11
1 ယုံကြည်ခြင်းသည် ေမျှာ်လင့်ရာများ၌စိတ်ချခြင်း၊ မျက်ကွယ်ရာများကိုမျက်မှောက်ပြုခြင်းဖြစ်၏။
2 ထိုအရာ၌ ရှေးလူကြီးတို့သည် ယုံကြည်ခြင်းကြောင့်အသရေရကြ၏။
3 ယုံကြည်ခြင်းအားဖြင့်ငါတို့သည် ဘုရားသခင့်အမိန့်တော်အတိုင်း လောကဓာတ်များပေါ်ရလျက် မျက်မှောက်ရှိရာများဖြစ်ပွားခဲ့ကြောင်း နားလည်ရကြ၏။
4 ယုံကြည်ခြင်းအားဖြင့်အာဗေလသည် ကာဣနထက်ကောင်းမြတ်သောပူဇော်သက္ကာကို ဘုရားသခင့်ထံဆက်ကပ်ရာ ထိုအလှူဝတ္ထုနှင့်စပ်၍ ဘုရားသခင်သက်သေခံတော်မူသည့်အလျောက် သူတော်ကောင်းဟူသောအသရေရသည့်ပြင် သေလွန်သော်လည်းဟောပြောလျက်ရှိသေး၏။
5 ယုံကြည်ခြင်းအားဖြင့် ဧနောက်သည် သေခြင်းနှင့်မကြုံကြိုက်ဘဲဘဝပြောင်းရာ ဘုရားသခင်ပြောင်းစေတော်မူသည့်အတိုင်း ကွယ်ပျောက်လေ၏။ ဘဝမပြောင်းမီ ဘုရားသခင့်စိတ်တော်နှင့်တွေ့သူဟူသော အသရေရသူဖြစ်၏။
6 ဘုရားသခင့်ထံချဉ်းကပ်လိုသူသည် ကိုယ်တော်ရှိတော်မူကြောင်းကိုလည်းေကာင်း၊ လိုက်ရှာသူတို့အား အကျိုးပေးတော်မူကြောင်းကိုလည်းေကာင်း ယုံကြည်ရမည်။ ယုံကြည်ခြင်းမရှိလျှင် စိတ်တော်နှင့်တွေ့ရာမရောက်နိုင်ချေ။
7 ယုံကြည်ခြင်းအားဖြင့် နောဧသည် မျက်ကွယ်သေးသောအရာများနှင့်စပ်၍ ဗျာဒိတ်တော်ကိုခံရသည့်အလျောက် အိမ်သူအိမ်သားတို့ပါဘေးလွတ်စေရန် ဘုရားတရားကြည်ညိုစွာ သင်္ဘောတည်လျက် လောကသားတို့ကိုအပြစ်တင်၍ ယုံကြည်ခြင်းဆိုင်ရာဖြောင့်မတ်ခွင့်ကိုပိုင်ရလေ၏။
8 ယုံကြည်ခြင်းအားဖြင့် အာဗြဟံသည် ပိုင်ရမည့်ပြည်သို့သွားရန်ခေါ်တော်မူသည့်အလျောက် နာခံလျက် မည်သည့်ဒေသမှန်းမသိဘဲ ထွက်သွားလေ၏။
9-10 ယုံကြည်ခြင်းအားဖြင့်လည်းသူသည် ဘုရားသခင်တည်ထောင်ပြုစုတော်မူမည့် အမြစ်အခြေနှင့်ပြည့်စုံသောမြို့တော်ကို ေမျှာ်မြင်သည်နှင့်အညီ နိုင်ငံခြားသဖွယ် ကတိထားတော်မူသောပြည်၌ဝင်နေလျက် အမွေခံချင်းဖြစ်သူ ဣဇာက်၊ ယာကုပ်တို့နှင့်တကွ တဲများတွင်နေထိုင်ရလေ၏။
11 ယုံကြည်ခြင်းအားဖြင့် စာရာ့ကိုယ်တိုင်ပင် ကတိထားခဲ့သောအရှင့်သစ္စာတည်တော်မူကြောင်း မှတ်ယူလျက် အရွယ်လွန်ပြီးနောက် သန္ဓေယူနိုင်ခွင့်တန်ခိုးကိုရသည်ဖြစ်၍၊
12 သေသောကိုယ်ရှိသူမှ ကောင်းကင်ကြယ်လုံးရေကဲ့သို့လည်းေကာင်း၊ မရေမတွက်နိုင်သော သမုဒ္ဒရာကမ်းခြေရှိသဲလုံးကဲ့သို့လည်းေကာင်း၊ အများအပြားပေါက်ပွားကြ၏။
13 ထိုသူရှိသမျှတို့သည် ကတိထားတော်မူရာများကိုမခံစားရဘဲ အဓွန့်ရှည်စွာက ေမျှာ်မြင်အားရလျက် မြေကြီးပေါ်တွင် ဧည့်သည်အာဂန္တုမျှသာဖြစ်ကြောင်းဝန်ခံပြီးနောက် ယုံကြည်လျက်သေလွန်ကြ၏။
14 ထိုသို့ဝန်ခံသူတို့သည် ကိုယ်ပိုင်ပြည်ကိုတောင့်တလျက်နေကြောင်း ဖော်ပြကြ၏။
15 ထွက်လာရင်းပြည်ကိုစွဲလမ်းလျှင် ပြန်ခွင့်ရကြလေပြီ။
16 မုချအားဖြင့် သာ၍မြတ်သောကောင်းကင်ပြည်တော်ကိုရှာကြံကြသဖြင့် ဘုရားသခင်သည် သူတို့အဖို့မြို့တော်ပြင်ဆင်ပြီးဖြစ်လျက် သူတို့ဘုရားဟုအခေါ်ခံရန်ရှက်တော်မမူ။
17-19 ယုံကြည်ခြင်းအားဖြင့် အာဗြဟံသည်စုံစမ်းခံရသည့်ကာလ ဣဇာက်ကိုဆက်ကပ်၏။ ထိုသို့ပင် ဣဇာက်မှသာ သင့်အမျိုးအနွယ်ဟုသမုတ်လိမ့်မည်ဟူသော ကတိတော်များကိုခံရသူသည် သူသေတို့ထဲမှပင် ဘုရားသခင်ရှင်ပြန်ထမြောက်စေတော်မူနိုင်ကြောင်းမှတ်ယူလျက် ဧကပုတ္တသားကိုဆက်ကပ်လေစွ။ ပမာဆိုသော် သူသေတို့အထဲမှ ပြန်ရသည်မှန်၏။
20 ယုံကြည်ခြင်းအားဖြင့် ဣဇာက်သည် ယာကုပ်နှင့်ဧသောတို့ကို ဖြစ်လတ္တံ့သောအကြောင်းအရာများနှင့်စပ်၍ ကောင်းကြီးပေး၏။
21 ယုံကြည်ခြင်းအားဖြင့် ယာကုပ်သည် သေအံ့ဆဲကာလ၌ တောင်ဝေှးထိပ်ပေါ်မှာဦးညွတ်လျက် ယောသပ်သားအသီးအသီးကို ကောင်းချီးပေးလေ၏။
22 ယုံကြည်ခြင်းအားဖြင့် ယောသပ်သည် သေချိန်နီးသော် ဣသရေလအမျိုးသားတို့ ထွက်လွတ်ခွင့်ရမည့်အကြောင်းမြွက်ဆိုလျက် ကိုယ့်အရိုးကောက်မှုနှင့်စပ်၍ အမိန့်ပညတ်ထားခဲ့၏။
23 ယုံကြည်ခြင်းအားဖြင့် မောရှေဖွားမြင်သည့်ကာလမိဘတို့သည် အဆင်းလှသောသူငယ်ဖြစ်ကြောင်း သိမြင်၍ ဘုရင်မင်းအမိန့်တော်ကိုမကြောက်ဘဲ သုံးလပတ်လုံးဝှက်ထားကြ၏။
24 ယုံကြည်ခြင်းအားဖြင့် မောရှေသည်အရွယ်ရောက်သည့်ကာလ ဖာရောမင်းသမီးတော်၏ သားတော်ဘွဲ့ကိုငြင်းဆိုလျက်၊
25 အပြစ်၌ ေခတ္တပျော်ပါးသည်ထက် ဘုရားသခင့်လူမျိုးတော်နှင့်တကွ ညှဉ်းပန်းခံလိုသည်မှာ၊
26 အကျိုးဆက်ကိုထောက်ေမျှာ်၍ ခရစ်တော့်အတွက်ခံရသောကဲ့ရဲ့ခြင်းသည် အိဂျစ်ပြည်ရှိဘဏ္ဍာထက်ကြီးမြတ်သောစီးပွားဟု မှတ်ယူလေ၏။
27 ယုံကြည်ခြင်းအားဖြင့်သူသည် မျက်မြင်မရသောအရှင်ကိုဖူးေမျှာ်ရသကဲ့သို့ တည်ကြည်စွာနေလျက် ဘုရင်မင်းအမျက်ကိုမကြောက်ဘဲ အိဂျစ်ပြည်ကိုစွန့်၏။
28 ယုံကြည်ခြင်းအားဖြင့် သူသည် သားဦးတို့ကိုလုပ်ကြံသောစေတမန်တော် မထိမခိုက်စေရန် ပသခါပွဲနှင့် အသွေးသွန်းပက်ခြင်းဝတ်ကို စောင့်ရှောက်၏။
29 ယုံကြည်ခြင်းအားဖြင့် သူတို့သည် ဖြတ်လိုက်ဆဲအိဂျစ်လူမျိုးတို့ကိုလွှမ်းမိုးသော ပင်လယ်နီတစ်လျှောက် ကုန်းပေါ်တွင်လျှောက်သကဲ့သို့ ဖြတ်သွားကြ၏။
30 ယုံကြည်ခြင်းအားဖြင့် ယေရိခေါမြို့ကို ခုနစ်ရက်လှည့်ပတ်မိကြသော် မြို့ရိုးများပြို၏။
31 ယုံကြည်ခြင်းအားဖြင့် ပြည်တန်ဆာရာခပ်သည် သူလျှိုတို့ကိုငြိမ်ဝပ်စွာလက်ခံသောကြောင့် နားမထောင်သူတို့နှင့်အတူမပျက်စီးရ။
32 ထပ်မံ၍ မည်သို့ပြောဆိုရဦးမည်နည်း။ ဂိဒေါင်၊ ဗာရက်၊ ရှံဆုံ၊ ယေဖသ၊ ဒါဝိဒ်၊ ရှမွေလမှစ၍ ပရောဖက်တို့အကြောင်းပြန်ကြားလျှင် အချိန်လောက်မည်မဟုတ်။
33 ယုံကြည်ခြင်းအားဖြင့် ထိုပုဂ္ဂိုလ်တို့သည် နိုင်ငံများကိုအောင်နိုင်ခွင့်၊ ဖြောင့်မှန်စွာစီရင်ခွင့်၊ ကတိတော်များကိုခံစားခွင့်၊ ခြင်္သေ့များကိုနှုတ်ပိတ်ခွင့်၊
34 မီးအရှိန်ကိုငြိမ်းခွင့်၊ ဓားဘေးလွတ်ခွင့်၊ ခွန်အားနည်းသည့်အဖြစ်မှ ခွန်အားကြီးခွင့်၊ စစ်ရေး၌စွမ်းရည်သတ္တိရှိခွင့်၊ လူမျိုးခြားတပ်များကိုတွန်းလှန်ခွင့် ရကြ၏။
35 အချို့တို့သည် သေခြင်းမှရှင်ပြန်ထမြောက်၍ ညာတိကာမတို့ထံပြန်ရောက်ရာ အချို့တို့သည် လွန်မြတ်သောရှင်ပြန်ထမြောက်ခွင့်ကိုရစေရန် ဘေးလွတ်ခွင့်မယူဘဲ ချိုးဖဲ့ဒဏ်ခံကြ၏။
36-38 ဤလောကထက်မြတ်သူအချို့တို့သည် သရော်ခြင်း၊ ရိုက်နှက်ခြင်းသာမက ချည်နှောင်ခြင်း၊ ထောင်ချခြင်းများဖြင့်စုံစမ်းခံလျက် ခဲပစ်ခြင်း၊ သွေးဆောင်ခြင်း၊ လွှဖြတ်ခြင်း၊ ဓားခုတ်ခြင်းများကိုခံကြသည့်ပြင် သိုးရေ၊ ဆိတ်ရေဝတ်လျက်၊ ခိုရာမဲ့လျက်၊ ညှဉ်းပန်းခြင်း နှိပ်စက်ခြင်းခံလျက်၊ တောတောင်ဥမင်လှိုင်များတွင် လှည့်ပြောင်း၍နေကြ၏။
39-40 ထိုသူရှိသမျှတို့သည် ယုံကြည်ခြင်းကြောင့်အသရေရသော်လည်း ငါတို့မပါဘဲ စုံလင်ရာမရောက်နှင့်ကြစေရန် လွန်ကဲသောအကျိုးကိုငါတို့အဖို့ ဘုရားသခင်တင်ကူးစီမံတော်မူသောကြောင့် ကတိတော်အတိုင်းမခံစားကြရသေး။