38
1 ထိုကာလယုဒသည် ညီအစ်ကိုတို့ထံမှထွက်သွား၍ ဟိရအမည်ရှိသောအဒုလံမြို့သား အိမ်သို့လှည့်ဝင်လေ၏။
2 ထိုအရပ်၌ရှုအာအမည်ရှိသော ခါနာန်ပြည်သား၏သမီးကိုတွေ့မြင်လျှင် ခေါ်ယူသင့်မြတ်သဖြင့်၊
3 ထိုမိန်းမသေန္ဓရ၍ သားယောက်ျားကိုဖွားမြင်သော် ဧရဟုမှည့်လေ၏။
4 တစ်ဖန်သေန္ဓရပြန်၍ သားယောက်ျားကိုဖွားမြင်သော် သြနန်ဟုမှည့်လေ၏။
5 တစ်ဖန်သေန္ဓရပြန်၍ သားယောက်ျားကိုဖွားမြင်သော် ရှေလဟုမှည့်လေ၏။ ထိုသားကိုဖွားသောအခါ အဘသည်ခေဇိပ်မြို့မှာရှိသတည်း။
6 ထိုနောက်ယုဒသည် သားဦးဧရကို တာမာအမည်ရှိသောမိန်းမနှင့်ထိမ်းမြားလေ၏။
7 ယုဒ၏သားဦးဧရသည် ထာဝရဘုရားမျက်မှောက်တော်၌ ဆိုးသွမ်းသူဖြစ်၍ ထာဝရဘုရားကွပ်မျက်တော်မူသည်နှင့်၊
8 ယုဒက၊ သင့်မရီးထံသို့ဝင်၍ မတ်ဝတ်ပြုသဖြင့် အစ်ကို့အဖို့အမျိုးအနွယ်ဖြစ်ပွားစေလော့ဟု သြနန်အားဆို၏။
9 ၎င်းအမျိုးအနွယ်ကို ကိုယ့်အဆက်အနွယ်မမှတ်ရဟု သြနန်သိ၍ မရီးထံသို့၀င်သောအခါ အစ်ကို့အမျိုးမဆက်နွယ်စေရန် မျိုးဖျက်သဖြင့်၊
10 ထာဝရဘုရားမျက်မှောက်တော်၌ ထိုအမှုဆိုးသွမ်းသောကြောင့် သူ့ကိုလည်းကွပ်မျက်တော်မူ၏။
11 အစ်ကိုတို့ကဲ့သို့ ရှေလသေမည်ဟုစိုးရိမ်၍ ယုဒက၊ ငါ့သားရှေလအရွယ်ရောက်သည့်တိုင်အောင် သင့်အဘ၏အိမ်၌ မုဆိုးမအဖြစ်နေဦးလော့ဟု ချွေးမတာမာအားဆိုသည့်အတိုင်း တာမာသွား၍ အဘအိမ်၌နေလေ၏။
12 ကာလရှည်ကြာသော် ရှုအာ့သမီးဖြစ်သော ယုဒမယားသေလွန်ပြီးနောက် ယုဒသည် မယားကိုအလွမ်းပြေငြိမ်း၍ ကိုယ့်သိုးကို အမွေးညှပ်သူတို့ရှိရာ၊ အဒုလံမြို့သားအဆွေဟိရနှင့်အတူ တိမနတ်မြို့သို့သွားလေ၏။
13 သိုးမွေးညှပ်ရန် တိမနတ်မြို့သို့ ယောက္ခမသွားကြောင်းကို တာမာကြားသိရလျှင်၊
14 ရှေလအရွယ်ရောက်သော်လည်း မထိမ်းမြားကြောင်းသိမြင်သောကြောင့် မုဆိုးမအ၀တ်ကိုချွတ်လဲ၍ ဦးခေါင်းကိုပဝါနှင့်ဖုံးအုပ်ခြုံရုံပြီးလျှင် တိမနတ်လမ်းရှိဧနိမ်မြို့ တံခါးဝ၌ထိုင်နေလေ၏။
15 ဦးခေါင်းကိုဖုံးအုပ်လျက်ရှိသောကြောင့် ယုဒမြင်သောအခါ ချွေးမဖြစ်မှန်းမသိဘဲ ပြည်တန်ဆာဖြစ်သည်ဟု ထင်မှတ်သဖြင့်၊
16 လမ်းမှသူရှိရာသို့လှည့်သွား၍ သင့်ထံငါဝင်ပါရစေဟုဆိုလျှင် ကျွန်မထံဝင်လိုမူ၊ မည်သည့်အရာကိုပေးမည်နည်းဟုမေး၏။
17 ယုဒက၊ ဆိတ်ငယ်တစ်ကောင်ကိုပို့လိုက်မည်ဟုဆိုရာ၊ မပို့လိုက်မီ တစ်စုံတစ်ရာကိုပေါင် ထားမည်လောဟုမေးလျှင်၊
18 ယုဒက၊ မည်သည့်အရာကိုပေါင်ထားရအံ့နည်းဟုမေးသော် တံဆိပ်၊ စလွယ်နှင့် လက်ကိုင်တောင်ဝေးများကို ပေါင်ထားလော့ဟုဆိုသည့်အတိုင်း တောင်းရာကိုအပ်ပေး၍ဝင်ရောက်ရသဖြင့် သူသည်သေန္ဓရလေ၏။
19 ထိုနောက် ထ၍ဖုံးအုပ်သောပဝါကိုချွတ်ပြီးလျှင် မုဆိုးမအဝတ်ကို ဝတ်မြဲဝတ်ပြန်လေ၏။
20 ပေါင်ထားသောပစ္စည်းကို မိန်းမလက်မှရွေးယူရန် အဆွေအဒုလံမြို့သားလက်ဖြင့် ဆိတ်ငယ်ကိုယုဒပို့လိုက်ရာ သူသည်မိန်းမကိုရှာ၍မတွေ့လျှင်၊
21 ဧနိမ်မြို့လမ်းအနီးထိုင်နေသောပြည်တန်ဆာကား အဘယ်မှာနည်းဟု ထိုအရပ်သားတို့ကိုမေးသော် ဤအရပ်၌ပြည်တန်ဆာမရှိဟု ပြန်ဆိုကြသဖြင့်၊
22 ယုဒထံသို့ပြန်ပြီးလျှင် ကျွန်ုပ်သည်ထိုမိန်းမကိုရှာ၍မတွေ့ပါ။ အရပ်သားတို့ကလည်း ဤအရပ်၌ပြည်တန်ဆာမရှိဟုဆိုကြကြောင်း ကြားပြောလေ၏။
23 ယုဒကလည်း ကျွန်ုပ်တို့အရှက်မကွဲစေရန် သူ၌ရှိပါစေတော့။ ဤဆိတ်ငယ်ကို ကျွန်ုပ်ပို့လျက်နှင့် သင်သည်မိန်းမကိုရှာ၍ မတွေ့ချေတကားဟုဆို၏။
24 သုံးလခန့်ကြာသော် ချွေးမတာမာသည် ပြည့်တန်ဆာလုပ်သဖြင့် ကိုယ်ဝန်ဆောင်လျက်နေပြီဟု ကြားသိရလျှင် ယုဒက၊ သူ့ကိုထုတ်၍မီးလောင်တိုက်ဒဏ်ခံစေဟု ဆိုလေ၏။
25 ထုတ်သောအခါ တာမာက၊ ဤပစ္စည်းရှင်ဖြင့် ကျွန်မသန္ဓေရပါပြီဟု ယောက္ခမထံလျှောက်စေလျက် ထိုတံဆိပ်၊ စလွယ်၊ တောင်ဝေးများသည်၊ မည်သူ့ပစ္စည်းဖြစ်သည်ကို ရှုကြည့်ပါဟုလျှောက်ပြန်ရာ၊
26 ရှုကြည့်သော် ယုဒက၊ သားရှေလနှင့်ငါမထိမ်းမြားသဖြင့် သူသည်ငါ့ထက်ဖြောင့်မတ်ပေသည်ဟုဆို၍ နောက်တစ်ဖန်သူနှင့်ဆက်ဆံခြင်းမရှိ။
27 တာမာလည်း သားဖွားချိန်စေ့သော် ဝမ်းတွင်းသားအမြွာရှိသဖြင့်၊
28 ဖွားသည့်ကာလ သားတစ်ယောက်သည် လက်ကိုထုတ်ဆန့်ရာ လက်သည်က၊ ဤသူအရင်ဖွားလေပြီဟုဆိုလျက် ကြိုးနီယူ၍လက်ကိုစည်းလေ၏။
29 ထိုသားသည်လက်ကိုရုပ်ပြန်ရာ အမြွာဘက်ဖွားသော် လက်သည်က၊ သင်ထိုး ဖောက်လေပြီတကားဟုဆို၍ ၁ 38.29 အနက်ကား၊ အေပါက်ဖာရက်အမည်ဖြင့်မှည့်ကြ၏။
30 ထိုနောက်ကြိုးနီစည်းသောအမြွာဘက်ကိုဖွား၍ ဇေရအမည်ဖြင့်မှည့်ကြသတည်း။