32
1 ထိုသို့ကိုယ်ဖြောင့်မတ်သည်ဟု ယောဘထင်မြင်သောကြောင့်၊ သုံးဦးသားတို့မတုံ့ပြန်ဘဲနေကြရာ၊
2 ဗုဇအမျိုး၊ ရာမအနွယ်၊ ဗာရခေလ၏ သားဧလိဟုသည် ဒေါသမီးလောင်လျက်၊ ဘုရားသခင်ထက်ကိုယ်ဖြောင့်မတ်သည်ဟူသောစကားကြောင့်၊ ယောဘအပေါ်တွင် အမျက်ထွက်သည့်ပြင်၊
3 ယောဘအားအပြစ်ဖော်ပြရန် ချေပချက်ကို၊ အဆွေခင်ပွန်းသုံးဦးတို့မတွေ့ကြသည့်အတွက်၊ ၎င်းတို့ကိုလည်း အမျက်ထွက်သေး၏။
4 ထိုသူတို့သည် ဧလိဟုထက်အသက်ကြီးသည်နှင့်အညီ၊ ယောဘအားပြောခွင့်ရရန် ဧလိဟု ဆိုင်းလင့်သော်လည်း၊
5 ၎င်းသုံးဦးတို့နှုတ်တွင်ချေပလျက်မရှိသည်ကို သိမြင်သောကြောင့်၊ အမျက်ထွက်လေ၏။
6 ထိုအခါဗုဇအမျိုး၊ ဗာရခေလ၏သား ဧလိဟု တုံ့ပြန်မြွက်ဆိုသည်ကား၊ အကျွန်ုပ်သည် အသက်ငယ်ပါ၏။ သင်တို့မူကားအိုမင်းကြ၏။ ထို့ကြောင့်၊ အကျွန်ုပ်အားနာ၍၊ သဘောရှိတိုင်းသင်တို့အားမဖော်ပြဝံ့ချေ။
7 နေ့ရက်တာရှည်သူပြောဆိုသင့်၏။ နှစ်ပေါင်းများစွာရှိသူသည်၊ ပညာစကားကို သိစေအပ်သည်ဟု၊ အကျွန်ုပ်အောက်မေ့သော်လည်း၊
8 လူ၌ဝိညာဉ်တော်ရှိ၏။ အနန္တတန်ခိုးရှင်၏ဇီဝအသက်လည်း၊ နားလည်စေသတည်း။
9 ပညာရှိသောသူတို့မှ၊ အသက်ကြီးသူများမဟုတ်။ တရားဆုံးဖြတ်ခြင်းကိုနားလည်သောသူတို့ကား၊ လူကြီးများမဟုတ်ချေ။
10 သို့ဖြစ်၍ အကျွန်ုပ်သည်၊ သဘောရှိတိုင်းဖော်ပြပါမည်။ နားထောင်ပါလော့ဟုအကျွန်ုပ်ဆိုရ၏။
11 ကြည့်ပါလော့။ သင်တို့စကားကို အကျွန်ုပ်စောင့်စား၏။ မည်သို့ပြောဆိုမည်ကိုရှာဖွေကြစဉ်လည်း အချက်ကြီးအချက်ကောင်းကို နားစွင့်လျက်နေ၏။
12 ထိုသို့နားထောင်သော်လည်း၊ သင်တို့အနက်ယောဘ၏စကားကို တုံ့ပြန်ထုချေနိုင်သူမရှိလေစွတကား။
13 ပညာရှင်ကိုငါတို့တွေ့ပြီ။ လူချင်းမနိုင်၊ ဘုရားသခင်သာလျှင်၊ နိုင်တော်မူမည်ဟုမပြောကြနှင့်။
14 သူသည် အကျွန်ုပ်တဘက်၌ ပြောဆိုရန်စီစဉ်၍ မထားသေး၊ အကျွန်ုပ်လည်း သင်တို့စကားအတိုင်းပြန်ပြောမည်မဟုတ်။
15 ထိုသူတို့သည် ကြောက်လန့်သဖြင့်၊ စကားဖြတ်၍ ဆက်လက်မတုံ့ပြန်နိုင်။
16 ထိုသို့မတုံ့ပြန်မပြောဆိုဘဲနေကြသည့်နည်းတူ၊ အကျွန်ုပ်လည်းဆိုင်းလင့်ရဦးမည်လော။
17 အကျွန်ုပ်တာဝန်အတိုင်းတုံ့ပြန်၍၊ သဘောကိုဖော်ပြပါမည်။
18 အကျွန်ုပ်သည် စကားများနှင့်ပြည့်လျက်၊ အတွင်းစိတ်ကကျပ်တည်းစွာနှိုးဆော်လှလေပြီ။
19 ဝမ်းလည်း၊ ပေါက်ထွက်ရန်မရှိသောစပျစ်ရည်နှင့်တူလျက်၊ သားရေဘူးသစ်ကဲ့သိုပေါက်ကွဲအံ့သည်ကိုစိုးရိမ်၍၊
20 လွတ်ငြိမ်းစေရန်နှုတ်ဖွင့်လျက် တုံ့ပြန်ပြောဆိုလိမ့်မည်။
21 လူ့မျက်နှာကိုအကျွန်ုပ်မထောက်ပါရစေနှင့်။ မည်သူ့ဘွဲ့နာမကိုမျှ အကျွန်ုပ်သုံးမည်မဟုတ်။
22 ထိုသို့သုံးရန်လည်းနားမလည်။ သုံးမိလျှင် အကျွန်ုပ်ကို ဖန်ဆင်းသောအရှင်သည်၊ မကြာမီသိမ်းသွားတော်မူလိမ့်သတည်း။