35
မောရှေသည် ဣသရေလအမျိုးသားအပေါင်းပရိသတ်ကိုစုရုံးစေ၍ သင်တို့လိုက်နာရန် ထာဝရဘုရားမိန့်မှာတော်မူသော ပညတ်များမှာ၊ ခြောက်ရက်အတွင်းလုပ်ဆောင်ရသော်လည်း သတ္တမနေ့သည် သင်တို့အဖို့သီးသန့်ထားသောနေ့၊ ထာဝရဘုရားရှေ့နားနေရသော ဥပုသ်နေ့ဖြစ်သဖြင့် ထိုနေ့၌အမှုအရေးကိုလုပ်ဆောင်သူတိုင်း သေဒဏ်ခံရမည်။ သင်တို့နေအိမ်များတွင် ဥပုသ်နေ့၌မီးမမွေးရဟုဆင့်ဆို၏။
တစ်ဖန် ဣသရေလအမျိုးသားအပေါင်းပရိသတ်အား မောရှေက၊ ထာဝရဘုရားမိန့်မှာတော်မူချက်မှာ၊ သင်တို့၌ ထာဝရဘုရားအဖို့မြှောက်ဆက်ရာအလှူဝတ္ထုကို ဆောင်ခဲ့ကြစေလော့။ စိတ်စေတနာရှိသူတိုင်း ရွှေ၊ ငွေ၊ ကြေး၊ အပြာအမောင်းအနီချည်၊ လျှော်ချည်၊ ဆိတ်မွေး၊ အနီဆိုးသောသိုးရေ၊ ဖျံရေ၊ ရှားသား၊ မီးပူဇော်ရန်ဆီ၊ ဘိသိက်သွန်းရန်ဆီနှင့်၊ တင်ရှို့ရာအသင်းအထုံအဖို့ နံ့သာပေါင်း၊ ကိုယ်ဝတ်၊ ရင်လွှမ်းများကိုချယ်စီရန် မဟူရာကျောက်နှင့် ကျောက်မျက်တည်းဟူသော အလှူဝတ္ထုကို ထာဝရဘုရားထံဆက်ကပ်စေလော့။ 10 သင်တို့အနက် သုခမိန်ရှိသမျှသည်လာပြီးလျှင် ထာဝရဘုရားမိန့်မှာတော်မူသမျှအတိုင်း၊ 11 စံရာတော်၊ ၎င်းဆိုင်ရာတဲ၊ အမိုး၊ ချိတ်များ၊ ဘောင်ခွေများ၊ ကန့်လန့်ကျင်များ၊ တိုင်များ၊ အောက်ခံခုံများကိုလည်းကောင်း၊ 12 သေတ္တာတော်နှင့် ထမ်းပိုးများကိုလည်းကောင်း၊ အပြစ်ဖြေရာပလ္လင်တော်နှင့် ကာရန်ကန့်လန့်ကာကိုလည်းကောင်း၊ 13 စားပွဲတော်၊ ထမ်းပိုး၊ ကိရိယာတန်ဆာရှိသမျှနှင့်၊ ရှေ့တော်တင်မုန့်ကိုလည်းကောင်း၊ 14 မီးခုံတော်နှင့်ကိရိယာတန်ဆာ၊ မီးခွက်၊ မီးပူဇော်ရန်ဆီကိုလည်းကောင်း၊ 15 နံ့သာပေါင်းတင်ရှို့ရာပလ္လင်တော်နှင့် ထမ်းပိုများကိုလည်းကောင်း၊ ဘိသိက်သွန်းရန်ဆီကိုလည်းကောင်း၊ တင်ရှို့ရန်အသင်းအထုံကိုလည်းကောင်း၊ စံရာတော်မုတ်ဝပိတ်ရန် ကန့်လန့်ကာကိုလည်းကောင်း၊ 16 မီးရှို့ပူဇော်ရာပလ္လင်တော်နှင့် ကြေးရာဇမတ်၊ ထမ်းပိုး၊ အသုံးအဆောင်ရှိသမျှကိုလည်းကောင်း၊ 17 အင်တုံနှင့်အောက်ခြေကိုလည်းကောင်း၊ တံတိုင်းတင်းတိမ်ရံနှင့်ဆိုင်ရာတိုင်၊ အောက်ခံခုံ၊ တံတိုင်းတံခါးဖြစ်ရန်၊ 18 ကန့်လန့်ကာကိုလည်းကောင်း၊ စံရာတော့်ကြက်ဆူး၊ တံတိုင်းကြက်ဆူးနှင့် ကြိုးများကိုလည်းကောင်း၊ 19 သန့်ရှင်းရာဌာန၌ အမှုတော်ဆောင်ရွက်ရန် ဖွတ်မြီးထိုးအဝတ်၊ ပရောဟိတ်အဖြစ်ဆောင်ရွက်ကြစေရန် ပရောဟိတ်အာရုန့်အဖို့ သန့်ရှင်းသောသင်္ကန်းစုံနှင့် သားတို့သင်္ကန်းကိုလည်းကောင်း ထာဝရဘုရားမိန့်မှာသမျှအတိုင်းလုပ်ကြစေဟု ဆင့်ဆို၏။
20 ဣသရေလအမျိုးသားအပေါင်းပရိသတ်သည် မောရှေထံမှထွက်သွားကြပြီးလျှင်၊ 21 စိတ်နှလုံးနှိုးဆော်သူ၊ စိတ်စေတနာထက်သန်သူအပေါင်းတို့ပြန်လာ၍ တွေ့ဆုံရာတဲတော်အမှုအရေးရှိသမျှအဖို့လည်းကောင်း၊ သန့်ရှင်းသောသင်္ကန်းစုံအဖို့လည်းကောင်း၊ ထာဝရဘုရားထံ မြှောက်ဆက်လှူဒါန်းကြ၏။ 22 ထာဝရဘုရားထံ ရွှေကိုဦးတိုက်လှူဒါန်းသောသူအပေါင်းတို့နှင့်တကွ၊ စိတ်စေတနာရှိသော ယောက်ျားမိန်းမတို့လာ၍ ရွှေတန်ဆာသက်သက်ဖြစ်သော နှာကွင်း၊ နားတောင်း၊ လက်စွပ်၊ လည်ဆွဲများကိုဆက်ကပ်ကြ၏။ 23 အပြာအမောင်းအနီချည်၊ လျှော်ချည်၊ ဆိတ်မွေး၊ အနီဆိုးသောသိုးရေ၊ ဖျံရေများကိုပိုင်သောသူတိုင်း ဆက်ကပ်၏။ 24 ငွေကြေးကိုမြှောက်ဆက်လှူဒါန်းသောသူတိုင်းပင် ထာဝရဘုရားအား အလှူကိုဆက်ကပ်၏။ အမှုတော်ကိုဆောင်ရွက်ရန် တော်လျော်သောရှားသားကို ပိုင်သူတိုင်းလည်းဆက်ကပ်၏။ 25 နှလုံးရည်ကောင်းသောမိန်းမအပေါင်းတို့သည် ကိုယ်တိုင်ငင်ဝင့်ပြီးလျှင် အပြာအမောင်းအနီချည်၊ လျှော်ချည်တည်းဟူသော ငင်ဝင့်သမျှကိုဆက်ကပ်ကြ၏။ 26 နှလုံးရည်ထက်သန်သောမိန်းမအပေါင်းတို့လည်း ဆိတ်မွေးကိုငင်ဝင့်ကြ၏။ 27 အကြီးအကဲတို့လည်း ကိုယ်ဝတ်၊ ရင်လွှမ်းများကို ချယ်စီရန်၊ မဟူရာကျောက်နှင့်ကျောက်မျက်၊ 28 မီးပူဇော်ရန် ဘိသိက်သွန်းရန်အဖို့လည်းကောင်း၊ တင်ရှို့ရာအသင်းအထုံအဖို့လည်းကောင်း ဆီနှင့်နံ့သာပေါင်းများကို ဆက်ကပ်ကြ၏။ 29 မောရှေဖြင့် ထာဝရဘုရားမိန့်မှာတော်မူခဲ့သည်နှင့်အညီ လုပ်ရမည့်အရာခပ်သိမ်းအဖို့လှူရန် ဣသရေလအမျိုးသားတို့တွင် စိတ်စေတနာထက်သန်သော ယောက်ျားမိန်းမအပေါင်းတို့သည် ထာဝရဘုရားထံစေတနာအလျောက် လှူကြ၏။
30 တစ်ဖန်မောရှေက၊ ကြည့်လော့။ ထာဝရဘုရားသည် ယုဒအနွယ်၊ ဟုရမြေး၊ ဥရိသား၊ ဗေဇလေလကိုအမည်ဖြင့် ထုတ်ခေါ်တော်မူ၍၊ 31-33 လက်မှုပညာရှိစေလျက် ရွှေငွေကြေးအလုပ်မှစ၍ ချယ်စီရာကျောက်မျက်ကိုသွေးခြင်း၊ သစ်သားကိုထုလုပ်ခြင်းတည်းဟူသော အလုပ်အမျိုးမျိုးကိုတတ်မြောက်စေလျက် ဉာဏ်ပညာ၊ ဉာဏ်ပဋိဘာန်၊ အသိပညာ၊ အတတ်ပညာဟူသမျှကိုပေး၍ ဘုရားသခင့်ဝိညာဉ်တော်နှင့်ပြည့်စုံစေတော်မူ၏။ 34 သူနှင့်အတူ ဒန့်အနွယ်၊ အဟိသမက်သားအဟောလျဘအားလည်း သင်ပေးနိုင်ရန် နှလုံးရည်ကိုသွင်းတော်မူ၏။ 35 ထိုသူတို့သည် ပန်းပုအလုပ်၊ လက်မြောက်သောအလုပ်၊ လျှော်ချည်မှစ၍ အပြာအမောင်းအနီချည်များနှင့် ပန်းထိုးအလုပ်၊ ရက်တတ်သောအလုပ်၊ အနည်းနည်းအဖုံဖုံအလုပ်၊ လက်မြောက်သောအလုပ်အမျိုးမျိုးကို တတ်မြောက်စေခြင်းငှါ ဉာဏ်ပညာနှင့်ပြည့်စုံစေတော်မူပြီ။