33
သို့ဖြစ်၍ အချင်းယောဘ၊ အကျွန်ုပ်ပြောဆိုသမျှသောစကားများကို နားထောင်နာခံပါလော့။ အကျွန်ုပ်သည် နှုတ်မြွက်၍၊ ခံတွင်း၌လျှာဖြင့်ပြောဆိုပြီ။ အကျွန်ုပ်စကားများသည်၊ ဖြောင့်မှန်သောစိတ်သဘောနှင့်ယှဉ်လျက်၊ တတ်သိသမျှကို ရိုးသားစွာနှုတ်မြွက်လိမ့်မည်။ ဘုရားသခင်၏ ဝိညာဉ်တော်သည်၊ အကျွန်ုပ်ကိုဖန်ဆင်း၍၊ အနန္တတန်ခိုးရှင်၏ ဇီဝအသက်သည် ရှင်စေတော်မူ၏။ သင်တတ်နိုင်လျှင်၊ အကျွန်ုပ် ရှေ့ရပ်နေလျက်၊ စီစဉ်၍ တုံ့ပြန်လော့။ အကျွန်ုပ်သည် ဘုရားသခင်ရှေ့တော်တွင် သင်နှင့်တူ၏။ နှစ်ဦးစလုံးပင် မြေမှနုတ်ယူရာဖြစ်၏။ အကျွန်ုပ်၏ဘေးသည် သင့်ကိုမချောက်။ နှိပ်စက်ခြင်းလည်း သင့်အပေါ်တွင်မလေး။
8-11 အကယ်စင်စစ်၊ အကျွန်ုပ်ရှေ့တွင် သင်ပြောဆိုသည်မှာ၊ ငါသည် ဒုစရိုက်လွန်ကျူးမှုမပြုဘဲ၊ သန့်ရှင်းစင်ကြယ်လျက်နှင့်၊ ကိုယ်တော်သည် ဆန့်ကျင်ချက်ရှာ၍၊ ငါ့ကို ရန်သူသဖွယ်ထင်မှတ်တော်မူသဖြင့်၊ ခြေထိတ်ခတ်၍ သွားလေရာရာစောင့်ကြည့်တော်မူသည်ဟူသော ပြောဆိုသံကို အကျွန်ုပ်ကြားခဲ့ပြီ။ 12 ထိုသို့ဆိုရာ၌ သင်မဖြောင့်မမှန်။ ဘုရားသခင်သည် လူထက်ကြီးမြတ်တော်မူကြောင်းကို၊ အကျွန်ုပ်တုံ့ပြန်ပါမည်။ 13 အမှုအရာတော်များနှင့် စပ်လျဉ်း၍ ဖော်ပြတော်မမူသည့်အတွက်၊ အဘယ့်ကြောင့်ဘက်ပြိုင်သနည်း။ 14 လူသတိမမူသော်လည်း၊ ဘုရားသခင်သည် တစ်နည်းမက၊ နှစ်နည်းအားဖြင့် ဗျာဒိတ်ပေးတော်မူ၏။ 15 အိပ်ရာပေါ်တွင် လူတို့ငိုက်မျဉ်းလျက်၊ အိပ်မောကျရာညဉ့်အခါ။ ရူပါရုံအိမ်မက်၌၊ 16 သူတို့၏နားများကိုဖွင့်ပြီးလျှင်၊ သွန်သင်ဆုံးမချက်ကို တံဆိပ်ခတ်ပိတ်တော်မူ၏။ 17 သို့ပြု၍ သူတို့ကို အကျင့်အကြံမှ လွှဲဖယ်လျက်၊ မာန်မာနကို ကွယ်ဝှက်တော်မူသည့်ပြင်၊ 18 သင်္ချိုင်းတွင်းသို့ မရောက်စေခြင်းငှာလည်းေကာင်း၊ ဓားလှံသွားကို မတိုက်စေခြင်းငှာလည်းေကာင်း၊ သက်ဇီဝကို ထိန်းသိမ်းတော်မူ၏။
19-20 လူသည် အိပ်ရာပေါ်တွင် နာကျင်စွာခံရ၍၊ ထမင်းစသော နှစ်သက်ဖွယ်အာဟာရကိုစက်ဆုပ်သည့်တိုင်အောင်၊ အရိုးစုကိုက်ခဲခြင်းအားဖြင့်၊ အဆုံးအမခံရ၏။ 21 မမြင်ရသည့်တိုင်အောင် အသားကုန်ခန်း၍၊ မထင်ရှားသော အရိုးများသည် ပေါ်၏။ 22 သူ့ဇီဝအသက်လည်း၊ သင်္ချိုင်းတွင်းနှင့် သေမင်းအာဏာသားတို့ထံချဉ်းကပ်လျက်ရှိ၏။ 23 လူအားထိုက်သင့်ရာကိုဖော်ပြစေခြင်းငှာ၊ တစ်ထောင်တွင် ဧကဒဂ်ရအနက်ပြန်သောတမန်တော်တစ်ပါးရှိက၊ 24 သင်္ချိုင်းတွင်းသို့မဆင်းရစေခြင်းငှာ၊ ထိုသူ့ကို ကယ်တော်မူပါ။ အကျွန်ုပ်သည် ရွေးနုတ်ရာအကြောင်းကိုတွေ့ခဲ့ပြီဟု၊ သနား၍ လျှောက်ဆိုလျှင်၊ 25 ထိုသူ၏အသားအရေသည်၊ သူငယ်ထက်နုဖတ်၍၊ ပျိုရွယ်သောနေ့ရက်၌ကဲ့သို့ဖြစ်ပြန်လိမ့်မည်။ 26 ထိုသူသည် ဘုရားသခင်ထံတောင်းပန်သဖြင့်၊ နှစ်သက်တော်မူသည့်အတိုင်း၊ လူအားဖြောင့်မတ်သောသဘောကိုပြန်ပေးတော်မူတတ်သည်နှင့်အညီ၊ မျက်နှာတော်ကို ရွှင်လန်းစွာဖူးမြင်လျက်၊ ကြွေးကြော်ရသည်မှာ၊ 27-28 အကျွန်ုပ်ပြစ်မှား၍ တရားလွဲသော်လည်း၊ ဆပ်ပေးတော်မမူ။ သင်္ချိုင်းတွင်းသို့မဆင်းစေဘဲ၊ အကျွန်ုပ်အသက်ကို ရွေးနုတ်တော်မူသောကြောင့်၊ နေရောင်အလင်းကို မြင်ရဦးမည်ဟု၊ လူတို့ရှေ့တွင်ကျူးဧလေ၏။ 29-30 ထိုအရာရှိသမျှကို ဘုရားသခင်စီရင်တော်မူသည်မှာ၊ သင်္ချိုင်းတွင်းမှ အသက်ကိုနုတ်ပြန်တော်မူ၍၊ သဇီဝအလင်းနှင့်ထွန်းပေါ်စေခြင်းငှာ၊ နှစ်ကြိမ်၊ မုချအားဖြင့် သုံးကြိမ်မြောက်ပင်လူ၌ပြုတော်မူ၏။ 31 အချင်းယောဘ၊ အကျွန်ုပ်စကားကို နားထောင်နာယူ၍ တိတ်ဆိတ်စွာနေလော့။ အကျွန်ုပ်ပြောဦးမည်။ 32 သင်ဖြောင့်မတ်သည်ဟု အကျွန်ုပ်မှတ်လိုသောကြောင့်၊ ပြောဆိုရန်ရှိခဲ့လျင် တုံ့ပြန်ပြောပါဦးလော့။ 33 မရှိလျှင်မူကား၊ တိတ်ဆိတ်စွာနေလျက် နားထောင်ပါ။ ပညာကို အကျွန်ုပ်ဆိုပါမည်ဟု မြွက်ဆို၏။