35
1 ထို့နောက်၊ ဧလိဟု ထပ်မံမြွက်ဆိုပြန်ကား၊
2 -3 သင်က၊ ငါမပြစ်မှားသော်လည်း၊ ငါ၌မည်သို့အကျိုးရှိသနည်း။ ကိုယ်တော်၌လည်း မည်သည့်အသုံးကျသနည်းဟု ပြောဆိုရာမှာ၊ ထိုက်သင့်ရာဖြစ်သည်။ ဘုရားသခင် ရှေ့တော်တွင် ဖြောင့်မတ်ရာအကြောင်းဖြစ်သည်ဟု ထင်မှတ်၍ သင်ပြောသလော။
4 အကျွန်ုပ်သည်၊ သင်နှင့်တကွ အပေါင်းအဖော်တို့အား၊ ပြန်ပြောပါမည်။
5 မိုးကောင်းကင်ကိုရှုမြင်၍၊ သင့်အပေါ်က မြင့်ဝေးသောအာကာသကိုလည်း မော်ကြည့်ပါလော့။
6 သင်ပြစ်မှားလျှင်၊ ကိုယ်တော်၌ မည်သည့်အကျိုးယုတ်သနည်း။ လွန်ကျူးမှုများပြားသော်၊ မည်သည့်အန္တရာယ်ဖြစ်စေနိုင်သနည်း။
7 ဖြောင့်မတ်လျှင်မူကား၊ မည်သည့်ပဏ္ဏာ၊ မည်သည့်လက်ဆောင်ကိုရတော်မူသနည်း။
8 သင့်မတရားမှုသည် အလားတူသူနှင့်လည်းေကာင်း၊ တရားမှုလည်း လူသားနှင့်လည်းေကာင်း၊ ဆိုင်၏။
9 ညှဉ်းပန်းမှုများပြားသည့်အတွက်နှင့်၊ အစွမ်းတန်ခိုးရှိသူတို့လက်ရုံးအတွက်၊ လူတို့တအော်ဟစ်ကြွေးရကြသော်လည်း၊
10-11 မည်သူကမျှ၊ ငါတို့ကိုဖန်ဆင်းလျက်၊ မြေသတ္တဝါလေသတ္တဝါများထက်၊ ငါတို့အား သွန်သင်၍၊ ဉာဏ်ကိုပေးသနားသည့်ပြင်၊ ညဉ့်အခါဥဒါန်းကျူးရင့်စေတော်မူသော ဘုရားသခင်သည်၊ အဘယ်မှာရှိတော်မူသနည်းဟု မေးလေ့မရှိချေ။
12 လူဆိုးတို့၏မာန်မာနကြောင့် ဟစ်ခေါ်ရကြသော်လည်း၊ ထူးတော်မမူ။
13 အနန္တတန်ခိုးရှင်ဘုရားသခင်သည်၊ အချည်းနှီးဟစ်သံကိုနားညောင်း၍ အာရုံပြုတော်မမူသည်မှန်လျှင်၊
14 ကိုယ်တော်အား ပမာဏမပြုဟု ဝန်ခံစဉ်၊ သင့်ကိုမုချအာရုံပြုတော်မမူ။ သို့ရာတွင် ဆိုင်းလင့်ပါဦး။ သင့်အမှုသည် ရှေ့တော်တွင်ရှိ၏။
15 ယခုမူကား၊ အမျက်ထား၍ ကြွရောက်တော်မမူ၊ မောက်မာခြင်းကိုလည်း အရေးယူတော်မမူသောကြောင့်၊
16 ယောဘသည် အချည်းနှီးနှုတ်မြွက်၍၊ အသိပညာမဲ့စကားကို များစွာပြောသည်ဟု မြွက်ဆိုလေ၏။