47
1 ယောသပ်လည်း ဖာရောမင်းထံဝင်ရောက်၍ ကျွန်တော်မျိုး၏အဘနှင့်ညီအစ်ကိုတို့သည် သိုး၊ နွား၊ ဥစ္စာရှိသမျှပါ ခါနာန်ပြည်မှထွက်လာ၍ ဂေါရှင်နယ်သို့ဆိုက်ရောက်ကြပါပြီဟု တင်လျှောက်ပြီးလျှင်၊
2 ညီအစ်ကိုတို့အနက် ငါးယောက်ကိုရွေးချယ်၍ ဖာရောမင်းထံသို့သွင်းရာ၊
3 ဖာရောမင်း၊ မည်သို့အသက်မွေးကြသနည်းဟုမေးသော် ကျွန်တော်မျိုးတို့သည် ဘိုးဘေးတို့ဘာ၀အလိုက် သိုးထိန်းဖြစ်ကြပါသည်ဟူ၍လည်းေကာင်း၊
4 ခါနာန်ပြည်တွင် အစာခေါင်းပါးခြင်းကပ်ကြီးသည်ဖြစ်၍ သိုးနွားရေစာမရှိသောကြောင့် ပြည်တော်၌တည်းခိုရန် ကျွန်တော်မျိုးတို့ရောက်လာကြသည်နှင့် ဂေါရှင်နယ်တွင်နေထိုင်ခွင့်ပြုတော်မူပါဟူ၍လည်းေကာင်း၊ ဖာရောမင်းထံ တင်လျှောက်ကြသောအခါ၊
5 ယောသပ်အား ဖာရောမင်းက၊ သင့်ထံ အဘနှင့်ညီအစ်ကိုတို့ရောက်လာကြပြီဖြစ်၍၊
6 အိဂျစ်ပြည်သည် သင့်ရှေ့မှာရှိသည့်အတိုင်း သင့်အဘနှင့်ညီအစ်ကိုတို့ကို အကောင်းဆုံးသောနေရာတွင်ချထားလော့။ ဂေါရှင်ပြည်၌နေစေလျက် စွမ်းရည်သတ္တိရှိသူပါကြောင်းသိလျှင် သိုးတော်၊ နွားတော်အုပ်ရာထူးကိုခန့်ထားလော့ဟု မိန့်ဆိုလေ၏။
7 အဘယာကုပ်ကိုလည်း ဖာရောမင်းထံယောသပ်သွင်းပြရာတွင် ဖာရောမင်းအား ယာကုပ်မင်္ဂလာဆက်သပြီးနောက်၊
8 အသက်မည်မျှရှိသနည်းဟု ဖာရောမင်းမေးလျှင်၊
9 ယာကုပ်က၊ ဧည့်သည်အဖြစ်နေခဲ့ရသောအသက်ကား အနှစ်တစ်ရာ့သုံးဆယ်ရှိပါပြီ။ အသက်နှစ်ပေါင်းနည်းပါး၍ ဆိုးသွမ်းပါ၏။ ဧည့်သည်အဖြစ်နေခဲ့သော ဘိုးဘေးတို့အသက်တန်းကို မမှီပါဟု လျှောက်ဆိုပြီးလျှင်၊
10 ဖာရောမင်းအား မင်္ဂလာဆက်သ၍ အထံတော်မှထွက်ဆင်းလေ၏။
11 ဖာရောမင်းအမိန့်တော်အတိုင်း ယောသပ်သည် အဘနှင့်ညီအစ်ကိုတို့ကိုနေရာချ၍ အိဂျစ်ပြည်တွင် အကောင်းဆုံးသောအရပ်၊ ရာမသက်နယ်တွင် အပိုင်ပေးသည့်ပြင်၊
12 အဘမှစ၍ ညီအစ်ကိုတို့နှင့်အိမ်ထောင်သားချင်းအပေါင်းတို့ကို သူငယ်များပါ ဦးရေအလိုက်ကျွေးမွေး၏။
13 အစာခေါင်းပါးခြင်းကပ်အလွန်ကြီး၍ အပြည်ပြည်စားရာမဲ့ဖြစ်သောကြောင့် အိဂျစ်ပြည်နှင့်ခါနာန်ပြည် ငတ်မွတ်အားလျော့ကြ၏။
14 အိဂျစ်နှင့်ခါနာန်ပြည်သူပြည်သားတို့၌ ရှိသမျှသောငွေကို စပါးဖိုးဖြင့်ယောသပ်စုသိမ်း၍ ဖာရောမင်းတိုက်တော်သို့ သွင်းထားလေ၏။
15 အိဂျစ်ပြည်ခါနာန်ပြည်၌ ငွေကုန်သောအခါ အိဂျစ်လူအပေါင်းတို့သည် ယောသပ်ထံလာ၍၊ အစာကိုပေးသနားတော်မူပါ။ ကျွန်တော်မျိုးတို့သည် ငွေကုန်သော်လည်း ရှေ့တော်တွင်အဘယ်ကြောင့် သေရကြအံ့နည်းဟုလျှောက်ကြသော်၊
16 ယောသပ်က၊ တိရစ္ဆာန်များကိုသွင်းကြ။ ငွေကုန်လျှင် တိရစ္ဆာန်အစားငါပေးမည်ဟုဆိုသည့်အတိုင်း တိရစ္ဆာန်များကိုသွင်းရာ
17 ယောသပ်သည် မြင်း၊ သိုး၊ ဆိတ်၊ နွား၊ မြည်းများအစား စပါးကိုပေးသဖြင့် ထိုနှစ်တွင် တိရစ္ဆာန်ရှိသမျှတို့နှင့်လဲ၍ ပြည်သားများကိုကျွေးမွေး၏။
18 ထိုနှစ်ကုန်ပြီးမှ ဒုတိယနှစ်တွင်လာပြန်ကြ၍ ကျွန်တော်မျိုးတို့ငွေနှင့်တိရစ္ဆာန်ရှိသမျှ အရှင့်လက်ဝယ်ရောက်ကြောင်း အတည့်အလင်းဝန်ခံပါ၏။ အရှင်သိတော်မူသည့်အတိုင်း ကျွန်တော်မျိုးတို့ကိုယ်နှင့်မြေမှတစ်ပါး အကြွင်းအကျန်မရှိပါ။
19 ကျွန်တော်မျိုးတို့နှင့် ကိုယ်ပိုင်မြေသည် ရှေ့တော်တွင် အဘယ်ကြောင့်ပျက်စီးဆုံးပါးရအံ့နည်း။ ကျွန်တော်မျိုးတို့နှင့်မြေကို အစာဖြင့်ဝယ်တော်မူပါ။ မြေနှင့်တကွ ဖာရောမင်းထံကျွန်ခံပါမည်။ ကျွန်တော်မျိုးတို့မသေ၊ အသက်ရှင်စေရန်လည်းေကာင်း၊ မြေလည်းဖုန်းဆိုးမဖြစ်စေရန်လည်းေကာင်း မျိုးစေ့ပေးတော်မူပါဟု လျှောက်ကြ၏။
20 အစာခေါင်းပါးခြင်းကပ်သည် အိဂျစ်လူတို့အပေါ်တွင် ဖိစီးသောကြောင့် အသီးအသီးကိုယ်ပိုင်မြေကွက်များကို ရောင်းချရသဖြင့် အိဂျစ်ပြည်ရှိလယ်မြေဟူသမျှကို ဖာရောမင်းအဖို့ ယောသပ်ဝယ်၍ တစ်ပြည်လုံးအရာတော်ဖြစ်လေ၏။
21 အိဂျစ်ပြည်တစ်စွန်းမှတစ်စွန်းတိုင်အောင် တစ်ဝှမ်းလုံးရှိလူတို့ကို မြို့များအတွင်းသို့ခိုဝင်စေ၏။
22 ပရောဟိတ်တို့မှာမူ ဖာရောမင်းထံမှ ထုံးဖွဲ့ချက်ဆွမ်းအလှူခံ၍စားရသောကြောင့် ဝတ္ထုကံမြေကိုမရောင်းရကြ။
23 ပြည်သူပြည်သားတို့အား ယောသပ်က၊ မြေနှင့်တကွသင်တို့ကို ဖာရောမင်းအဖို့ယခုဝယ်ပြီ။ မျိုးစေ့ကိုယူ၍စိုက်ပျိုးကြလော့။
24 ရိတ်သိမ်းချိန်တွင် ငါးဖို့တစ်ဖို့ကို ဖာရောမင်းအားဆက်သွင်း၍ လေးဖို့မူကားမျိုးစိုက်ပျိုးစေရန်လည်းေကာင်း၊ သင်တို့မှစ၍ သူငယ်တို့နှင့်အိမ်သူအိမ်သားတို့သုံးဆောင်စေရန်လည်းေကာင်း၊ သင်တို့အဖို့ဖြစ်လိမ့်မည်ဟု ဆိုလျှင်၊
25 ထိုသူတို့က၊ အရှင်သည် ကျွန်တော်မျိုးတို့အသက်ကိုဆယ်ခဲ့ပါပြီ။ မျက်နှာသာရလျက် ဖာရောမင်းထံ ကျွန်ခံပါမည်ဟုလျှောက်ကြ၏။
26 ထိုသို့အိဂျစ်ပြည်တွင် ဖာရောမင်းအား ငါးဖို့တစ်ဖို့ခွန်ဆက်သွင်းရန် ယခုတိုင်အောင် တည်သောရာဇသတ်ကို ယောသပ်စီရင်ခဲ့၏။ ပရောဟိတ်များ၏ ဝတ္ထုကံမြေကိုသာ ဖာရောမင်းမသိမ်းမယူချေ။
27 ဣသရေလလူတို့မူကား အိဂျစ်ပြည်ဂေါရှင်နယ်တွင်နေထိုင်လျက် အပိုင်ရ၍ များပြားစွာတိုးပွားကြ၏။
28 ယာကုပ်သည် အိဂျစ်ပြည်တွင် ဆယ့်ခုနစ်နှစ်ကြာနေ၍ အသက်တစ်ရာ့လေးဆယ့်ခုနစ်နှစ်ရှိသော်၊
29 သေချိန်နီးသဖြင့် သားယောသပ်ကိုခေါ်၍ သင့်စိတ်နှင့်တွေ့လျှင် ငါ့ပေါင်အောက်လက်ကိုထားပါလော့။ ငါ၌သစ္စာနှင့်ကျေးဇူးပြုရမည်မှာ အိဂျစ်ပြည်တွင် ငါ့ကိုမသင်္ဂြိုဟ်ဘဲ၊
30 ဘိုးဘတို့နှင့်အတူ အိပ်ပျော်ရသောအခါ အိဂျစ်ပြည်မှ ငါ့အလောင်းကိုဆောင်သွား၍ သူတို့သင်္ချၖိုင်းတွင် သင်္ဂြိုဟ်လော့ဟု ဣသရေလမှာဆိုလျှင် ယောသပ်က၊ အဘမှာထားသည့်အတိုင်း ကျွန်တော်ပြုပါမည်ဟု ဝန်ခံလေ၏။
31 ငါ့အားသစ္စာဆိုလော့ဟုပြောလျှင် သစ္စာဆိုလေ၏။ ဣသရေလလည်း ခုတင်ခေါင်းရင်းပေါ်တွင် ရှိခိုးလေ၏။