64
1-2 ရန်သူတော်တို့သည်နာမတော်ကိုသိရ၍၊ လူမျိုးခြားတို့လည်းမျက်မှောက်တော်တွင် တုန်လှုပ်ကြစေခြင်းငှာ၊ စွဲလောင်သောထင်းမီးဖြင့်ရေဆူပွက်သည့်နည်းတူ မိုးကောင်းကင်ကိုဖွင့်လှစ်ပြီးလျှင် ဆင်းသက်၍၊ မျက်မှောက်တော်တွင် တောင်များလှုပ်ရှားပါစေသော။
3 အကျွန်ုပ်တို့မစောင့်မမြော်ကြသော ကြောက်မက်ဖွယ်ရာများကိုစီရင်သည့်ကာလ၊ ကိုယ်တော်ဆင်းသက်စဉ်၊ မျက်မှောက်တော်တွင် တောင်များလှုပ်ရှားပါ၏။
4 ကိုယ်တော်ကိုစောင့်စားသူတို့အား၊ ကိုယ်တော်မှတစ်ပါး၊ ကျေးဇူးပြုတော်မူသောဘုရားကို၊ ရှေးကာလကပင် မည်သူမျှမကြားမသိဘူးပါ။ နားဖြင့်မကြား၊ မျက်စိဖြင့်လည်းမမြင်ဘူးပါ။
5 နည်းလမ်းတော်များ၌ ကိုယ်တော်ကိုသတိရလျက်၊ ဖြောင့်မတ်သောအကျင့်ကို ရွှင်လန်းစွာပြုကျင့်သူတို့အားစိတ်နှင့်တွေ့တော်မူ၏။ အမျက်ထားတော်မူသော် အပြစ် ဒုစရိုက်ပြုမြဲပြုသောအကျွန်ုပ်တို့သည်၊ ကယ်တင်ခြင်းသို့ရောက်ကြပါမည်လော။
6 အကျွန်ုပ်တို့ရှိသမျှသည် မသန့်ရာသို့ရောက်လျက်၊ ခပ်သိမ်းသောကောင်းမှုများလည်း ညစ်ပေသောအဝတ်နှင့်တူ၏။ အကျွန်ုပ်တို့ရှိသမျှသည် သစ်ရွက်ကဲ့သို့ညှိုးနွမ်းလျက်၊ ကိုယ့်ပြစ်မှုများပင်၊ လေကဲ့သို့တိုက်သွားတတ်၏။
7 မျက်နှာတော်လွှဲလျက် ဒုစရိုက်တန်ခိုးလက်အောက်သို့၊ အကျွန်ုပ်တို့ကိုအပ်လိုက်တော်မူပြီးဖြစ်၍၊ နာမတော်အားပဌနာပြုသူ၊ ကိုယ်တော်၌မှီဝဲရန်စိတ်ကိုဆော်သူတစ်ဦးမျှမရှိချေ။
8 သို့ရာတွင် အိုထာဝရဘုရား၊ ကိုယ်တော်သည်အကျွန်ုပ်တို့အဖဖြစ်တော်မူပါ၏။ အကျွန်ုပ်တို့သည်မြေစေး၊ ကိုယ်တော်ကားအိုးထိန်းဖြစ်သည်နှင့်အညီ၊ အကျွန်ုပ်တို့ရှိသမျှ၊ လက်မှုတော်ဖြစ်ကြပါ၏။
9 အိုထာဝရဘုရား၊ ပြင်းစွာအမျက်ထားတော်မမူပါနှင့်။ ဒုစရိုက်ကိုလည်း အစဉ်မှတ်တော်မမူပါနှင့်။ အကျွန်ုပ်တို့ရှိသမျှ၊ လူမျိုးတော်ဖြစ်ကြောင်းကိုထောက်ရှုတော်မူပါ။
10 ဇိအုန်မြို့မှစ၍ သန့်ရှင်းသောမြို့များသည် တောဖြစ်သည့်ပြင်၊ ယေရုရှလင်မြို့လည်း ဆိတ်ညံရာဖြစ်လေပြီ။
11 ဘိုးဘေးတို့ထောမနာပြုရာသန့်ရှင်းတင့်တယ်သော၊အကျွန်ုပ်တို့ဗိမာန်သည်၊ မီးကျွမ်းလောင်သည့်ပြင်၊ နှစ်သက်ဖွယ်အရပ်ရှိသမျှလည်း၊ မြို့ဆိုးကုန်းဖြစ်ရှာလေစွ။
12 အိုထာဝရဘုရား၊ ဤအဖြစ်အပျက်များကိုသည်းခံတော်မူဦးမည်လော။ အကျွန်ုပ်တို့ကိုအပြင်းအထန်ညှဉ်းဆဲလျက်၊ တိတ်ဆိတ်စွာနေတော်မူဦးမည်လော။