39
ထိုကာလ ဗာလဒန်မင်းသားတော်ဗာဗုလုန်ဘုရင်မေရောဒဗာလဒန်မင်းသည်၊ ဟေဇကိမင်းမကျန်းခန့်ခြင်းမှ ထမြောက်တော်မူကြောင်းကြားသဖြင့်၊ အမှာတော်စာနှင့် လက်ဆောင်တော်များကိုပို့လိုက်ရာ၊ ဟေဇကိမင်းဝမ်းသာလျက်၊ ဘဏ္ဍာတိုက်တော်ရှိ ရွှေငွေများမှစ၍ နံသာမျိုး၊ အဖိုးထိုက်နံ့သာဆီ၊ လက်နက်တိုက်အဆောင်အရွက်တော်ဟူသမျှကိုဖွင့်ပြလေ၏။ နန်းတော်မှစသော နိုင်ငံတော် တစ်ဝှမ်းလုံးတွင်၊ မဖွင့်မပြသောအရာတစ်စုံတစ်ခုမျှ မရှိချေ။ ထိုနောက် ဟေဇကိမင်းထံပရောဖက်ဟေရှာယဝင်ရောက်၍ ထိုသူတို့သည် မည်သို့တင်လျှောက်ကြသနည်း။ မည်သည့်ပြည်မှလာကြသနည်းဟုမေးသော်၊ ဟေဇကိ မင်းက၊ ဝေးကွာသောပြည်၊ ဗာဗုလုန်မြို့မှအကျွန်ုပ်ထံလာရောက်ကြပါပြီဟု ပြန်ဆိုလျှင်၊ နန်းတော်တွင်မည်သည့်အရာကိုမြင်ရကြသနည်းဟု မေးပြန်သည့်ကာလ၊ နန်းတွင်းရှိအရာခပ်သိမ်းကိုမြင်ကြလေပြီ၊ အဆောင်အရွက်တော်အနက် အကျွန်ုပ်မဖွင့် မပြသောအရာတစ်စုံတစ်ခုမျှမရှိဟု၊ ဟေဇကိမင်းပြန်ဆိုလေ၏။ ဟေရှာယက ထာဝရဘုရား၏ဗျာဒိတ်တော်ကိုနာခံလော့။ နန်းတွင်းရှိအရာခပ်သိမ်းကိုလည်း‌ေကာင်း၊ ယနေ့တိုင်ဘိုးဘေးတို့ဆည်းပူးခဲ့သမျှကိုလည်း‌ေကာင်း၊ မခြွင်းမချန်၊ ဗာဗုလုန်မြို့သို့သိမ်းသွားရာနေ့ရက်ကာလရောက်လိမ့်မည်။ သင်မှဆင်းသက်သောသားမြေးတို့လည်း သိမ်းသွားခံရပြီးလျှင်၊ ဗာဗုလုန်ဘုရင့်နန်းတော်တွင် မိန်းမစိုးဖြစ်ရကြလိမ့်မည်၊ ဟူသောထာဝရဘုရားဗျာဒိတ်တော်ကို ဆင့်ဆိုရာ၊ ဟေဇကိမင်းက၊ ယခုဆင့်ဆိုသောထာဝရဘုရား၏ဗျာဒိတ်တော်သည်သင့်လျော်ပါပြီဟူ၍လည်း‌ေကာင်း၊ အကျွန်ုပ်လက်ထက်ငြိမ်ချမ်းခြင်း၊ တည်တံ့ခြင်းရှိမည်ဟူ၍လည်း‌ေကာင်း၊ ဟေရှာယအားပြန်ဆိုလေ၏။