37
1 ထိုစကားကိုဟေဇကိမင်းကြားသော်၊ ဝတ်လဲတော်ဆုတ်ခြင်း၊ လျှော်တေခြုံခြင်းကိုပြုလျက်၊ ဗိမာန်တော်သို့ဝင်ပြီးလျှင်၊
2 လျှော်တေခြုံသူ လက်သုံးတော်ချုပ်ဧလျာကိမ်၊ သံတော်ဆင့်ရှေဗနနှင့် ပရောဟိတ်အကြီးအကဲတို့ကို၊ အာမုတ်သားပရောဖက်ဟေရှာယထံကြားလျှောက်စေသည်မှာ
3-5 ဤနေ့ကား နှောင့်ရှက်ခြိမ်းချောက်ကဲ့ရဲ့ရာနေ့ဖြစ်လေပြီ။ သားဖွားချိန်စေ့သော်လည်း ဖွားနိုင်ရန် အားမရှိလေစွ။ အသက်ရှင်တော်မူသောဘုရားသခင်ကို ကဲ့ရဲ့စေ ရန်၊ အာရှုရိဘုရင်စေလွှတ်လိုက်သော ကျေးကျွန်ဖြစ်သူရာဗရှာခစကားကို ကိုယ်တော့်ဘုရားသခင်ထာဝရဘုရားကြား၍ ဆုံးမကောင်းဆုံးမတော်မူလိမ့်မည်။ ထို့ကြောင့် ကြွင်းကျန် သူတို့အဖို့ပဌနာပြုတော်မူပါဟူ၍ ဟေဇကိမင်းတောင်းပန်ချက်ကို ကျေးကျွန်တို့လာရောက်လျှောက်ထားကြသော်၊
6 ဟေရှာယက ထာဝရဘုရားမိန့်တော်မူသည်ကား ငါ့ကိုပုတ်ခတ်သော သင်ကြားရသည့်အာရှုရိဘုရင်၏ကျေးကျွန်တို့စကားများကြောင့်၊ မကြောက်လင့်။
7 ထိုမင်းသည် ငါသွင်းသော မနောဖြင့် သတင်းဆိုးကြားလျှင်ကြားချင်း၊ ကိုယ့်ပြည်သို့ဆုတ်ပြန်သည့်ကာလ ဓားဘေးဖြင့်ကျဆုံးလတ္တံ့ဟူသောဗျာဒိတ်တော်ကိုသင်တို့ သခင့်ထံ ပြန်ကြားလော့ဟုမိန့်မှာလေ၏။
8 ထိုအခါ လာခိရှမြို့မှ အာရှုရိဘုရင်ဆုတ်ခွာကြောင်းရာဗရှာခကြားလျှင် ပြန်ဆုတ်၍၊ လိဗနမြို့ကိုတိုက်လျက်တွေ့သည့်ကာလ၊ ကုရှဘုရင်တိရက္ကမင်းချီတက်လာ ကြောင်း၊ အာရှုရိဘုရင်ကြားသည်နှင့်၊
9 ဟေဇကိမင်းထံရာဇသံတို့ကို စေလွှတ်လျက်မိန့်မှာသည်မှာ၊ အာရှုရိဘုရင့်လက်တွင်းသို့၊
10 ယေရုရှလင်မြို့မရောက်ရဟူသော သင်ကိုးစားသောဘုရားသခင်၏ လှည့်ဖြားခြင်းကို နားမယောင်နှင့်။
11 ပြည်တကာကိုအာရှုရိဘုရင်အဆက်ဆက်လုပ်ကြံ၍ မြေလှန်ခဲ့ကြောင်း ကြားသိလေပြီ။ သင်လွတ်မြောက်မည်လော။
12 ဘေးတော်ဘိုးတော်တို့ မြေလှန်ခဲ့ရာ၊ ဂေါဇန်၊ ခါရန်၊ ရေဇပ်မြို့သူမြို့သားတို့မှစ၍ တေလသာမြို့ရှိဧဒင်အမျိုးသားတို့ကို လူမျိုးခြားတို့၏ဘုရားများသည်လွတ်မြောက် စေဖူးသလော။
13 ဟာမတ်၊ အာပဒ်ဘုရင်များမှစ၍ သေဖရဝိန်၊ ဟေန၊ ဣဝါမြို့ဘုရင်တို့ကားအဘယ် နည်းဟူ၍ ယုဒဘုရင်ဟေဇကိမင်းအားပြန်ကြားကြလော့ဟု မိန့်မှာလေ၏။
14 အမှာတော်စာကို၊ ရာဇသံတို့လက်မှ ဟေဇကိမင်းခံယူဖတ်ကြည့်ပြီးလျှင် ဗိမာန်တော်သို့တက်၍၊ ထာဝရဘုရားမျက်မှောက်တော်တွင် ဖြန့်ခင်းလျက်၊
15-16 အသနားတော်ခံသည်မှာ ခေရုဗတို့အထက်စံတော်မူသောဗိုလ်ခြေတို့အရှင်၊ ဣသရေလလူမျိုး၏ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်တစ်ဆူတည်းသာလျှင်မိုးမြေကို ဖန်ဆင်း၍ မြေတစ်ပြင်လုံးရှိတိုင်းနိုင်ငံဟူသမျှကိုပိုင်တော်မူသောဘုရားဖြစ်ပါ၏။
17 အိုထာဝရဘုရား၊ နားတော်ညိတ်၍ ကြားတော်မူပါ။ အိုထာဝရဘုရား၊ စက္ခုတော်စိုက်၍ ရှုကြည့်တော်မူပါ။ အသက်ရှင်တော်မူသောဘုရားကိုကဲ့ရဲ့၍ မှာလိုက်သော သနာခရိပ်၏စကားဥဿုံကိုကြားတော်မူပါ။
18 အိုထာဝရဘုရား၊ အာရှုရိဘုရင်အဆက်ဆက်တို့သည်
19 အပြည်ပြည်ကို၊ မြေပါဖျက်ဆီး၍ ဆိုင်ရာဘုရားများကိုလည်းမီးထဲသို့ပစ်လိုက်ကြပြီ။ ဘုရားမဟုတ်၊ လူ့လက်ဖြင့် ထုလုပ်သော သစ်သားနှင့်ကျောက်ဖြစ်၍၊ ပျက်ကြ လေပြီ။
20 သို့ဖြစ်သောကြောင့် အကျွန်ုပ်တို့အရှင်ထာဝရဘုရားသခင် မြေတစ်ပြင်လုံးရှိတိုင်းနိုင်ငံတကာတို့သည် ကိုယ်တော်တစ်ဆူတည်းသာထာဝရ ဘုရားဖြစ်ကြောင်းသိမှတ်ကြစေရန်၊ ထိုဘုရင့်လက်မှ အကျွန်ုပ်တို့ကို လွတ်မြောက်စေတော်မူပါဟု၊ ထာဝရဘုရားအားပဌနာပြုလေ၏။
21 ထိုအခါ ဟေဇကိမင်းထံအာမုတ်သားဟေရှာယကြားလိုလ်သည်မှာ ဣသရေလလူမျိုး၏ ဘုရားသခင်ထာဝရဘုရားက၊ အာရှုရိဘုရင်သနာခရိပ်မင်းကြောင့်ငါ့ရှေ့တွင်သင်ပြုသောပဌနာကိုထောက်၍။
22 အာရှုရိဘုရင်ကိုရည်လျက် ငါထာဝရဘုရားမိန့်ချက်ဟူမူကား၊ သတို့သမီးကညာဇိအုန်သည် သင့်ကိုမထီမဲ့မြင်ပြု၍ ပြက်ရယ်ခြင်း၊ သတို့သမီးယေရုရှလင်သည်သင့် နောက်ဦးခေါင်းလှုပ်ခါခြင်းပြုလေပြီ။
23 မည်သူ့ကိုသင်ကဲ့ရဲ့ပုတ်ခတ်သနည်း။ မည်သူ့အပေါ်တွင်ကြိမ်မောင်းသံလွှင့်၍ မျက်နှာမောက်မော်သနည်း။ ဣသရေလလူမျိုး၏ သန့်ရှင်းသောအရှင် ငါဘုရားကိုပေတည်း။
24 ကျေးကျွန်တို့ဖြင့် ငါဘုရားကို သင်ကဲ့ရဲ့သည်မှာ များပြားသောစစ်ရထားနှင့်တကွ လေဗနုန်တောင်ထိပ်ကိုဖြတ်ကျော်၍ တစ်ဘက်သို့ရောက်လေပြီ။ အမြင့်ဆုံး သစ်ကတိုးပင်၊ အမြတ်ဆုံးထင်းရူးပင်၊ များကိုခုတ်လှဲ၍။ ခြံမြိုင်အစွန်းအဖျားထဲသို့ငါခိုဝင်မိပြီ။
25 ငါသည်ရေတွင်းများကိုတူးဖော်သောက်ရပြီ။ အိဂျစ်မြစ်လက်ကြားရေရှိသမျှကို ငါ့ခြေအောက်တွင်ခန်းခြောက်စေပြီဟု၊ သင်ဝါကြွားလေသည်တကား။
26 သင်မကြားမသိသလော။ ယမန်တွင်ငါစီရင်၍၊ ရှေးကာလကပင် ပြဋ္ဌာန်းပြီးဖြစ်သည့်အတိုင်း၊ ခံမြို့များကိုပျက်စီးရာအမှိုက်ပုံဖြစ်စေရန်၊ ယခုသင်ပေါ်ထွန်းရပြီ။
27 ထို့ကြောင့် ပျက်စီးရာမြို့သူမြို့သားတို့သည်၊ လက်ရုံးရည်ညံ့သဖြင့် ထိတ်လန့်ရှက်ကြောက်၍ စားကျက်မြက်နု၊ စိမ်းလန်းသောမြက်၊ တိုက်မိုးပေါ်ပေါက်သောအပင်၊ မအောင်သောကောက်ပင်များကဲ့သို့၊ ဖြစ်ကြ၏။
28 ငါသည် သင်၏အထွက်အဝင်အနေအထိုင်နှင့်တကွ ငါ့တစ်ဘက်၌ထကြွခြင်းကို သိ၏။
29 ထိုသို့ထကြွခြင်းနှင့် ငါကြားရသောစော်ကားခြင်းများကြောင့် သင့်ကိုနှာကွင်းတပ်၍၊ ဇက်ခွံ့လျက် လာလမ်းဖြင့်ပြန်စေမည်ဟူ၍တည်း။
30 သင့်ကိုယ်တိုင်မှတ်ရန် သက်သေလက္ခဏာကား ဤနှစ်တွင်အလေ့ပေါက် မြေထွက်ကိုလည်းေကာင်း၊ ဒုတိယနှစ်တွင် ကောက်အိုင်းကိုလည်းေကာင်း၊ စားရလျက်၊ တတိယနှစ်တွင် မျိုးကြဲ ရိတ်သိမ်းခွင့်၊ စပျစ်ပင်စိုက်ပျိုးခွင့်ရ၍၊ အသီးအနှံကိုစားရကြလိမ့်မည်။
31-32 ကျန်ကြွင်းသူတို့သည် ယေရုရှလင်မြို့မှလည်းေကာင်း၊ ဘေးလွတ်သူတို့သည် ဇိအုန်တောင်မှလည်းေကာင်း၊ ထွက်လာရကြလျက်၊ ဘေးလွတ်သောထိုယုဒအမျိုးအကြွင်းအကျန်တို့သည် အောက်၌အမြစ်စွဲခွင့်၊ အထက်၌အသီးသီးခွင့်ရကြဦးမည်။ ဗိုလ်ခြေတို့အရှင်ထာဝရဘုရား၏စေတနာထက်သန်ခြင်းအားဖြင့် ထိုသို့ပြီးမြောက်လိမ့်သတည်း။
33 အာရှုရိဘုရင်ကိုရည်၍၊ ငါထာဝရဘုရားမိန့်ပြန်သည်ကား၊ ထိုမင်းသည် မြို့ကိုချဉ်းကပ်ခွင့်၊ မြှားပစ်ခွင့်၊ မြို့ပြင်တွင်ဒိုင်းလွှားရေးပြခွင့်၊ ကတုတ်လှန်ခွင့်၊ ရမည်မဟုတ် ချေ။
34-35 ငါဘုရားအတွက်၊ ကျွန်တော်ရင်းဒါဝိဒ်အတွက်၊ ဤမြို့ကိုငါကွယ်ကာ၍ အာရှုရိဘုရင်ချဉ်းကပ်ခွင့်မရဘဲ၊ လာလမ်းဖြင့်ပြန်ရမည်ဟူသော ထာဝရဘုရားဗျာဒိတ်တော် ကိုကြားလိုက်လေ၏။
36 ထာဝရဘုရား၏တမန်တော်ထွက်ပေါ်၍ အာရှုရိတပ်တွင်တစ်သိန်းရှစ်သောင်းငါးထောင်တို့ကိုဒဏ်ခတ်သဖြင့်၊ နံနက်အချိန်ရောက်သောအခါ၊ အသက်မရှိအလောင်းချည်းတွေ့ရသည်တကား။
37 အာရှုရိဘုရင်သနာခရိပ်မင်းဆုတ်ခွာပြန်သွား၍ နိနဝေမြို့၌စံနေစဉ်၊
38 နိသရုတ်ခေါ်ကိုယ့်ဘုရား၏ ကျောင်းတွင်ရှိခိုးလျက်နေရာ၊ သားတော် အဒြမ္မေလက်နှင့်ရှရေဇာတို့သည် ဓားဖြင့်လုပ်ကြံပြီးလျှင်၊ အာရာရတ်ပြည်သို့ပြေးဝင်ကြ၏။ သားတော်ဧသရဟဒ္ဒုန်သည် အရိုက်အရာ၌ နန်းစံလေ၏။