37
1 အကယ်စင်စစ်အကျွန်ုပ်နှလုံးသည်၊ ဤအမှုကြောင့်နေရာမှ တုန်လှုပ်လန့်ခုန်တတ်၏။
2 နှုတ်တော်ထွက်တောက်ထွန်းခြိမ်းချုန်းသံများကိုနားထောင်နာခံကြလော့။
3 ကောင်းကင်အောက်တစ်လျှောက်လွှတ်ထား၍၊ မြေကြီးစွန်းတိုင်အောင် လျှပ်စစ်ပြက်တော်မူပြီးလျှင်၊
4 မိုးချုန်း၍၊ ဘုန်းတန်ခိုးအသံဗလံတော်နှင့် ထွက်သောချုန်းသံကိုကြားကြသောအခါ၊ ဆီးတားတော်မမူ။
5 ဘုရားသခင်သည် အသံတော်နှင့်အံ့ဩဖွယ် ခြိမ်းချုန်းသည့်ပြင်၊ ငါတို့မသိနိုင်သောတန်ခိုးကြီးများကို စီရင်တော်မူရာ၊
6 မိုးပွင့်အားလည်းေကာင်း၊ မိုးသေးနှင့် သည်းထံသောမိုးအားလည်းေကာင်း၊ မြေပေါ်သို့ကျလော့ဟု မိန့်မှာတော်မူ၏။
7 ဖန်ဆင်းတော်မူရာခံရသော လူအပေါင်းတို့သိကြစေခြင်းငှာ၊ ရှိသမျှသောသူ၏ လက်မှုကိုပိတ်ထားတော်မူ၍၊
8 သားရဲတို့လည်း၊ မှီအောင်းရာအရပ်များသို့ ဝင်သွားလျက်နားနေရကြ၏။
9 မိုးသက်မုန်တိုင်းသည်မိမိတိုက်ခန်းမှလည်းေကာင်း၊ အချမ်းလည်းလေပြင်းမှလည်းေကာင်း၊ ထွက်လာ၍၊
10 ဘုရားသခင်မှုတ်တော်မူသောလေအားဖြင့်၊ ဆီးနှင်းကျလျက်၊ ရေမျက်နှာပြင်ပင် အခဲဖြစ်လေ၏။
11 ရေဓာတ်ငွေ့ဖြင့်မိုးသားကိုလေးလံစေ၍၊ လျှပ်စစ်ပါသောမိုးတိမ်ကို ဖြန့်တော်မူသည့်ပြင်၊
12-13 ဒဏ်ခတ်ရန်သော်လည်း၊ ချမ်းသာပေးရန်သော်လည်းေကာင်း၊ မြေတော်ကိုပြုစုရန်သော်လည်းေကာင်း၊ လွှတ်လိုက်တော်မူလျှင်၊ ဤလောကမြေကြီးမျက်နှာပြင်တွင်၊ မိန့်တော်မူသမျှကို ပြီးစီးစေခြင်းငှာ၊ ပြဋ္ဌာန်းတော်မူသည့်အတိုင်း၊ လှည့်လည်မှောက်လှန်လေ၏။
14 အချင်းယောဘ၊ ဤစကားကိုနားထောင်၍၊ ဘုရားသခင်၏အံ့ဖွယ်မှုများကို ဆင်ခြင်လျက်နေပါလော့။
15 ထိုအမှုများအပေါ်တွင် ဘုရားသခင်မိန့်မှာ၍၊ မိုးတိမ်မှလျှပ်စစ်ထွန်းတောက်စေတော်မူသည့်နည်းကို သင်သိသလော။
16-17 တောင်လေအားဖြင့်မြေကြီးဆိတ်ငြိမ်သောအခါ၊ အဝတ်နွေးခြင်းကိုခံရသောသင်သည်၊ အသိပညာနှင့်စုံလင်သောအရှင်၏အံ့ဖွယ်သရဲတော် တည်းဟူသော မိုးသားနှင့်ညီညွတ်ခြင်းအမှု ကို၊ နားလည်သလော။
18 သွန်းလှုပ်သောကြေးမုံပြင်နှင့်အမျှ ခိုင်ခံ့သောအာကာသကောင်းကင်ကို၊ ကိုယ်တော်ကြက်သကဲ့သို့ သင်ကြက်နိုင်သလော။
19 မိုက်မဲခြင်းကြောင့်လျှောက်ထားချက်ကို မစီစဉ်တတ်သော အကျွန်ုပ်တို့အား၊ မည်သို့လျှောက်ထားသင့်သည်ကို သွန်သင်ပါလော့။
20 အကျွန်ုပ်သည် ကိုယ်တော့်ထံလျှောက်ထားခွင့်တောင်းဝံ့မည်လော။ လူသည် ကိုယ်ကိုဖျက်ဆီးခြင်းငှာ၊ စီရင်ဘူးသလော။
21 လေတိုက်သဖြင့်၊ ကြည်လင်သော အာကာသကောင်းကင်အလင်းညီးပြောင်ခြင်းကို လူမကြည့်နိုင်ရကား။
22 မြောက်မျက်နှာမှ တိမ်တောက်သည်နှင့်အညီ၊ ကြောက်မက်ဖွယ်ဘုန်းတော်ကို၊ ဘုရားသခင်ဆင်ယင်တော်မူ၏။
23 အကျွန်ုပ်တို့သည် အနန္တတန်ခိုးရှင်ကို ရှာ၍မတွေ့နိုင်ကြ။ ကိုယ်တော်သည် တန်ခိုးကြီးလျက်၊ ကြွယ်ဝသောဖြောင့်မတ်ခြင်းနှင့်စီရင်ဆုံးဖြတ်ခြင်းများကို၊ လွှဲတော်မမူ။
24 သို့ဖြစ်၍၊ လူတို့သည် ကိုယ်တော်ကိုကြောက်ရကြ၏။ ဉာဏ်ပညာချွန်သူတို့ကိုပင် ထောက်ထားတော်မမူဟု မြွက်ဆိုလေ၏။