48
1-2 သစ္စာနှင့်ဟုတ်မှန်ခြင်းကင်းလျက်၊ ဣသရေလလူမျိုး၏ဘုရားသခင်ကိုထောမနာပြု၍၊ ထာဝရဘုရား၏နာမတော်ကိုတိုင်တည်လျက် သစ္စာဆိုသူ၊ ယုဒအမျိုးစမ်းရေမှ ပေါက်၍၊ ဣသရေလဟုသမုတ်ခြင်းခံသူ၊ အိုယာကုပ်အမျိုးသားတို့၊ သန့်ရှင်းသောမြို့သူမြို့သားဟု ကိုယ်ကိုသမုတ်လျက်၊ ဗိုလ်ခြေတို့အရှင်ထာဝရဘုရားနာမတော်ရှိသောဣသရေ လလူမျိုး၏ဘုရားသခင်ကိုတံကဲပြုသည့်အလျောက်၊ ဤစကားကိုနားထောင်ကြလော့။ အတိတ်အဖြစ်အပျက်များကို၊ ယမန်ကပင်ငါနှုတ်မြွက်ဖော်ပြကြားပြောနှင့်သည့်အလျောက်၊ ငါပြုလျှင် ပြုချင်းဖြစ်ပွားခဲ့ပြီတကား။ သင်သည် သံလည်ကုပ်၊ ကြေးနဖူးရှိ၍၊ ခဲယဉ်းသည်ကိုငါသိသောကြောင့်၊ ကိုယ့်ရုပ်ပွားဆင်းတုဘုရားစီမံပြုလုပ်ပြီဟု၊ သင်ဆိုခွင့်မရစေရန်၊ မဖြစ်ပျက်မီ၊ ယမန်ကပင်၊ ငါကြားပြောဖော်ပြလေပြီ။ ထိုဖြစ်ပျက်သမျှကိုအာရုံပြုလော့။ ကြားနာခဲ့သောသင်တို့သည် ဝန်မခံဘဲနေကြမည်လော။ ယခုမှစ၍ သစ်သောအရာ၊ သင်မသိသေးသောကွယ်ဝှက်ရာများကိုငါကြား ပြောဦးမည်။ ယမန်ကမဟုတ်၊ ယခုပင်စီမံ၏။ သိနှင့်ပြီဟု သင်မဆိုရစေရန်၊ ယနေ့မတိုင်မီကြားခွင့်မရချေ။ သင်သည်ဝမ်းတွင်းကပင် လွန်ကျူးသူဟုအခေါ်ခံရ၍၊ သစ္စာပျက်တတ်သည်ကိုငါသိသည့်အလျောက်၊ နားမပွင့်ဘဲ၊ ကြားလည်းမကြား၊ သိလည်းမသိ၊ ကြာမြင့်စွာသင်နေခဲ့၏။ သို့ရာတွင် နာမတော်နှင့်ဂုဏ်တော်ကြောင့်သာ၊ အမျက်တော်ကိုချုပ်တည်းလျက် နှောင့်နှေးစေသဖြင့်၊ သင့်ကိုပယ်ဖျက်သည်မဟုတ်။ 10 ငါသည် သင့်ကိုစစ်ဆေးခဲ့ပြီ။ ငွေနည်းတူမဟုတ်။ ဒုက္ခတည်းဟူသော မိုက်တွင်ချစမ်းခဲ့ပြီ။ 11 နာမတော်သည်ရှုတ်ချခံခဲ့ရသော်လည်း၊ ကိုယ့်အတွက်သာငါစီရင်လိမ့်မည်။ ငါ့ဘုန်းတော်ကိုသူတစ်ထူးအားလွှဲအပ်မည်မဟုတ်။
12 အိုယာကုပ်၊ ငါခေါ်သူဣသရေလ၊ နာခံလော့။ ငါသာလျှင်ငါဖြစ်၏။ ငါသည် အာဒိကဖြစ်၏။ အန္တိမလည်းဖြစ်၏။ 13 ငါသည် လက်တော်ဖြင့်မြေပထဝီကိုတည်ထောင်လေပြီ။ ညာလက်တော်ဖြင့် မိုးကောင်းကင်ကိုကြက်လေပြီ။ မိန့်တော်မူကာမျှဖြင့် တစ်ပြိုင်နက်တည်ရ၏။ 14 သင်တို့ရှိသမျှစုရုံး၍နာခံကြလော့။ ဤအကြောင်းအရာများကိုေဖာ်ပြနှင့်သည်ကား အဘယ်ရုပ်တုနည်း။ ထာဝရဘုရားနှစ်သက်တော်မူသောသူသည် ဗာဗုလုန်မြို့တွင် ခါလဒဲလူတို့၌အလိုတော်ကိုလက်ရုံးဖြင့် ပြီးမြောက်စေလိမ့်မည်။ 15 ငါကိုယ်တိုင်အမိန့်ရှိလျက်၊ ထိုသူ့ကိုခေါ်ဆောင်ခဲ့ပြီ။ ခရီးမှုကိုလည်းထမြောက်စေလိမ့်မည်။ 16 အထံတော်သို့ချဉ်းကပ်၍ ဤစကားကိုနားထောင်ကြလော့။ ရှေးဦးကဗျာဒိတ်ကိုကွယ်ဝှက်စွာငါပေးခဲ့သည်မဟုတ်။ ဤအမှုဖြစ်စကာလ၌ပင်ငါရှိ၏။
ယခုမှာအရှင်ထာဝရ ဘုရားသည် ဝိညာဉ်တော်နှင့်တကွ၊ အကျွန်ုပ်ကိုစေလွှတ်တော်မူပြီ။
17 ဣသရေလလူမျိုး၏သန့်ရှင်းသောအရှင်၊ သင့်ကိုရွေးနုတ်တော်မူသောထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါသည် အကျိုးရှိစေရန် သင့်ကိုသွန်သင်၍၊ သွားလာအပ်သောလမ်းဖြင့် ပို့ဆောင်သောသင်၏ဘုရားသခင်ထာဝရဘုရားဖြစ်၏။ 18 သင်သည် ငါ့ပညတ်များကိုစောင့်ရှောက်ခဲ့ပါစေတော့။ သို့ပြုခဲ့လျှင် သင့်ချမ်းသာသည် မြစ်ရေနှင့်အမျှ၊ အောင်မြင်ခွင့်လည်း သမုဒ္ဒရာလှိုင်းတံပိုးနှင့်အမျှ ဖြစ်လျက်၊ အမျိုးအနွယ်သားမြေးမြစ်တို့သည်၊ 19 ရှေ့တော်တွင်အမည်မပျက်မကွယ် မပြတ်မစဲဘဲ၊ သဲပြင်သဲလုံးနှင့်အမျှ များပြားခဲ့လေပြီဟုမိန့်တော်မူ၏။
20 ဗာဗုလုန်မြို့တွင်းမှ ထွက်ကြလော့။ ခါလဒဲလူတို့ဘောင်မှသွားကြလော့။ မြေကြီးအစွန်းအဖျားတိုင်အောင်နှံ့ပြားစေလျက်၊ ကြွေးကြော်သံနှင့်တကွ ဖော်ပြကြားပြောရ မည်မှာ၊ ထာဝရဘုရားသည် ကျွန်တော်ရင်းယာကုပ်ကို ရွေးနုတ်တော်မူပြီ။ 21 ဆိတ်ညံရာအရပ်တွင် ဆောင်သွားတော်မူသော်လည်း၊ ရေမငတ်ကြရ။ သူတို့အဖို့ကျောက်တောင်တွင်းကေရကျစေသည့်ပြင်၊ ကျောက်တစ်တောင်ကိုဖောက်ခွဲတော်မူ၍၊ ရေထွက်စီးသည်ဟုကြွေးကြော်ကြလော့။ 22 လူဆိုးတို့မူကား၊ ချမ်းသာမရဟု၊ ထာဝရဘုရားမိန့်တော်မူ၏။