66
ထာဝရဘုရားမိန့်တော်မူသည်မှာ၊ မိုးကောင်းကင်သည်ငါ့ပလ္လင်၊ မြေကြီးသည်ငါ့ခြေတင်ရာဖြစ်သည်နှင့်၊ မည်သို့သောဗိမာန်ကိုငါ့အဖို့တည်ဆောက်ကြမည်နည်း။ မည်သို့သောနေရာ၌ ငါကိန်းဝပ်ရာကိုဖြစ်စေကြမည်နည်း။ ငါထာဝရဘုရားအမိန့်အတိုင်း ဤအရာခပ်သိမ်းသည်၊ ငါ့လက်ဖြင့်ဖန်ဆင်းသည့်အလျောက်ဖြစ်ပွားလေပြီ။ ငါထောက်ထားမည့်သူကား ငါ၏ဗျာဒိတ်တော်ကြောင့်တုန်လှုပ်၍၊ စိတ်ကြေကွဲလျက် ဆင်းရဲသူပင်တည်း။ 3-4 နွားကိုစီရင်သောသူသည်၊ လူကိုသတ်ခြင်း၊ သိုးကိုယဇ်ပူဇော်သောသူသည်၊ ခွေးလည်ကိုချိုးခြင်း၊ ဘောဇဉ်သက္ကာကိုဆက်ကပ်သောသူသည်၊ ဝက်သွေးကိုဆက်ကပ် ခြင်း၊ လောဗန်ကိုမီးရှို့သောသူသည်၊ ရုပ်တုကိုရှိခိုးခြင်းပြုသေးလေစွ။ ထိုသို့သောသူတို့သည် ငါခေါ်သောအခါမထူး၊ မိန့်ဆိုသောအခါနားမထောင်ဘဲလျက်၊ မျက်မှောက်တော်တွင် မကောင်းသောအကျင့်ကိုကျင့်၍၊ ငါမနှစ်သက်ရာကိုရွေးချယ်ကြသောကြောင့်၊ ကိုယ့်နည်းလမ်းများကိုရွေးချယ်လျက်၊ ရွံရှာဘွယ်များ၌ မွေ့လျော်ကြသည့်နည်းတူ ငါလည်း၊ သူတို့ အဖို့ထင်မြင်ရာများကိုရွေးချယ်လျက်၊ ကြောက်လန့်သောဘေးများကိုလည်းသင့်ရောက်စေမည်ဟုမိန့်တော်မူ၏။
ထာဝရဘုရား၏ဗျာဒိတ်တော်ကြောင့် တုန်လှုပ်သောသင်တို့၊ ဗျာဒိတ်တော်ကိုနားထောင်ကြဦးလော့။ သင်တို့ကိုမုန်းထား၍ ငါ့နာမကြောင့် နှင်ထုတ်သောဆွေမျိုးသားချင်းတို့က၊ ထာဝရဘုရားဘုန်းတော်ထင်ရှားလျက်၊ ချင်းတို့ဝမ်းမြောက်ခြင်းကို ငါတို့မြင်ရကြပါစေဟု ကဲ့ရဲ့တတ်သော်လည်း၊ အရှက်ကွဲရကြလတ္တံ့။ မြို့တွင်အုတ်အုတ်သဲသဲသံ၊ ဗိမာန်တော်တွင်သည်းစွာသောအသံ၊ ရန်သူတော်တို့အားလက်စားချေခြင်းကိုဆပ်ပေးတော်မူသောထာဝရဘုရား၏ဟုန်းသံပါတကား။ ဇိအုန်မြို့သည် ဝေဒနာမခံမီမျက်နှာမြင်ခွင့်၊ ဝေဒနာမခံစားမီသားယောက်ျားဖွားခွင့်ရလေပြီ။ ထိုသို့သောအရာကိုမည်သူကြားဖူးသနည်း။ ထိုသို့သောအရာများကိုမည်သူမြင်ဖူးသနည်း။ တိုင်းနိုင်ငံလုံးကို နေ့ချင်းဖွားမည်လော။ လူမျိုးလုံးကိုတစ်ပြိုင်တည်းဖွား မည်လော။ ဇိအုန်မြို့မူကားဝေဒနာခံလျှင်ခံချင်း၊ သားများကိုဖွားမြင်လေ၏။ ငါသည်ဖွားချိန်ကိုစီရင်ပြီးမှ၊ မဖွားစေဘဲနေမည်လောဟု၊ ထာဝရဘုရားအမေးတော်ရှိ၏။ သားဖွားစေသောငါသည်၊ မဖွားနိုင်အောင်ကန့်ကွက်မည်လောဟု၊ သင်၏ ဘုရားသခင့်အမေးတော်ရှိ၏။
10-11 ယေရုရှလင်မြို့ကိုစုံမက်သူရှိသမျှတို့၊ ၎င်းမြို့နှင့်အတူဝမ်းမြောက်ခြင်း၊ ၎င်းမြို့ကြောင့်ရွှင်လန်းခြင်းရှိကြလော့။ ယေရုရှလင်မြို့အတွက်ညည်းတွားသူရှိသမျှတို့၊ ထိုမြို့၏ နှစ်သိမ့်ခြင်းသားမြတ်ကိုစို့၍ ရောင့်ရဲခွင့်၊ စည်းစိမ်ခံစားခြင်းရင်နို့သောက်၍၊ မွေ့လျော်ခွင့်ရကြရန် ထိုမြို့နှင့်အတူအားရရွှင်လန်းကြလော့။ 12 အသို့ဆိုသော် ထာဝရဘုရားမိန့်တော်မူသည်ကား၊ ချောင်းသဖွယ်ချမ်းသာကိုလည်း‌ေကာင်း၊ ပြည့်လျှံသောမြစ်သဖွယ်လူမျိုးခြားတို့၏စည်းစိမ်ကိုလည်း‌ေကာင်း၊ ယေရုရှလင်မြို့ရောက် ငါစီးသွယ်စေသဖြင့်၊ သင်တို့သည် နို့သက်ခံလျက်ခါးထစ်ချီခြင်း၊ ပေါင်ပေါ်တွင်မွေးမြူခြင်းကိုခံရကြလိမ့်မည်။ 13 အမိသည် သားကိုနှစ်သိမ့်စေသည့်နည်းတူ၊ သင်တို့ကိုငါနှစ်သိမ့်စေသဖြင့်၊ ယေရုရှလင်မြို့တွင်း၌ပင်နှစ်သိမ့်ခွင့်ရကြလတ္တံ့ဟု မိန့်တော်မူ၏။ 14 ထိုသို့တွေ့မြင်သည့်ကာလ၊ သင်တို့သည် နှလုံးကြည်လျက်၊ ပျိုးပင်ကဲ့သို့အရိုးသန်မာလျက်၊ နေကြလိမ့်မည်။ ထာဝရဘုရား၏လက်ရုံးတော်သည်၊ ကိုယ်တော်၏ကျွန်တို့အားထင်ရှား၍၊ ရန်သူတော်တို့အပေါ်တွင်အမျက်တော်ပွားလိမ့်မည်။ 15 ထာဝရဘုရားသည် ဒေါသအရှိန်အားဖြင့် အမျက်တော်ကိုလည်း‌ေကာင်း၊ မီးလျှံအားဖြင့် အဆုံးအမတော်ကိုလည်း‌ေကာင်း၊ စီရင်ခြင်းငှာ၊ လေဗွေသဖွယ်စစ်ရထားတော်များပါ၊ မီးရှိန်နှင့်တကွကြွလာတော်မူလိမ့်မည်။ 16 ထာဝရဘုရားသည် မီးနှင့်လည်း‌ေကာင်း၊ ဓားတော်နှင့်လည်း‌ေကာင်း၊ လူသတ္တဝါအပေါင်းတို့ကိုတရားတွေ့သဖြင့်၊ ကွပ်မျက်တော်မူသောသူတို့ကားများပြားကြလိမ့်မည်။ 17 ထာဝရဘုရားက၊ ဝက်ကြွက်မှစ၍၊ စက်ဆုပ်ဖွယ်အသားကိုစားလျက်၊ အလယ်တွင်ရပ်သူအလိုက်၊ မြို့မဝင်မီကိုယ်ကိုသီးသန့်စင်ကြယ်စေသောသူတို့၏အပြုအကျင့် အကြံအစည်များသည်၊ တစ်ပြိုင်နက်ကုန်ဆုံးပျက်စီးလိမ့်မည်ဟုမိန့်တော်မူ၏။
18 ငါသည် ဘာသာစကားအမျိုးမျိုးပြောဆိုသောလူမျိုးဟူသရွေ့တို့ကိုစုရုံးရန်ကြွလာသဖြင့်၊ သူတို့ဝင်ရောက်၍၊ ဘုန်းတော်ကိုဖူးမြင်ရကြလိမ့်မည်။ 19 ထိုသူတို့ရှေ့နိမိတ်တန်ခိုးပြပြီးနောက်၊ ငါ့သတင်းကိုမကြား၊ ဘုန်းတော်ကိုလည်းမဖူးဘူးသောအဝေးရှိကျွန်းကြီးကျွန်းငယ်နှင့်တကွ၊ တာရှုအမျိုး၊ တုဗလအမျိုး၊ ဂရိတ် အမျိုး၊ လေးတတ်သောပုလနှင့်လုဒအမျိုးတည်းဟူသောလူမျိုးခြားတို့ထံ၊ ဘေးဒဏ်လွတ်သူတို့ကို ငါစေလွှတ်သည်နှင့်၊ လူအမျိုးမျိုးတို့အားဘုန်းတော်ကိုကြေငြာကြပြီးလျှင်၊ 20 ဣသရေလအမျိုးသားတို့သည် သန့်စင်သောဖလား၌ ဘောဇဉ်သက္ကာကိုထည့်၍၊ ဗိမာန်တော်ကိုဆောင်သွင်းသည့်နည်းတူ၊ ထိုလူမျိုးခြားခပ်သိမ်းတို့လည်း၊ သင်တို့ ဆွေမျိုးသားချင်းရှိသမျှကို မြင်း၊ လား၊ ကုလားအုပ်မှစ၍၊ ရထား၊ ယဉ်များပေါ်တွင်ထိုင်လျက်၊ ငါထာဝရဘုရားထံဘောဇဉ်သက္ကာအဖြစ်၊ သန့်ရှင်းသောယေရုရှလင်တောင်တော်သို့ဆောင်သွင်းကြလိမ့်မည်ဟု ထာဝရဘုရားမိန့်တော်မူ၏။ 21 ထိုသူတို့အနက်လည်း၊ ပရောဟိတ်အဖြစ်၊ လေဝိဂိုဏ်းသားအဖြစ်၊ ငါရွေးချယ်မည်ဟု၊ ထာဝရဘုရားမိန့်တော်မူ၏။ 22 ငါဖန်ဆင်းလတ္တံ့သောမိုးမြေသစ်သည်၊ မျက်မှောက်တော်တွင်တည်မြဲအံ့သည့်နည်းတူ၊ သင်တို့၏အမျိုးအနွယ်နှင့်အမည်ပါတည်မြဲလိမ့်မည်ဟု၊ ထာဝရဘုရား မိန့်တော်မူ၏။ 23 ၎င်းပြင်၊ လူသတ္တဝါအပေါင်းတို့သည်၊ လဆန်းနေ့၊ ဥပုသ်နေ့အစဉ်အတိုင်း၊ ငါ့ရှေ့တွင်ပျပ်ဝပ်ရှိခိုးရန်လာရောက်ကြလိမ့်မည်။ 24 ငါ့အားလွန်ကျူးသည့်အတွက်၊ ပိုးမသေ၊ မီးမငြိမ်း၍၊ လူသတ္တဝါတို့ရွံ့ရှာဖွယ်ဖြစ်သောအလောင်းများကို ထိုသူတို့ထွက်သွား၍မြင်ရကြလတ္တံ့ဟု၊ ထာဝရဘုရားမိန့်တော်မူသတည်း။