45
1 ထိုအခါ ယောသပ်သည် ခစားသူအပေါင်းတို့ရှေ့တွင် မချုပ်တည်းနိုင်၍ လူအပေါင်းတို့ကို ငါ့ထံမှထွက်ဆင်းကြစေဟု မိန့်ဆိုပြီးလျှင် ညီအစ်ကိုတို့အား ကိုယ်ကိုသိစေစဉ်ကာလ ခစားသူတစ်ယောက်မျှမရှိ။
2 သူသည်သည်းစွာငိုကြွေးသဖြင့် အိဂျစ်ပြည်သားတို့နှင့် နန်းတော်သားတို့ကြားကြလေ၏။
3 ညီအစ်ကိုတို့အား ကျွန်ုပ်သည် ယောသပ်ဖြစ်၏။ ကျွန်ုပ်အဘရှိသေးသလောဟုမေးလျှင် အစ်ကိုတို့သည် သူ့ရှေ့မှာစိုးရိမ်တုန်လှုပ်လျက် စကားတုံ့ပြန်၍ မပြောနိုင်ကြ။
4 ယောသပ်ကလည်း အပါးသို့ချဉ်းကပ်လာကြပါဟု ညီအစ်ကိုတို့အားဆိုသည့်အတိုင်း ချဉ်းကပ်လာကြရာ သူက၊ ကျွန်ုပ်သည် အိဂျစ်ပြည်သို့ အစ်ကိုတို့ရောင်းလိုက်သော ညီယောသပ်ပင်တည်း။
5 သို့ရာတွင် ကျွန်ုပ်ကိုဤပြည်သို့ရောင်းလိုက်သည့်အတွက် ကိုယ်ကိုအပြစ်တင်၍ ညှိုးငယ်သောစိတ်မရှိကြနှင့်။ ဘုရားသခင်သည် သတ္တ၀ါတို့အသက်ဆက်စေရန် အစ်ကိုတို့အရင်ကျွန်ုပ်ကို စေလွှတ်တော်မူပြီ။
6 မြေပေါ်တွင် နှစ်နှစ်အစာခေါင်းပါးခဲ့ပြီ။ လယ်လုပ်ခြင်း၊ စပါးရိတ်ခြင်းကို မပြုရသောငါးနှစ်ကျန်သေး၏။
7 ဘုရားသခင်သည် မြေကြီးပေါ်တွင် ညီအစ်ကိုတို့သားစဉ်မြေးဆက် တည်ထွန်းစေရန်လည်းေကာင်း၊ ဘေးလွတ်ရာလူစုအဖြစ် ညီအစ်ကိုတို့အသက်ချမ်းသာစေရန်လည်းေကာင်း၊ ကျွန်ုပ်ကိုစေလွှတ်တော်မူနှင့်ပြီ။
8 သို့ဖြစ်၍ ဤပြည်သို့ကျွန်ုပ်ကိုစေသူကား အစ်ကိုတို့မဟုတ်၊ ဘုရားသခင်ပေတည်း။ ကိုယ်တော်လည်း ဖာရောမင်း၏ခမည်းတော်အရာ၌လည်းေကာင်း၊ နန်းတော်မှစ၍ အိဂျစ်ပြည်တစ်ဝှမ်းလုံးကို အုပ်ချုပ်သောမင်းအရာ၌လည်းေကာင်း၊ ခန့်ထားတော်မူပြီ။
9 အဘထံသို့အမြန်သွား၍ကြားပြောရမည်မှာ ဘုရားသခင်သည် ကျွန်တော်ကိုအိဂျစ်နိုင်ငံချုပ်မင်းအရာ၌ ခန့်ထားတော်မူပါပြီ။ မဆိုင်းမလင့်ဘဲ ကျွန်တော့်ထံလာပါ။
10 အဘမှစ၍ သားမြေးတို့သည် သိုး၊ ဆိတ်၊ နွားများနှင့် ဥစ္စာရှိသမျှပါ ကျွန်တော့်အနီး ဂေါရှင်နယ်တွင်တည်နေသဖြင့်၊
11 ကျန်သေးသည့်အစာခေါင်းပါးခြင်းငါးနှစ်အတွင်း အဘမှစ၍ အိမ်သူအိမ်သားနှင့်ဥစ္စာရှိသမျှပါ ဆင်းရဲဒုက္ခမရောက်ကြစေရန် ထိုအရပ်၌ကျွေးမွေးပါမည်ဟု သားယောသပ်ဆိုကြောင်း အဘအားကြားပြောကြလော့။
12 ကျွန်ုပ်သည် ညီအစ်ကိုတို့အား ကိုယ်တိုင်နှုတ်မြွက်ပြောဆိုသည်ကို အစ်ကိုတို့မျက်မြင်၊ ညီဗင်္ယာမိန်လည်း မျက်မြင်ဖြစ်ကြကုန်၏။
13 အိဂျစ်ပြည်တွင် ကျွန်ုပ်ရသောဘုန်းစည်းစိမ်မှစ၍ မြင်သမျှကို အဘအားကြားပြောလျက် ဤပြည်သို့ အလျင်အမြန်ခေါ်ယူခဲ့ကြပါဟုဆိုပြီးလျှင်၊
14 ယောသပ်နှင့်ဗင်္ယာမိန်တို့သည် လည်ရှက်ဖက်ယမ်းငိုကြွေးကြ၏။
15 အစ်ကိုရှိသမျှကိုလည်းနမ်း၍ အတူငိုကြွေးကြပြီးနောက် သူနှင့်ရောနှောပြောဆိုကြကုန်၏။
16 ယောသပ်ညီအစ်ကိုတို့ ရောက်လာကြောင်း နန်းတော်၌သတင်းကြားရာ ဖာရောမင်းမှစသော ကျေးကျွန်သင်းပင်းတို့သည် နှစ်သက်ကြ၍၊
17 ဖာရောမင်းက၊ ညီအစ်ကိုတို့အား သင်ပြောဆိုရမည်မှာ ဤသို့ပြုကြလော့။ မြည်းများကိုဝန်တင်၍ ခါနာန်ပြည်သို့ပြန်သွားသဖြင့်၊
18 အဘမှစ၍အိမ်သူအိမ်သားတို့ကိုခေါ်ယူလျက် ကျွန်ုပ်ထံသို့လာကြလော့။ အိဂျစ်ပြည်၏စီးပွားချမ်းသာကို ကျွန်ုပ်ပေးသဖြင့် မြေဆီသြဇာကို သင်တို့ခံစားရကြလိမ့်မည်။
19 ၎င်းပြင်ပြုရန်မှာ မိန်းမများ၊ သူငယ်များအဖို့၊ အိဂျစ်ပြည်မှလှည်းများကို ယူသွားပြီးလျှင် အဘကိုစီးစေ၍ လာခဲ့ကြလော့။
20 ကိုယ့်ဥစ္စာပစ္စည်းများကို မခင်တွယ်ကြနှင့်။ အိဂျစ်တစ်ပြည်လုံး၏ စီးပွားချမ်းသာသည် သင်တို့အဖို့ဖြစ်လိမ့်မည်ဟူ၍ဆိုလော့။ ငါအမိန့်ရှိသည်ဟု ယောသပ်အားမိန့်ဆိုသည်နှင့်အညီ၊
21 ဣသရေလသားတို့လိုက်နာ၍ ယောသပ်လည်း လှည်းများနှင့်လမ်းရိက္ခာများကို ပေး၏။
22 အစ်ကိုရှိသမျှတို့အား အဝတ်တစ်စုံစီပေးလျက် ဗင်္ယာမိန်အား ငွေသုံးရာနှင့်အဝတ်ငါးစုံကိုပေး၏။
23 ထိုနည်းတူ အဘအဖို့လည်း အိဂျစ်ပြည်ထွက် အထူးအမြတ်ကိုတင်ဆောင်သော မြည်းတစ်ဆယ်၊ စပါး၊ မုန့်မှစသော လမ်းရိက္ခာတင်ဆောင်သော မြည်းမတစ်ဆယ်များကို ပို့လိုက်၍၊
24 လမ်းခရီး၌ ခိုက်ရန်မဖြစ်ကြနှင့်ဟုသတိပေးလျက် ညီအစ်ကိုတို့ကိုလွှတ်လိုက်သဖြင့် သူတို့သွားကြ၏။
25 ထိုသို့အိဂျစ်ပြည်မှထွက်သွား၍ ခါနာန်ပြည်ရှိအဘယာကုပ်ထံရောက်ကြလျှင်၊
26 ယောသပ်ရှိသေးကြောင်း၊ အိဂျစ်တစ်ပြည်လုံးအုပ်ချုပ်ရကြောင်းများကို ကြားပြောကြသည်ရှိသော်၊ ယာကုပ်သည် ထိုသတင်းကိုမယုံ၍ စိတ်အားလျော့လေ၏။
27 ယောသပ်မှာသမျှစကားကို သူတို့ပြန်ကြားကြရာ အဘယာကုပ်သည် ကိုယ်စီးရန်ယောသပ်ပို့လိုက်သောလှည်းများကို မြင်ရသောအခါ စိတ်အားတက်ပြန်သဖြင့်၊ တော်လှပြီ။ ငါ့သားယောသပ်ရှိသေး၏။
28 ငါမသေမီ သူ့ထံသွားရောက်ကြည့်ရှုမည်ဟု ဣသရေလဆို၏။