10
1 ပညတ်တရားတော်သည် ရောက်လတ္တံ့သောသုခချမ်းသာ၏ ပုံသဏ္ဌာန်ရင်းမဟုတ်။ အရိပ်မျှသာဖြစ်၍ တစ်နှစ်နောက်တစ်နှစ် အစဉ်ဆက်ကပ်ကြသောထိုပူဇော်သက္ကာများဖြင့် တိုးဝင်ချဉ်းကပ်သူတို့ကို မည်သည့်ကာလမျှ မစုံလင်စေနိုင်။
2 အကယ်၍စုံလင်စေနိုင်လျှင် ဝတ်ပြုသူတို့သည် အပြီးသတ်စင်ကြယ်ရာရောက်သဖြင့် သံဝေဂစိတ်ကင်းပြီးဖြစ်၍ ထိုဆက်ကပ်မှုပြတ်စဲလေပြီမဟုတ်လော။
3-4 ယခုမူကား နွားသွေး၊ ဆိတ်သွေးသည်အပြစ်ကိုမပယ်ရှားနိုင်သဖြင့် ထိုပူဇော်သက္ကာများ၌ တစ်နှစ်နောက်တစ်နှစ် အပြစ်ကိုသတိရခြင်းအကြောင်းရှိ၏။
5 သို့ဖြစ်၍ ဤလောကသို့ကြွလာတော်မူသည့်ကာလ ကိုယ်တော်ကပူဇော်သက္ကာနှင့် ဘောဇဉ်သက္ကာများကို အလိုတော်မရှိသည်နှင့် အကျွန်ုပ်အဖို့ကိုယ်ခန္ဓာကိုပြင်ဆင်တော်မူပါပြီ။
6 ကောင်လုံးမီးရှို့ရာသက္ကာနှင့် အပြစ်ဖြေရာသက္ကာများကိုလည်း နှစ်သက်တော်မမူပါ။
7 ထိုအခါ အိုဘုရားသခင်၊ ကျမ်းဂန်၌ အကျွန်ုပ်နှင့်စပ်၍ရေးထားသည့်အတိုင်း အကျွန်ုပ်သည်အလိုတော်ကို ဆောင်ရွက်ရန်ရောက်လာပါပြီဟု အကျွန်ုပ်ဝန်ခံကြောင်းဗျာဒိတ်တော်ရှိ၏။
8 ပညတ်တရားအရဆက်ကပ်လေ့ရှိသော ပူဇော်သက္ကာ၊ ဘောဇဉ်သက္ကာ၊ ကောင်းလုံးမီးရှို့ရာသက္ကာ၊ အပြစ်ဖြေရာသက္ကာများကိုအလိုတော်မရှိ၊ နှစ်သက်တော်မမူဟု ဦးစွာဗျာဒိတ်တော်ရှိပြီးနောက်၊
9 အကျွန်ုပ်သည် အလိုတော်ကိုဆောင်ရွက်ရန်ရောက်လာပါပြီဟု ဗျာဒိတ်တော်ရှိပြန်ရာ ဒုတိယတာဝန်ကို အတည်ပြုခြင်းငှာ ပထမတာဝန်ကိုပစေတော်မူ၏။
10 ထိုသို့ယေရှုခရစ်၏ကိုယ်ခန္ဓာတော်ကို အပြီးသတ်ဆက်ကပ်တော်မူခြင်းအားဖြင့် ငါတို့သည်ထိုအလိုတော်အတိုင်း သန့်ရှင်းရာရောက်ကြလေပြီ။
11 ၎င်းပြင် ပရောဟိတ်ရှိသမျှသည် မည်သည့်အခါမျှအပြစ်မပယ်နိုင်သော ထိုပူဇော်သက္ကာများကို တစ်နေ့နောက်တစ်နေ့အကြိမ်ကြိမ်ဆက်ကပ်လျက် ဝတ်ပြုလျက်နေရကြ၏။
12-14 ကိုယ်တော်မူကား အပြစ်ဖြေရာသက္ကာကိုကာလအစဉ်အဖို့ အပြီးသတ်ဆက်ကပ်ပြီးနောက် သန့်ရှင်းရာရောက်လျက်နေသူတို့ကို တစ်ကြိမ်တည်းသောဆက်ကပ်မှုဖြင့် စုံလင်စေသည့်အလျောက် ရန်သူတော်ကို ခြေတော်တင်ရာမဖြစ်ေစမီအတွင်းငံ့လင့်လျက် ဘုရားသခင့်ယာဘက်တော်တွင်စံတော်မူ၏။
15-16 သန့်ရှင်းသောဝိညာဉ်တော်ကလည်း ထိုကာလနောက် ထိုသူတို့နှင့်ငါဖွဲ့မည့်ပဋိညာဉ်မှာ နှလုံးထဲသို့ပညတ်တရားတော်များကိုထည့်သွင်း၍ သဘောပေါ်တွင်အက္ခရာတင်မည်ဟု ထာဝရဘုရားမိန့်တော်မူကြောင်းဆင့်ဆိုပြီးမှ၊
17 သူတို့အပြစ်ဒုစရိုက်များကို ငါမှတ်ထားတော်မူမည်မဟုတ်ဟုဆင့်ဆိုလျက် ငါတို့အားသက်သေခံတော်မူ၏။
18 ဖြေလွှတ်ခွင့်ရှိရာ၌ အပြစ်အတွက်ဆက်ကပ်မှုပြုရတော့သည်မဟုတ်။
19-20 သို့ဖြစ်၍ ညီအစ်ကိုတို့၊ ယေရှုသည် ရုပ်ခန္ဓာတော်တည်းဟူသောကန့်လန့်ကာကိုဖွင့်ပြီးလျှင် အသက်ရှင်သောလမ်းသစ်ကို ငါတို့အဖို့စီမံတော်မူသည့်အတိုင်း အသွေးတော်အားဖြင့် အထူးသန့်ရှင်းရာ ဌာနတော်တွင်းသို့ရဲရင့်စွာဝင်ခွင့်ကို ငါတို့ရကြသောကြောင့်လည်းေကာင်း၊
21 ဘုရားသခင့်ဗိမာန်တော်ပေါ်တွင် မဟာပေရာဟိတ်တစ်ပါးကိုရရှိကြသောကြောင့်လည်းေကာင်း၊
22 ဆိုးသွမ်းသော သြတ္တပ္ပစိတ်ကင်းသည့်တိုင်အောင် နှလုံး၌ဖျန်းခြင်း သန့်သောရေနှင့်ကိုယ်ခန္ဓာ၌ ဆေးကြောခြင်းကိုခံပြီးသည့်အလျောက် ဖြောင့်မှန်သောစိတ်သဘောနှင့် ယုံကြည်စိတ်ချစွာတိုးဝင်ချဉ်းကပ်ကြကုန်အံ့။
23 ကတိထားသောအရှင်သည် သစ္စာတည်တော်မူသောကြောင့် ငါတို့ဝန်ခံရာမျှော်လင့်ခွင့်ကို မယိမ်းမယိုင်စွဲမြဲခြင်း၊
24 မေတ္တာနှင့်ကောင်းမှုကိုလုံ့လထုတ်အံ့သောငှာ တစ်ယောက်ကိုတစ်ယောက်ထောက်ထားခြင်း၊
25 အချို့တို့ဓလေ့အတိုင်း စည်းဝေးဝတ်ကိုမလှပ်ထားဘဲ နေ့တော်နီးကြောင်းသင်တို့မျှော်မြင်သည့်အလျောက် အချင်းချင်းအား အထူးနှိုးဆော်ခြင်းများကိုပြုကြကုန်အံ့။
26 အသို့ဆိုသော် သမ္မာတရားတော်ကိုသိကျွမ်းရပြီးမှ ငါတို့တမင်ပြစ်မှားလျှင် အပြစ်ဖြေရာသက္ကာကျန်တော့သည်မဟုတ်ဘဲ၊
27 စီရင်ဆုံးဖြတ်ခံရမည်ဟုကြောက်ရွံ့ခြင်းဒဏ်၊ ဖီဆန်သူတို့ကိုကျွမ်းလောင်မည့် မီးပြင်းဒဏ်သာရှိ၏။
28 မောရှေ၏တရားတော်ကိုငြင်းပယ်သူသည် သက်သေနှစ်ဦးသုံးဦးထွက်ဆိုသော် သနားခြင်းကင်းလျက် သေဒဏ်ခံရသည်မှန်လျှင် ဘုရားသခင့်သားတော်ကိုကျော်နင်း၍၊
29 ကိုယ်ကိုသန့်ရှင်းစေသောပဋိညာဉ်၏အသွေးတော်ကို မသန့်ဟုမှတ်ယူလျက် ကျေးဇူးရှင်ဝိညာဉ်တော်ကိုလည်း မထီလေးစားပြုသူသည် မည်မျှပြင်းထန်သောပြစ်ဒဏ်ကိုခံထိုက်သည်ဟု ထင်မှတ်ကြရသနည်း။
30 လက်စားချေခြင်းသည် ငါပိုင်ဖြစ်သည့်အလျောက်ငါဆပ်ပေးမည်ဟူ၍လည်းေကာင်း၊ ထာဝရဘုရားသည် လူမျိုးတော်ကိုစီရင်ဆုံးဖြတ်တော်မူမည်ဟူ၍လည်းေကာင်း၊ ဗျာဒိတ်တော်ရှိသောအရှင်ကို ငါတို့သိကြ၏။
31 အသက်ရှင်တော်မူသောဘုရားသခင့်လက်တော်သို့ ကျရောက်ရခြင်းသည် အလွန်ကြောက်မက်ဖွယ်ကောင်းစွတကား။
32-33 သင်တို့သည် အလင်းတော်ပွင့်ပြီးနောက် ကဲ့ရဲ့ခြင်း၊ ညှဉ်းပန်းခြင်းခံရ၍ ကျုံးဝင်ရသူအဖြစ်ဖြင့်လည်းေကာင်း၊ ထိုသို့ခံရသောသူတစ်ပါးတို့နှင့်ဆက်ဆံသူများအဖြစ်ဖြင့်လည်းေကာင်း၊ ပြင်းထန်မြောက်များစွာ ဒုက္ခခံခဲ့ရသောအထက်နေ့ရက်ကာလကို သတိရကြလော့။
34 သင်တို့သည် အကျဉ်းကျသူတို့နှင့်သက်ဝင်ကြသည့်ပြင် လွန်မြတ်တည်မြဲသောစည်းစိမ်ချမ်းသာ ပိုင်သည်ကိုထောက်၍ ကိုယ့်စည်းစိမ်ချမ်းသာအလုအယက်ကို ရွှင်လန်းစွာသည်းခံခဲ့ကြ၏။
35 သို့ဖြစ်၍ အကျိုးများစွာဖြစ်ထွန်းစေသောသင်တို့ရဲရင့်ခွင့်ကို မစွန့်မပယ်ကြနှင့်။
36 အသို့ဆိုသော် ဘုရားသခင့်အလိုတော်ကိုဆောင်ရွက်ပြီးနောက် ကတိတော်အတိုင်းခံစားရအံ့သောငှာ သင်တို့တည်ကြည်ကြရမည်။
37 တခဏကြာသော် ကြွလာမည့်အရှင်သည် မဖင့်မနွှဲ့ပေါ်ထွန်းတော်မူလိမ့်မည်။
38 ငါ၏ဖြောင့်မတ်သူသည် ယုံကြည်ခြင်းအားဖြင့်အသက်ရှင်ရသော်လည်း တွန့်ဆုတ်က ငါသည်သူ၌ နှစ်သက်သောစိတ်ရှိမည်မဟုတ်ဟု ဗျာဒိတ်တော်ရှိရာ၊
39 ငါတို့သည် ပျက်စီးရာရောက်အောင်တွန့်ဆုတ်သူတို့မဟုတ်။ အသက်ချမ်းသာခံစားရသည့်တိုင်အောင် ယုံကြည်သူတို့ဖြစ်ကြသတည်း။