19
အိဂျစ်ပြည်ကိုရည်သောဗျာဒိတ်ချက်မူကား၊ ထာဝရဘုရားသည် လျင်သောမိုးတိမ်ကိုစီးနင်း၍၊ အိဂျစ်ပြည်ရောက် ကြွတော်မူရာ၊ မျက်မှောက်တော်တွင်၊ ပြည်ရှိ ရုပ်ပွားဆင်းတုများတုန်လှုပ်ခြင်း၊ ပြည်သူပြည်သားတို့ စိတ်ပျက်ခြင်းရှိကြလိမ့်မည်။ ဗိုလ်ခြေတို့အရှင်ထာဝရဘုရားသခင်မိန့်တော်မူသည်ကား။ အိဂျစ်ပြည်သားတို့အချင်းချင်း ရန်ပြုကြစေရန် ငါနှိုးဆော်လျက်၊ ညီအစ်ကို၊ အပေါင်းအေဖာ်၊ တစ်မြို့နှင့်တစ်မြို့၊ တစ်နယ်နှင့်တစ်နယ်အချင်းချင်းစစ်တိုက်ကြလိမ့်မည်။ အိဂျစ်ပြည်သူပြည်သားတို့၏အကြံအစည်ပညာကို၊ ငါကွယ်စေ၍၊ သူတို့ဉာဏ်ကုန်သဖြင့်၊ ရုပ်ပွားဆင်းတုများမှစ၍၊ ရွတ်တတ်သူ၊ ကဝေ၊ မှော်ဆရာများထံမေးမြန်း ကြလိမ့်မည်။ အိဂျစ်ပြည်ကိုကြမ်းကြုတ်သော မင်းလက်အောက်သို့ ငါချထား၍၊ ရက်စက်သောဘုရင်အုပ်စိုးလတ္တံ့ဟုမိန့်တော်မူ၏။ အိဂျစ်ပြည်ရှိ အိုင်ရေကုန်၍၊ မြစ်ရေခန်းခြောက်မည့်ပြင်၊ မြောင်းများညှီ၍ ချောင်းများတိမ်ကောသွေ့ခြောက်သဖြင့်၊ ကျူပင်ကိုင်းပင်များညှိုးနွမ်းလျက်၊ နိလမြစ်နီးကမ်းခြေတစ်လျှောက်၊ စားကျက်မှစသောပျိုးခင်းရှိသမျှခြောက်၍ လွင့်ပျောက်ပျက်စီးလိမ့်မည်။ တံငါတို့သည် ညည်းညူကြရာ၊ နိလမြစ်တွင်းငါးမျှားကို ချသူတို့မြည်တမ်းလျက်၊ ရေပေါ်မှာပိုက်ကွန်ဖြန့်သူများညှိုးနွမ်းကြမည့်ပြင်၊ ပိုက်ဆံချည်ကျစ်သူနှင့် ဝါထည်ရက်သူတို့အရှက်ရကြလိမ့်မည်။ 10 တိုင်မဖြစ်သူတို့ကျိုးပျက်၍ သူရင်းငှားတို့လည်း စိတ်ငယ်ရကြလတ္တံ့။ 11 ဇောနမှူးမတ်တို့သည် လုံးလုံးမိုက်လျက်။ ဖာရောမင်း၏ ပညာရှိမင်းတိုင်ပင်တို့သည် ဉာဏ်ကင်းလေစွတကား။ ကျွန်တော်ကား၊ ပညာရှိအမျိုးသား၊ရှေးမင်းတို့ဆွေတော် မျိုးတော်မှန်ပါသည်ဟု၊ ဖာရောမင်းအားမည်သို့တင်ဝံ့ကြမည်နည်း။ 12 သင့်ဆိုင်ရာ ပညာရှိတို့ကား အဘယ်မှာနည်း။ အိဂျစ်ပြည်ကိုရည်၍ ဗိုလ်ခြေတို့အရှင်ထာဝရဘုရားပြဋ္ဌာန်းတော်မူချက်ကိုသိလျှင် ေဖာ်ပြကြစေ။ 13 ဇောနမှူးမတ်တို့မိုက်လျက်၊ နောဗမှူးမတ်တို့လှည့်စားခံရကြသည့်အတိုင်း၊ အိဂျစ်ပြည်ထောင့်ကျောက်ဖြစ်သူတို့သည်၊ ပြည်သူပြည်သားတို့ကိုလမ်းလွဲစေကြပြီ။ 14 ထာဝရဘုရားသည် အိဂျစ်ပြည်အတွင်း၊ ကောက်ကျစ်သောသဘောကို သွင်းတော်မူ၍၊ ယစ်မူးသူကိုယ့်အန်ဖတ်၌ ယိမ်းလဲသကဲ့သို့၊ ပြည်သူပြည်သားတို့ကို ပြုလေရာ ရာ လမ်းလွဲကြစေသဖြင့်။ 15 ထိုပြည်၌ဦးခေါင်းနှင့်အမြီး၊ စွန်ပလွံလက်နှင့်ကိုင်းပင်တို့သည်၊ ပြီးမြောက်အောင်အပြုအမူအကျင့်အကြံမရှိရ။
16 ထိုကာလ၊ သူတို့တစ်ဘက်၌ဗိုလ်ခြေတို့အရှင်ထာဝရဘုရားလက်တော်ယမ်းသဖြင့်၊ အိဂျစ်ပြည်သူပြည်သားတို့သည်မိန်းမသူရဲဘောရှိ၍၊ ကြောက်လန့်တုန်လှုပ်ကြသည့်အလျောက်၊ 17 ဗိုလ်ခြေတို့အရှင်ထာဝရဘုရားပြဋ္ဌာန်းတော်မူချက်ကြောင့်၊ ယုဒပြည်သည်အိဂျစ်ပြည်၏ ထိတ်လန့်ဖွယ်ဖြစ်သည်နှင့်၊ ယုဒပြည်ဟူ၍ပြောကာမျှနှင့်လူတိုင်းကြောက်လန့်လိမ့်မည်။
18 ထိုကာလ၊ အိဂျစ်ပြည်တွင်မြို့ငါးမြို့၌၊ ဟေဗြဲဘာသာစကားသုံးလေ့ရှိသဖြင့်၊ ဗိုလ်ခြေတို့အရှင်ထာဝရဘုရားထံသစ္စာတော်ခံရလျက်၊ တစ်မြို့ကိုကား၊ ဖြိုလှဲရာမြို့ဟု ခေါ်ဝေါ်ကြလတ္တံ့။
19 ထိုကာလ၊ အိဂျစ်ပြည့်အတွင်း၊ ထာဝရဘုရားကို ပူဇော်ရန်ပလ္လင်ရှိသည့်ပြင်၊ ပြည်စွန်အနီး၊ ထာဝရဘုရားအဖို့ကျောက်တိုင်စိုက်လျက်ရှိရာ၊ 20 အိဂျစ်ပြည်တွင်၊ ဗိုလ်ခြေတို့အရှင်ထာဝရဘုရားမှတ်မိတော်မူရန်၊ သက်သေလက္ခဏာဖြစ်သည့်အလျောက်၊ ထိုလူမျိုးသည် နှိပ်စက်သူတို့အတွက် ထာဝရဘုရားကို ဟစ်ကြလျှင်၊ ကယ်တင်ရာသူရဲကိုစေလွှတ်၍ကယ်မတော်မူလိမ့်မည်။ 21 ထိုကာလ၊ ထာဝရဘုရားသည် အိဂျစ်လူမျိုးတို့၌ ထင်ရှား၍၊ အိဂျစ်လူမျိုးတို့သည် ထာဝရဘုရားကိုသိကျွမ်းသဖြင့်၊ ယဇ်နှင့်ဘောဇဉ်ပူဇော်သက္ကာများကိုဆက်ကပ်ကြ သည့်ပြင်၊ ထာဝရဘုရားအား သစ္စာဝတ်ကို ထား၍ဖြေကြလိမ့်မည်။ 22 ထာဝရဘုရားသည် အိဂျစ်ပြည်ကိုဒဏ်ခတ်ပြီးမှ၊ ဒဏ်ချက်ကို ပျောက်စေတော်မူလိမ့်မည်။ ထိုသူတို့သည် ထာဝရဘုရားထံပြန်လာကြသည့်အခါ၊ တောင်းပန်ခွင့်ရကြ သည့်အတိုင်း၊ ပပျောက်စေတော်မူလိမ့်မည်။ 23 ထိုကာလ၊ အိဂျစ်ပြည်မှ အာရှုရိပြည်သို့ လမ်းမတော်ပေါက်သဖြင့်၊ အာရှုရိလူတို့သည် အိဂျစ်ပြည်သို့လည်း‌ေကာင်း၊ အိဂျစ်လူတို့သည် အာရှုရိပြည်သို့လည်း‌ေကာင်း၊ ထွက်ဝင်သွားလာ လျက် နှစ်မျိုးလုံးဝတ်ပြုကြလိမ့်မည်။ 24-25 ထိုကာလ၊ ဗိုလ်ခြေတို့အရှင်ထာဝရဘုရားက၊ လူမျိုးတော်အိဂျစ်၊ လက်ဖြစ်တော်အာရှုရိ၊ အပိုင်တော်ဣသရေလလူမျိုးတို့၌၊ မင်္ဂလာရှိကြစေသတည်းဟု ကောင်းကြီးပေးတော်မူသည့်အလျောက်၊ ဣသရေလ၊ အိဂျစ်၊ အာရှုရိလူသုံးမျိုးတို့သည်၊ မြေပထဝီဗဟိုတွင်မင်္ဂလာအရင်းခံဖြစ်ကြလိမ့်သတည်း။