38
1 ထိုကာလ၊ ဟေဇကိမင်း၌ သေအံ့သောဝေဒနာစွဲကပ်ရာ၊ အာမုတ်သားပရောဖက်ဟေရှာယဝင်ရောက်၍ သင်သည် အသက်မရှင်၊ သေရမည်ဖြစ်သောကြောင့် သင့်နန်းရေးနန်းလျာကိုစီမံလော့ဟု ထာဝရဘုရားမိန့်တော်မူကြောင်းကိုပြန်ကြားသော်၊ ဟေဇကိမင်းသည် နံရံသို့မျက်နှာမူပြီးလျှင်၊
2-3 အိုထာဝရဘုရား၊ အကျွန်ုပ်သည် စုံလင်သော စိတ်နှင့်သစ္စာစောင့်၍၊ မျက်မှောက်တော်တွင် ကျင်လည်ကြောင်းကိုလည်းေကာင်း၊ ဖြောင့်မှန်စွာပြုကြောင်းကိုလည်းေကာင်း သတိရတော်မူ ပါဟု ထာဝရဘုရားထံပဌနာပြုလျက် သည်းစွာငိုကြွေးလေ၏။
4 ထိုအခါ ဟေရှာယထံထာဝရဘုရားဗျာဒိတ်တော်ရောက်လာသည်မှာ၊
5 ဟေဇကိထံပြန်သွား၍ သင့်ပဌနာစကားကိုငါနာယူပြီ။ မျက်ရည်ပေါက်ကိုလည်း ရှုမြင်ပြီ။ အသက်တာ့ပြင် ဆယ့်ငါးနှစ်ပိုမိုပေးဦးမည်။
6 ဤမြို့ကိုကွယ်ကာလျက် သင်နှင့်တကွ၊ အာရှုရိဘုရင့်လက်တွင်းမှလွတ်မြောက်စေမည်။
7 ကတိတော်အတိုင်းထာဝရဘုရားပြုတော်မူမည်ကိုသိရအံ့သောငှာ၊ ထာဝရဘုရားပေးမည့်နိမိတ်တော်မှာ၊
8 အာခတ်မင်းနေချိန်တွင်မွန်းလွဲဆယ်ဖဝါးကို ငါဆုတ်စေမည်ဟု သင့်အဖဒါဝိဒ်၏ဘုရားသခင်ထာဝရဘုရားမိန့်တော်မူကြောင်းကို ဆင့်ဆိုလော့ဟူ၍တည်း။ ထိုအတိုင်း၊ နေချိန်တွင် မွန်းလွဲဆယ်ဖဝါးဆုတ်သွားလေ၏။
9 စွဲကပ်သောရောဂါကင်းရှင်းလျှင်၊ ယုဒဘုရင်ဟေဇကိမင်းရေးထားချက်ဟူမူကား၊
10 အသက်မွန်းတည့်အချိန်၌၊ မရဏာ့နိုင်ငံတံခါးသို့ဝင်သွားရ၍ ကြွင်းကျန်သောနှစ်တာဆုံးရှုံးပြီဟု ငါအောက်မေ့၏။
11 သူရှင်တို့နေရာတွင် ယေဟောဝါထာဝရဘုရားကိုဖူးခွင့်၊ ယခုခေတ်သားတို့နှင့်တကွလူသတ္တဝါတို့ကိုရှုခွင့်ရတော့မည်မဟုတ်။
12 သိုးထိန်းတဲရှင်ကဲ့သို့ ငါ၏ယာယီတဲကိုနုတ်ယူ၍၊ ငါနှင့်ခွဲထားလေပြီ။ ရက်ကန်းသည် လိပ်သကဲ့သို့ အသက်တာကိုငါလိပ်လေပြီ။ကိုယ်တော်သည်မြိတ်ဆာမှအကျွန်ုပ်ကိုဖြတ်၍ နေ့ချင်းဆုံးစေတော်မူလိမ့်မည်ဟု ငါအောက်မေ့သတည်း။
13 ငါသည် နံနက်တိုင်အောင်ဆိတ်ဆိတ်နေရာ၊ ခြင်္သေ့သဖွယ် ငါ့အရိုးရှိသမျှကိုချိုး၍ အကျွန်ုပ်ကိုနေ့ချင်းဆုံးစေတော်မူလိမ့်မည်။
14 ပျံလွှားနှင့်ဇရက်ကဲ့သို့ ငါမြည်၍၊ ချိုးကဲ့သို့ ညည်းတွားစွာကူရ၏။ မော်ကြည့်ရသဖြင့် မျက်စိအားကုန်ပါပြီ။ အိုထာဝရဘုရား၊ အကျွန်ုပ်သည် ညှဉ်းပန်းခံရ၍ အာမခံ တော်မူပါ။
15 မည်သို့ဆိုရအံ့နည်း။ ကိုယ်တော်သည် မိန့်တော်မူသည့်အတိုင်း၊ ငါ၌ပြုစုတော်မူပြီ။ စိတ်နစ်နာခံရသဖြင့် နှစ်စဉ်ကာလပတ်လုံး ဖြည်းဖြည်းသွားပါမည်။
16 အိုအရှင်ဘုရား၊ ထိုသို့ပြုစုခြင်းဖြင့်၊ အသက်ရှင်ခွင့်ရကြသည့်အတိုင်း၊ အကျွန်ုပ်လည်းအသက်ရှင်ခွင့်ရပါ၏။ အကျွန်ုပ်ကိုသန်မာစေ၍ အသက်ရှင်စေတော်မူပါ။
17 ချမ်းသာရစေရန်အကျွန်ုပ်သည် ကြီးစွာနစ်နာခံရလေပြီ။ မေတ္တာတော်ကြောင့် အကျွန်ုပ်ဝိညာဉ်ကို သေတွင်းမှကယ်ဆယ်တော်မူ၍ အပြစ်ရှိသမျှကိုလည်းနောက်တော်သို့ပစ်လိုက်တော်မူပါ။
18 မရဏာ့နိုင်ငံသည် ဂုဏ်တော်ကိုချီးမွမ်းခွင့်၊ သေသူတို့လည်း ထောမနာပြုခွင့်၊ သင်္ချၖိုင်းတွင်း ဆင်းရသူတို့သည် သစ္စာတော်ကိုစောင့်မြော်ခွင့် မရကြချေ။
19 အကျွန်ုပ်သည် ယနေ့ပြုသည့်နည်းတူ၊ လူရှင်တို့သာလျှင် ဂုဏ်တော်ကို ချီးမွမ်းခွင့်ရကြ၍၊ အဖသည် သားသမီးတို့အားသစ္စာတော်ကိုဖော်ပြရပါ၏။
20 ထာဝရဘုရားသည် ငါ့ကိုကယ်ဆယ်ရန်အသင့်ရှိတော်မူ၍၊ တစ်သက်ပတ်လုံးထာဝရဘုရား၏ ဗိမာန်တော်၌ စောင်းပတ်သာကိုတီးကြအံ့ဟု ရေးထားသတည်း။
21 ဟေရှာယက ကျန်းခန့်တော်မူစေရန်၊ သဖန်းပျဉ်ကို ယူပြီးလျှင် အနာစိမ်းပေါ်တွင် လိမ်းကျံထားကြစေဟုမှာလိုက်နှင့်၏။
22 ဟေဇကိမင်းကလည်း ဗိမာန်တော်ကိုတက်ဖူးခွင့်သက်သေလက္ခဏာကား အသို့နည်းဟုမေးနှင့်သတည်း။