ရှားခံရာအခါဖြစ်၏။ 21 သတိမူလော့။ ဒုစရိုက်ကိုမငဲ့ကွက်နှင့်။ ညှဉ်းဆဲခြင်းခံရသည်ထက်၊ ထိုသို့သောအမှုကိုသင်ရွေးချယ်ခဲ့လေပြီ။
22 ကြည့်ပါလော့။ ဘုရားသခင်သည် တန်ခိုးတော်အားဖြင့်မြင့်မြတ်စွာစီရင်တော်မူ၏။ ကိုယ်တော်နှင့်တူသောဆရာကား၊ မည်သူနည်း။ 23 နည်းလမ်းတော်ကိုကိုယ်တော်အား မည်သူပြခဲ့သနည်း။ မတရားပြုတော်မူသည်ဟု မည်သူဆိုအပ်သနည်း။ 24 လူတို့ဖွဲ့ဆိုတတ်သောအမှုတော်ကိုချီးမွမ်းခြင်းငှာ၊ သတိမူလော့။ 25 ထိုအမှုတော်ကို၊ လူရှိသမျှသည် အဝေးကပင်ေမျှာ်ကြည့်၍ရိပ်မိကြ၏။ 26 ဘုရားသခင်သည်ကြီးမြတ်၍၊ ငါတို့မသိမကျွမ်း။ နှစ်ပရိစ္ဆေဒတော်ကိုလည်း စီစစ်၍ မရေတွက်နိုင်။ 27-28 ကိုယ်တော်သည် ရေပေါက်များကို သိမ်းရုံးတော်မူပြီးလျှင်၊ အာကာသကောင်းကင်ဆောင်းတိမ်မှ၊ လူအပေါင်းတို့ အပေါ်သို့ တဖွဲဖွဲစိမ့်ကျရွာစေတော်မူ၏။ 29 ယာယီနန်းတော်ဖြစ်သောမိုးတိမ်ဖြန့်ခြင်း၊ မိုးချုန်းခြင်းများကို၊ နားလည်နိုင်သူရှိသလော။ 30 ရောင်ခြည်တော်ကို ပတ်လည်ဖြာလျက်၊ သမုဒ္ဒရာအောက်ရေနှင့် ဖုံးအုပ်တော်မူ၏။ 31 ထိုသို့အားဖြင့်လူအမျိုးမျိုးကို စီရင်ဆုံးဖြတ်သည့်ပြင်၊ အစားအစာအမြောက်အမြားကို ပေးသနားတော်မူ၏။ 32 လျှပ်စစ်ကို လက်တော်ဖြင့် ကိုင်ရွယ်၍၊ စက်ကွင်းကိုမှန်စေခြင်းငှာ၊ မိန့်မှာတော်မူသည့်အတိုင်း၊ 33 အသံတော်လည်းချီကြွတော်မူသောအရှင့်အကြောင်းကို၊ သားယဉ်သားရဲတို့အား ထင်ရှားစေသတည်း။