39
1 ယောသပ်ကိုကား အိဂျစ်ပြည်သို့ဆောင်သွားကြရာ ထိုပြည်သား၊ ဖာရောမင်း၏အမတ်ဖြစ်သူ၊ ကိုယ်ရံတော်မှုးပေါတိဖာသည် ဆောင်ခဲ့သောဣရှမေလလူတို့လက်မှ ဝယ်ယူလေ၏။
2 ထာဝရဘုရားသည် ယောသပ်နှင့်အတူရှိတော်မူသဖြင့် အကြံထမြောက်သူဖြစ်၍ အိဂျစ်ပြည်သား၊ ကိုယ့်သခင့်အိမ်၌နေလေ၏။
3 သူနှင့်အတူ ထာဝရဘုရားရှိ၍ ပြုလေသမျှအထမြောက်စေတော်မူကြောင်းကို သခင်သိမြင်သောကြောင့်၊
4 ဆောင်ရွက်နေသူယောသပ်အား မျက်နှာသာပေးလျက် အိမ်ကိုကြီးကြပ်ကြည့်ရှုစေ၍ ဥစ္စာရှိသမျှကို သူ့လက်ဝယ်အပ်လေ၏။
5 ထိုသို့ အိမ်နှင့်ဥစ္စာရှိသမျှကိုကြည့်ရှုစေသည့်ကာလမှစ၍ ထာဝရဘုရားသည် ယောသပ်အတွက် ထိုအိဂျစ်လူ၏အိမ်ထောင်ကို ကောင်းကြီးပေးတော်မူသဖြင့် အတွင်းအပြင်ဥစ္စာရှိသမျှအပေါ်တွင် မင်္ဂလာတော်တည်လေ၏။
6 သခင်သည်ဥစ္စာရှိသမျှကို ယောသပ်လက်သို့အပ်ထား၍ ကိုယ်စားသောအစာပြင် ဥစ္စာရှိမှန်းကိုမျှ မသိမမှတ်ချေ။ ယောသပ်လည်း အဆင်းသဏ္ဌာန်လှ၍ ရှုချင်ဖွယ်ကောင်း၏။
7 ထိုနောက် သခင့်မယားသည် ယောသပ်ကိုအကြည့်ထူး၍ ငါနှင့်အတူအိပ်စက်ပါဟုဆိုလျှင်၊
8 ယောသပ်က၊ သခင်သည်ဥစ္စာရှိသမျှကို ကျွန်တော့်လက်ဝယ်အပ်ထားသည်ဖြစ်၍ အိမ်တွင် ကျွန်တော့်ထံမည်သည့်ဥစ္စာရှိမှန်းကိုမျှ မသိမမှတ်ပါ။
9 ဤအိမ်တွင်လည်း ကျွန်တော့်ထက်ကြီးမြတ်သောသူမရှိပါ။ သခင့်မယားဖြစ်သော သခင်မမှတစ်ပါး၊ ကျွန်တော်အားမနှင်းမအပ်ဘဲ တစ်စုံတစ်ရာမရှိပါလျက် ကြီးလေးသောဤပြစ်မှုကိုပြု၍ ဘုရားသခင်ကိုမည်သို့ပြစ်မှားနိုင်ပါအံ့နည်းဟု သခင့်မယားကိုငြင်းဆို၏။
10 ထိုသို့သခင်မ နေ့စဉ်ပြောဆိုသော်လည်း ယောသပ်သည် သူနှင့်အိပ်ခြင်းနေခြင်းငှါ မလိုက်မနာသည်ဖြစ်၍၊
11 တစ်နေ့သ၌ လုပ်ကိုင်ဆောင်ရွက်ရန် အိမ်ထဲသို့ဝင်ရာ အိမ်သားတစ်ယောက်မျှမရှိခိုက်၊
12 ယောသပ်အဝတ်ကို သခင်မကိုင်ဆွဲလျက် ငါနှင့်အတူအိပ်စက်ပါဟုဆိုလျှင် ယောသပ်သည်အဝတ်ကို သူ့လက်၌စွန့်၍ ပြင်သို့ထွက်ပြေးရလေ၏။
13 ထိုသို့အဝတ်ကိုစွန့်၍ ပြင်သို့ထွက်ပြေးကြောင်း သခင်မမြင်ရလျှင်၊
14 အိမ်သားတို့ကိုခေါ်၍ ကြည့်ကြ။ ငါတို့အားပြက်ရယ်ပြုစေခြင်းငှါ ထိုဟေဗြဲလူကို သခင်သွင်းထားပြီတကား။ သူသည် ငါနှင့်အတူအိပ်ရန်ဝင်ရောက်၍ ကျယ်သောအသံနှင့် ငါအော်ဟစ်ရ၏။
15 ထိုသို့အော်ဟစ်သံကြားလျှင် အဝတ်ကိုစွန့်ခဲ့၍ ပြင်သို့ထွက်ပြေးသည်ဟုဆိုပြီးနောက်၊
16 အိမ်သို့သခင်ပြန်ရောက်သည့်တိုင်အောင် ၎င်းအဝတ်ကိုအပါးတွင်ထားလျက်၊
17 အထက်စကားအတိုင်း လျှောက်ထားသည်မှာ အရှင်သွင်းထားသောဟေဗြဲကျွန်သည် ကျွန်မအားပြက်ရယ်ပြုရန် ၀င်ရောက်သော်၊
18 ကျွန်မအော်ဟစ်ရာတွင် အဝတ်ကိုစွန့်ခဲ့၍ ပြင်သို့ထွက်ပြေးပါသည်ဟု သခင့်ထံလျှောက်ကြားလေ၏။
19 အရှင့်ကျွန်သည် ကျွန်မအားထိုသို့ပြုခဲ့ပြီဟု မယားလျှောက်သောစကားကိုသခင်ကြားလျှင်၊
20 ဒေါသမီးလောင်၍ ယောသပ်ကိုခေါ်ပြီးမှ မင်းအာဏာနှင့်အကျဉ်းသားတို့ကို လှောင်ထားရာ နှောင်အိမ်၌သွင်းထားသဖြင့် ထိုနှောင်အိမ်တွင်နေရလေ၏။
21 သို့ရာတွင် ထာဝရဘုရားသည် သူနှင့်အတူရှိ၍ ကရုဏာတော်သက်သဖြင့် ထောင်ပိုင့်ထံမျက်နှာသာရစေတော်မူ၏။
22 ထောင်ပိုင်လည်း နှောင်အိမ်ရှိအကျဉ်းသားအပေါင်းတို့ကို ယောသပ်လက်သို့အပ်၍ နှောင်အိမ်တွင်ပြုရန်ရှိသမျှကို ယောသပ်ဆောင်ရွက်ရ၏။
23 ထာဝရဘုရားလည်း ယောသပ်နှင့်အတူရှိ၍ သူပြုလေသမျှအထမြောက်စေတော်မူသောကြောင့် သူ့လက်ရှိကိစ္စဟူသမျှကို ထောင်ပိုင်သည် မကြည့်မရှုဘဲနေလေ၏။