46
ထိုနောက် ဣသရေလသည် ပိုင်ဆိုင်သမျှပါခရီးသွား၍ ဗေရရှေဘအရပ်သို့ရောက်သော် အဘဣဇာက်၏ဘုရားသခင်အား ပူဇော်သက္ကာကိုဆက်ကပ်လေ၏။ ညဉ့်အခါ ဣသရေလသည် အာရုံဖြင့်ထင်မြင်၍ ဘုရားသခင်က၊ ယာကုပ်၊ ယာကုပ်ဟုခေါ်တော်မူလျှင်၊ ယာကုပ်က အကျွန်ုပ်ရှိပါသည်ဟုလျှောက်သော်၊ ငါဘုရားသည်၊ သင့်အဘ၏ဘုရားသခင်ပေတည်း။ အိဂျစ်ပြည်သို့သွားရောက်ရန် ကြောက်ရွံ့ခြင်းမရှိနှင့်။ ထိုပြည်တွင် သင့်အားဖြင့် လူမျိုးကြီးငါဖြစ်စေမည်။ အိဂျစ်ပြည်သို့ သင်နှင့်အတူငါသွားမည်။ ပြန်၍မုချငါခေါ်ခဲ့ဦးမည်။ ယောသပ်သည် သင့်မျက်စိကိုလက်ဖြင့် ပိတ်လိမ့်မည်ဟု မိန့်တော်မူ၏။ ထိုနောက် ​ဗေရရှေဘအရပ်မှယာကုပ်ထွက်ရာ သူစီးရန်ဖာရောမင်းပို့လိုက်သော လှည်းများတွင် ဣသရေလသားတို့သည် အဘယာကုပ်မှစ၍ မိန်းမများနှင့်သူငယ်များတို့ကိုစီးစေ၍၊ ယာကုပ်နှင့်သားမြေးတို့ပါ ခါနာန်ပြည်တွင် ဆည်းပူးခဲ့သောဥစ္စာပစ္စည်းနှင့် တိရစ္ဆာန်များကို အိဂျစ်ပြည်သို့ ယူသွားကြ၏။ သားသမီးမြေးမှစသော အမျိုးအနွယ်အပေါင်းတို့သည် အိဂျစ်ပြည်သို့ သူနှင့်အတူပါသွားကြ၏။
အိဂျစ်ပြည်သို့လာရောက်သော ဣသရေလအမျိုးသားတို့၊ ယာကုပ်မှစ၍သားစဉ်မြေးဆက် အမည်စာရင်းကား၊ ယာကုပ်သားဦး၊ ရုဗင်တည်း။ ရုဗင်သားများကား ဟာနုတ်၊ ဖာလု၊ ဟေဇရုံ၊ ကာမိတို့တည်း။ 10 ရှိမောင့်သားများကား ယေမွေလ၊ ယာမိန်၊ သြဟဒ်၊ ယာခိန်၊ ဇောဟာနှင့် ခါနာန်သူမိန်းမ၏သား ရှောလတို့တည်း။ 11 လေဝိသားများကား ဂေရရှုံ၊ ကောဟတ်၊ မေရာရိတို့တည်း။ 12 ယုဒသားများကား ဧရ၊ သြနန်၊ ရှေလ၊ ဖာရက်၊ ဇေရတို့တည်း။ ၎င်းဧရနှင့်သြနန်တို့သည် ခါနန်ပြည်၌သေလွန်ကြ၏။ ဖာရက်သားများကား ဟေဇရုံနှင့် ဟာမုလတို့တည်း။ 13 ဣသခါ့သားများကား တောလ၊ ဖုဝါ၊ ယောဘ၊ ရှိမရုန်တို့တည်း။ 14 ဇာဗုလုန့်သားများကား သရက်၊ ဧလုန်၊ ယာလေလတို့တည်း။ 15 သမီးဒိနနှင့်ထိုသူတို့သည် ပါဒနာရံပြည်တွင် ယာကုပ်ဖြင့်လေအာဖွားသောသားများဖြစ်၏။ သားသမီးမြေး လူပေါင်းသုံးဆယ့်သုံးယောက်တည်း။
16 ဂဒ်သားများကား ဇိဖျုန်၊ ဟဂ္ဂိ၊ ရှုနိ၊ ဧဇဗုန်၊ ဧရိ၊ အရောဒိ၊ အရေလိတို့တည်း။ 17 အာရှာ့သားများကား ယိမန၊ ဣရွာ၊ ဣရွှိ၊ ဗေရိယနှင့် နှစ်မစေရတို့တည်း။ ဗေရိယသားများကား ဟေဗာနှင့်မာလချေလတို့တည်း။ 18 ထိုသူတို့သည် သမီးလေအာအား လာဗန်လက်ဖွဲ့သောဇိလပဖြင့် ယာကုပ်ရသောသားများဖြစ်၏။ လူပေါင်းတစ်ဆယ့်ခြောက်ယောက်တည်း။
19 ယာကုပ်မယား ရာခလေသားများကား ယောသပ်နှင့်ဗင်္ယာမိန်တို့တည်း။ 20 သြနမြို့ရှိ ပရောဟိတ်ပေါတိဖေရသမီးအာသနတ်ဖြင့် အိဂျစ်ပြည်၌ယောသပ်ရသောသားများကား မနာရှေနှင့်ဧဖရိမ်တို့တည်း။ 21 ဗင်္ယာမိန့်သားများကား ဗေလ၊ ဗေခါ၊ အာရှဗေလ၊ ဂေရ၊ နေမန်၊ ဧဟိ၊ ရောရှ၊ မုပိမ်၊ ဟုပိမ်၊ အာရဒတို့တည်း။ 22 ထိုသူတို့သည် ယာကုပ်ဖြင့်ရာခေလဖွားသောသားများဖြစ်၏။ လူပေါင်းဆယ့်လေးယောက်တည်း။
23-24 ဒန့်သားကား ဟုရှိမ်တည်း။ နဿလိသားများကား ယာဇေလ၊ ဂုနိ၊ ယေဇာ၊ ရှိလင်တို့တည်း။ 25 ထိုသူတို့သည် သမီးရာခေလအား လာဗန်လက်ဖွဲ့သောဗိလဟာဖြင့် ယာကုပ်ရသောသားများဖြစ်၏။ 26 လူပေါင်းခုနစ်ယောက်တည်း။ ယာကုပ်မှဆင်းသက်၍ အိဂျစ်ပြည်သို့လာရောက်သောလူပေါင်းကား ချွေးမများကို ချန်လှပ်၍ ခြောက်ဆယ့်ခြောက်ယောက်တို့တည်း။ 27 ၎င်းပြင် အိဂျစ်ပြည်၌ယောသပ်ရသောသားနှစ်ယောက်ရှိ၏။ သို့ဖြစ်၍ အိဂျစ်ပြည်သို့ဝင်ရောက်သော ယာကုပ်၏အမျိုးသားလူပေါင်းကား ခုနစ်ဆယ်တည်း။
28 ဂေါရှင်နယ်သို့ပို့ဆောင်စေရန် ယောသပ်ထံ ယုဒကိုကြိုတင်စေလွှတ်ပြီးမှ ဂေါရှင်နယ်သို့ရောက်ကြ၏။ 29 ယောသပ်သည် ရထားကိုကစေပြီးလျှင် အဘဣသရေလအားကြိုဆိုရန် ဂေါရှင်ပြည်သို့သွား၍ အဘထံရောက်သော် လည်ရှက်ဖက်ယမ်းလျက် ငိုကြွေးနေလေ၏။ 30 ဣသရေလကလည်း သင်သည်အသက်ရှင်၍ မျက်နှာကိုမြင်ရသောကြောင့် ယခုငါသေပျော်ပြီဟု ယောသပ်အားဆိုလေ၏။ 31 ထိုနောက်ယောသပ်က ဖာရောမင်းရှေ့တော်သို့၀င်၍ တင်လျှောက်မည်မှာ ခါနာန်ပြည်တွင်နေသူ ညီအစ်ကိုတို့မှစသော အဘအိမ်ထောင်သားချင်းတို့သည် ကျွန်တော်မျိုးထံရောက်လာကြပါပြီ။ 32 ထိုသူတို့သည် သိုးနွားကိုမွေး၍ ထိန်းကျောင်းသူများဖြစ်သဖြင့် သိုးအုပ်နွားအုပ်မှစသော ရှိသမျှကို ဆောင်ခဲ့ကြပါပြီဟု တင်လျှောက်မည်။ 33 ညီအစ်ကိုတို့လည်း ဖာရောမင်းခေါ်၍ မည်သို့အသက်မွေးသနည်းဟု မေးတော်မူခဲ့လျှင်၊ 34 ကျွန်တော်မျိုးတို့သည် ငယ်ရွယ်စဉ်ကယခုတိုင်အောင် ဘိုးဘေးတို့ဘာ၀အလိုက် သိုးနွားများကို မွေးသောသူဖြစ်ကြပါသည်ဟု တင်လျှောက်ကြရမည်။ သို့မှ သိုးထိန်းဟူသမျှကို အိဂျစ်လူတို့ရွံရှာတတ်သောကြောင့် ဂေါရှင်ပြည်မှာနေခွင့်ရကြလိမ့်မည်ဟု ညီအစ်ကို၊ အဘအိမ်သူအိမ်သားတို့အား ပြောဆိုလေ၏။