36
1 ထိုသို့ ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း ဗေဇလေလ၊ အဟောလျဘတို့သည် သန့်ရှင်းရာဌာနတော်၏ ဝေယျာဝစ္စရှိသမျှကိုလုပ်ဆောင်တတ်စွမ်းနိုင်ရန်၊ ဉာဏ်ပညာ၊ ဉာဏ်ပဋိဘာန်ကို ထာဝရဘုရားပေးသွင်းတော်မူသော သုခမိန်အပေါင်းတို့နှင့်တကွလုပ်ကြရမည်ဟု ဣသရေလအမျိုးသားတို့အား ဆင့်ဆိုလေ၏။
2 တစ်ဖန်မောရှေသည်၊ ဗေဇလေလနှင့် အဟောလျဘတို့မှစ၍ ဉာဏ်ပညာကိုထာဝရဘုရားသွင်းပေးတော်မူသည့် သုခမိန်အပေါင်းတည်းဟူသော အမှုအရေးလုပ်ဆောင်ရန် စိတ်ပါကိုယ်ရောက် လာသူအပေါင်းတို့ကိုခေါ်ပြီးလျှင်၊
3 သန့်ရှင်းရာဌာနတော်၏ ဝေယျာဝစ္စဆောင်ရွက်စေရန် ဣသရေလအမျိုးသားတို့ဆောင်သွင်းခဲ့သော မြှောက်ဆက်ရာအလှူဝတ္ထုရှိသမျှကို မောရှေထံမှခံရကြ၏။ အလှူဝတ္ထုကို စေတနာအလျောက် နံနက်တိုင်းဆောင်သွင်းကြသေးသည့်အတွက်၊
4 သန့်ရှင်းရာဌာနတော်၏ အမှုအရေးရှိသမျှလုပ်ဆောင်သော ပညာရှိအပေါင်းတို့သည်၊
5 အသီးအသီးလုပ်ရာမှ မောရှေထံလာ၍ ထာဝရဘုရားမိန့်မှာတော်မူသော အမှုအရေးအဖို့ ဤလူမျိုးသည် လုံလောက်သည်ထက် များပြားစွာဆောင်သွင်းကြလေပြီဟု ကြားပြောလျှင်၊
6 မောရှေက၊ သန့်ရှင်းရာဌာနတော်အဖို့ မြှောက်ဆက်ရာအလှူဝတ္ထုများကို မည်သည့်ယောက်ျားမိန်းမမျှ ထပ်မံမလုပ်စေရဟု အမိန့်ထုတ်ဆင့်ပြီးလျှင် တစ်တပ်လုံးကြော်ငြာစေ၍ မဆောင်မသွင်းရန် တားမြစ်လေ၏။
7 ရသောအလှူဝတ္ထုသည် လုပ်ဆောင်ရန်အမှုအရေးအဖို့ လုံလောက်သည်ထက် ပိုမိုလျက်ရှိသတည်း။
8 ထိုအလုပ်ကိုလုပ်ဆောင်ရသူတို့တွင် သုခမိန်ရှိသမျှသည် ပိုးလျှော်မှစ၍ အပြာအမောင်းအနီချည်များနှင့် လက်ေမြာက်သူရက်လုပ်သော ခေရုဗရုပ်ပုံပါ တင်းတိမ်ရံဆယ်ထည်ဖြင့် စံရာတော်ကိုလုပ်ဆောင်လေ၏။
9 တင်းတိမ်ရံများသည် အလျားနှစ်ဆယ့်ရှစ်တောင်၊ အနံလေးတောင်စီ၊ တင်းတိမ်ရံချင်းအတိုင်းအထွာညီမျှ၏။
10 တင်းတိမ်ရံ ငါးထည်စီစပ်၏။
11 ငါးထည်စပ်တင်းတိမ်ရံနှစ်ထည် အနားတစ်ဘက်စီ၌ ကွင်းများကိုချည်ပြာနှင့်လုပ်၍တပ်၏။
12 ထိုငါးထည်စပ်တင်းတိမ်ရံနှစ်ထည် အနားတစ်ဘက်တစ်ဘက်၌ ကွင်းငါးဆယ်စီကိုလုပ်၍ ကွင်းချင်းဆိုင်လျက်တပ်ထားလေ၏။
13 ရွှေချိတ်ငါးဆယ်ကိုလည်းလုပ်၍ ထိုချိတ်များဖြင့် တင်းတိမ်ရံချင်းချိတ်တွယ်လျှင် စံရာတော်တစ်ဆောင်တည်းဖြစ်လေ၏။
14 စံရာတော်အပေါ် တဲမိုးဖြစ်စေရန် တင်းတိမ်ရံဆယ့်တစ်ထည်ကို ဆိတ်မွေးနှင့်ရက်လုပ်လေ၏။
15 တင်းတိမ်ရံများသည် အလျားအတောင်သုံးဆယ်၊ အနံလေးတောင်စီ၊ တင်းတိမ်ရံဆယ့်တစ်ထည် အတိုင်းအထွာညီမျှ၏။
16 တင်းတိမ်ရံတစ်ထည်ကို ငါးထည်၊ တစ်ထည်ကိုခြောက်ထည်စပ်၏။
17 စပ်သောတင်းတိမ်ရံနှစ်ထည် အနားတစ်ဘက်တစ်ဘက်၌၊ ကွင်းငါးဆယ်စီကို လုပ်၍တပ်လေ၏။
18 တဲကိုစပ်သဖြင့် တစ်ဆောင်တည်းဖြစ်စေရန် ကြေးချိတ်ငါးဆယ်ကိုလည်းလုပ်၏။
19 အနီဆိုးသောသိုးရေဖြင့် တဲအပေါ်ထပ်မိုးကိုလည်းကောင်း၊ ဖျံရေဖြင့်အပြင်ထပ်မိုးကိုလည်းကောင်း လုပ်လေ၏။
20 စံရာတော်အတွင်း၌ ရှားသားဖြင့် ဘောင်ခွေများကိုလုပ်၍ တည်ထားလေ၏။
21 ဘောင်ခွေများသည် အလျားဆယ်တောင်၊ အနံတစ်ထောင့်ထွာရှိ၏။
22 စရွေးနှင့်တကွ ပြော့နှစ်ချောင်းပါသော ထိုဘောင်ခွေများကိုလုပ်လေ၏။
23 စံရာတော်တောင်ဘက်၌ ဘောင်ခွေနှစ်ဆယ်ကိုလုပ်ထား၏။
24 ထိုဘောင်ခွေနှစ်ဆယ်အဖို့ ပြော့နှစ်ချောင်းရှိတစ်ခွေလျှင် အောက်ခံခုံနှစ်ခု၊ ငွေအောက်ခံခုံ လေးဆယ်ကိုလုပ်၏။
25 ထိုအတူ စံရာတော်မြောက်ဘက်ဘေး၌ ဘောင်ခွေနှစ်ဆယ်နှင့်တကွ၊
26 တစ်ခွေလျှင်နှစ်ခု၊ ငွေအောက်ခံခုံလေးဆယ်ကို လုပ်ထားလေ၏။
27 စံရာတော်အနောက်မျက်နှာ၌လည်း ဘောင်ခွေခြောက်ခုကိုလုပ်ထားလေ၏။
28-29 ထိုမျက်နှာနှစ်ထောင့်၌ကား အောက်မှအထက်ကွင်းမှီအောင် တစ်စုံဖြစ်သောဘောင်ခွေနှစ်ခုကို လုပ်ထားလေ၏။ ထိုသို့လျှင် နှစ်ထောင့်လုံး၌လုပ်၏။
30 ၎င်းဘောင်ခွေရှစ်ခုရှိသည်နှင့်အညီ တစ်ခွေလျှင်နှစ်ခု၊ ငွေအောက်ခံခုံ ဆယ့်ခြောက်ခုရှိ၏။
31-32 စံရာတော်ရှိဘောင်ခွေများအဖို့ ရှားသားကန့်လန့်ကျင်များကို ဝဲယာဘေးတစ်ဘက်တစ်ချက် ငါးချောင်းစီနှင့် အနောက်မျက်နှာဘေးအဖို့လည်း ငါးချောင်းကိုလုပ်၏။
33 ၎င်းကန့်လန့်ကျင်များအနက်၊ ဘောင်ခွေအလယ်ရှိတစ်ချောင်းကိုအစွန်းနှစ်ဘက်မီစေ၏။
34 ဘောင်ခွေများကို ရွှေနှင့်မွမ်းမံလျက် ကန့်လန့်ကျင်ပေါက်ဖြစ်စေခြင်းငှါ ရွှေကွင်းများကိုလုပ်၍ ကန့်လန့်ကျင်များကိုလည်း ရွှေနှင့်မွမ်းမံလေ၏။
35 ပိုးလျှော်မှစ၍ အပြာအမောင်းအနီချည်များနှင့် လက်မြောက်သူခတ်တတ်သော ခေရုဗရုပ်ပုံပါ ကန့်လန့်ကာကိုရက်လုပ်ပြီးလျှင်၊
36 ထိုကန့်လန့်ကာအဖို့ရွှေမွမ်းပြီး ရှားတိုင်လေးလုံးကို ရွှေမှိုနှင့်တကွလုပ်လေ၏။ ငွေအောက်ခံခုံလေးခုကိုလည်း သွန်းလုပ်လေ၏။
37 တဲတော်မုတ်ဝပိတ်ရန် ပိုးလျှော်မှစ၍ အပြာအမောင်းအနီချည်များနှင့် ပန်းထိုးသောကန့်လန့်ကာကို ရက်လုပ်လေ၏။
38 ထိုကန့်လန့်ကာအဖို့ မှိုနှင့်တကွတိုင်ငါးလုံးကိုလုပ်ပြီးလျှင် တိုင်ထိပ်နှင့်တိုင်ပတ်လည်ကိုလည်း ရွှေနှင့်မွမ်းမံလေ၏။ ကြေးအောက်ခံခုံ ငါးခုလည်းရှိ၏။