47
အိုသတို့သမီးကညာဗာဗုလုန်၊ ဆင်းကျလျက်မြေမုန့်တွင်ထိုင်နေလော့။ အိုသတို့သမီးခါလဒဲလူမျိုး၊ နန်းကျလျက်မြေပေါ်တွင်ထိုင်နေလော့။ နောက်တစ်ဖန်နူးညံ့ပျော်မွေ့ သူဟူ၍အခေါ်မခံရ။ ကြိတ်ဆုံကိုကိုင်ဆောင်လျက်၊ စပါးကိုကြိတ်လော့။ ရှေ့ကာကိုပယ်၍၊ မာလိကတန်ဆာချွတ်ပြီးလျှင်၊ ပေါင်လယ်ထိမလျက်၊ မြစ်ချောင်းများကိုဖြတ်သန်းလော့။ သင်သည် အဝတ်အချည်းစည်းနေရ၍ ကဲ့ရဲ့ဖွယ်အကြောင်းထင်ရှားလိမ့်မည်။ ငါသည် မည်သူ့ကိုမျှမညှာတာဘဲလက်စားချေလိမ့်မည်။ ငါတို့ကိုရွေးနုတ်ပိုင်ရှင်၏နာမတော်ကား၊ ဗိုလ်ခြေတို့အရှင်ထာဝရဘုရား၊ ဣသရေလလူမျိုး၏ သန့်ရှင်းသောအရှင်ပေတည်း။
အိုသတို့သမီးခါလဒဲလူမျိုး၊ မှောင်ကျရာသို့ဝင်သွား၍ တိတ်ဆိတ်စွာထိုင်နေလော့။ နောက်တစ်ဖန်နိုင်ငံများ၏ အရှင်မဟူ၍အခေါ်မခံရ။ လူမျိုးတော်ကိုအမျက်ထားခိုက်၊ ပိုင်ရာတော်ကိုရှုတ်ချလျက်၊ သင့်လက်တွင်းသို့ငါအပ်လိုက်ရာ၊ သင်သည် ကရုဏာကင်းလျက် လေးလံသောထမ်းပိုးကို၊ အိုမင်းသူတို့အပေါ်တွင်တင်သည့်ပြင်၊ အရှင်မအဖြစ်အမြဲနေမည်ဟုအောက်မေ့လျက်၊ ထိုအကြောင်းအရာများကိုနှလုံးမသွင်း၊ အကျိုးအပြစ်ကိုလည်းသတိမထားပါတကား။
ငါမှတစ်ပါး၊ မည်သူမျှမရှိ။ မုဆိုးမအဖြစ်ကိုလည်း‌ေကာင်း၊ သားဆုံးပါးခြင်းကိုလည်း‌ေကာင်း၊ ငါမခံရဟု စိတ်တွင်အောက်မေ့လျက်၊ ပျော်မွေ့လျစ်လျူစွာနေထိုင်သူ၊ ယခုနားထောင်လော့။ တစ်နေ့ချင်းပင်သားဆုံးခြင်း၊ လင်ဆုံးခြင်းတည်းဟူသောဘေးနှစ်မျိုးသည်၊ ရှောင်တခင်သင့်ရောက်လိမ့်မည်။ သင်၌မန္တာန်မြောက်မြား၍၊ ဝိဇ္ဇာအတတ်လွန်ကဲသော်လည်း အကုန်အစင်သင့်ရောက်လိမ့်မည်။ 10 သင်က မည်သူမျှမမြင်ဟုဆိုလျက်၊ ကိုယ့်ပြစ်မှုကိုစိတ်ချသည့်အလျောက် အသိပညာနှင့်ဉာဏ်ပညာအတွက်လမ်းလွဲသဖြင့်၊ ငါမှတစ်ပါးမည်သူမျှမရှိဟု၊ စိတ်တွင်ထင်မှတ်သောကြောင့်၊ 11 မန္တာန်ဖြင့်မကွယ်ကာနိုင်သောဘေး၊ မပုန်းရှောင်နိုင်သောဥပဒ်၊ မမြော်မြင်နိုင်သောအန္တရာယ်များသည်၊ သင့်အပေါ်တွင် ရှောင်တခင်သင့်ရောက်လိမ့်မည်။ 12 ငယ်ရွယ်စဉ်ကပင်၊ သင်လုံ့လပြုခဲ့သောမန္တရားနှင့်ဝိဇ္ဇာအတတ်အမြောက်အမြားကိုသာ မှီဝဲလော့။ အကျိုးရကောင်းရလိမ့်မည်။ ခြိမ်းချောက်တတ်ကောင်းတတ်လိမ့်တကား။ 13 သင်သည် အတိုင်အပင်များပြားသဖြင့်၊ ညီးလှလေစွ။ အာကာသကို ပိုင်းခြားခြင်း၊ ကြယ်နက္ခတ်ကိုရှုမှတ်ခြင်း၊ သင်၌ဖြစ်ပျက်အံ့သောအရာများကို လစဉ်ကြားပြောခြင်းပြုတတ်သူတို့သည်၊ ရပ်တန့်လျက် သင့်ကိုကယ်မကြစေ။ 14 ၎င်းတို့သည် ဖွဲကဲ့သို့ဖြစ်၍ ကျွမ်းလောင်ခြင်းခံရလိမ့်မည်။ မီးလျှံအရှိန်မှကိုယ်ကိုမကယ်နိုင်။ ထိုမီးရှိန်သည် တူရူထိုင်၍ လှုံဖွယ်မီးကျီးမဟုတ်ချေ။ 15 သင်လုံ့လပြုခဲ့သောအရာများသည်ထိုသို့ဖြစ်လိမ့်မည်။ ငယ်ရွယ်စဉ်ကပင်ဉာဏ်ကူးဘက်ဖြစ်သူတို့လည်း၊ ကယ်မခြင်းမပြုဘဲ၊ ကိုယ့်ဆိုင်ရာဆိုင်ရာလွင့်သွားကြလိမ့်သတည်း။