37
1 ဗေဇလေလသည် အလျားနှစ်တောင့်ထွာ၊ အနံတစ်တောင့်ထွာ၊ အမြင့်တစ်တောင့်ထွာရှိသောသေတ္တာတော်ကို
2 ရှားသားနှင့်လုပ်၍ အတွင်းအပြင်ရွှေစင်မွမ်းမံလျက် ပတ်လည်ရွှေပြော့ကြောင်း ထိုးထားလေ၏။
3 ရွှေလေးကွင်းကိုသေတ္တာတော့်ခြေလေးချောင်း၌ နံဘေးတစ်ဘက် နှစ်ကွင်းစီသွန်းလုပ်လေ၏။
4 ရှားသားထမ်းပိုးများကိုလုပ်၍ ရွှေနှင့်မွမ်းမံပြီးမှ၊
5 သေတ္တာတော်ထမ်းရန် နံဘေးရှိကွင်းများတွင် လျှိုထားလေ၏။
6 အလျားနှစ်တောင့်ထွာ၊ အနံတစ်တောင့်ထွာရှိသော အပြစ်ဖြေရာပလ္လင်တော်ကိုလည်း ရွှေစင်နှင့်လုပ်လေ၏။
7 ရွှေခေရုဗနှစ်ပါးကို ပလ္လင်တော်စွန်းနှစ်ဘက်၌ထု၍၊
8 ခေရုဗတစ်ပါးတစ်ဘက်စီ အစွန်းနှစ်ဘက်၌ ခေရုဗတို့ကိုအပြစ်ဖြေရာပလ္လင်တော်နှင့် တစ်ဆက်တည်းလုပ်လေ၏။
9 ထိုခေရုဗနှစ်ပါးတို့သည် မျက်နှာချင်းဆိုင် ပလ္လင်တော်ကိုရှုကြည့်ဟန်၊ အတောင်ဖြင့်ပလ္လင်တော်ကို ဖြန့်မိုးလျက်ရှိ၏။
10 အလျားနှစ်တောင်၊ အနံတစ်တောင်၊ အမြင့်တစ်တောင့်ထွာရှိသော စားပွဲတော်ကိုလည်း ရှားသားနှင့်လုပ်၍၊
11 ရွှေစင်မွမ်းမံလျက် ပတ်လည်ရွှေပြော့ကြောင်း ထိုးထားလေ၏။
12 ပြက်လက်တစ်ဝါးရှိသောထောက်ကိုလုပ်၍ ပတ်လည်ရွှေပြော့ကြောင်းထိုးထားလေ၏။
13 ရွှေလေးကွင်းကိုသွန်းလုပ်၍ စားပွဲတော်ခြေလေးချောင်းလေးထောင့်၌ တပ်ထားလေ၏။
14 စားပွဲတော်ထမ်းရန် ထမ်းပိုးပေါက်အဖြစ်ထောက်ခံရာ၌ ထိုကွင်းများကိုတပ်ထားလေ၏။
15 စားပွဲတော်ထမ်းရန် ထမ်းပိုးများကို ရှားသားနှင့်လုပ်၍ ရွှေမွမ်းမံလေ၏။
16 စားပွဲတော်ပေါ်ရှိ အသုံးအဆောင်တည်းဟူသော လင်ပန်း၊ ခွက်၊ ဖလား၊ သွန်းလောင်းရန်တကောင်းများကို ရွှေစင်နှင့်လုပ်လေ၏။
17 မီးခုံတော်ကိုလည်း ရွှေစင်နှင့်လုပ်၍ ခြေ၊ တိုင်အစရှိသော ပန်း၊ ပွင့်ပတ်၊ ပွင့်ချပ်များကို တစ်ဆက်တည်းထုလုပ်လေ၏။
18 မီးခုံတော်တစ်ဘက်တစ်ချက်၌ ရိုးတန်သုံးလက်စီထွက်၍ ရိုးတန်ခြောက်လက်ရှိ၏။
19 မီးခုံတော်မှထွက်သော ရိုးတန်ခြောက်လက်တွင် တစ်လက်တစ်လက်၌ပွင့်ပတ်၊ ပွင့်ချပ်နှင့်တကွ၊ ဗာတံပွင့်သဏ္ဌာန်ပန်းသုံးပွင့်ရှိ၏။
20 မီးခုံတိုင်၌လည်း ပွင့်ပတ်၊ ပွင့်ချပ်နှင့်တကွ၊ ဗာတံပွင့်သဏ္ဌာန် ပန်းလေးပွင့်ရှိ၏။
21 မီးခုံတော်မှထွက်သော ရိုးတန်ခြောက်လက်အရင်းတွင် ရိုးတန်တစ်စုံတစ်စုံအောက်၌ ပွင့်ပတ်တစ်အုံစီ၊ တစ်ဆက်တည်းရှိ၏။
22 ပွင့်ပတ်၊ ရိုးတန်များသည် မီးခုံနှင့်တစ်ဆက်တည်းရှိ၍ ရွှေစင်နှင့်ထုလုပ်သောမီးတစ်ခုံတည်းဖြစ်၏။
23 မီးခုနစ်ခွက်၊ မီးညှပ်နှင့်မီးစာခံများကိုလည်း ရွှေစင်ဖြင့်လုပ်လေ၏။
24 မီးခုံတော်၊ ကိရိယာတန်ဆာရှိသမျှကို ရွှေစင်အခွက်သုံးဆယ်နှင့်လုပ်လေ၏။
25 အမြင့်နှစ်တောင်၊ အလျားတစ်တောင်၊ အနံတစ်တောင်၊ စတုရန်းဖြစ်သော နံ့သာပေါင်းတင်ရှို့ရာပလ္လင်တော်ကို ရှားသားနှင့်လုပ်၍ စိန်တောင်များလည်းတစ်ဆက်တည်းဖြစ်၏။
26 ပလ္လင်တော်ထိပ်ပြင်၊ ဘေးပတ်လည် စိန်တောင်များပါ ရွှေစင်နှင့်မွမ်းမံလျက် ပတ်လည်ရွှေပြော့ကြောင်း ထိုးထားလေ၏။
27 ပလ္လင်တော်ဘေးတစ်ဘက်တစ်ချက်၌ ပြော့ကြောင်းအောက် ရွှေနှစ်ကွင်းကိုလုပ်လျက် ပလ္လင်တော်ထမ်းရန် ထမ်းပိုးပေါက်ဖြစ်စေပြီးလျှင်၊
28 ထိုထမ်းပိုးများကို ရှားသားနှင့်လုပ်၍ ရွှေမွမ်းမံလေ၏။
29 အမွှေးပညာသည်အတတ်အတိုင်း၊ သီးသန့်ရာဘိသိက်ဆီကိုလည်းကောင်း၊ နံ့သာမျိုးဖြင့်စင်ကြယ်သော နံ့သာပေါင်းအသင်းအထုံကိုလည်းကောင်း ဖော်စပ်လေ၏။