34
1 တစ်ဖန်ထာဝရဘုရားက၊ အထက်ကျောက်နှစ်ပြားနှင့်အလားတူ အခြားကျောက်နှစ်ပြားကိုဆစ်လော့။ သင်ချိုးဖဲ့သောအထက်ကျောက်ပြား၌ ပါသည့်မူအတိုင်း ငါရေးတင်ဦးမည်။
2 နံနက်အချိန်အသင့်နေလျက် သိနာတောင်ပေါ်သို့တက်၍ တောင်ထိပ်၌ရှေ့တော်တွင်ခစားလော့။
3 သင်နှင့်အတူ မည်သူမျှမတက်ရ။ တစ်တောင်လုံးတွင် လူမရှိစေရ။ တောင်ခြေမှာလည်း သိုး၊ နွားမကျောင်းစေရဟု မောရှေအားမိန့်တော်မူ၏။
4 မောရှေသည် အထက်ကျောက်နှစ်ပြားနှင့်အလားတူ အခြားကျောက်နှစ်ပြားကိုဆစ်ပြီးလျှင် နံနက်အချိန်ထ၍ ထိုကျောက်နှစ်ပြားကိုကိုင်ယူလျက် ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း သိနာတောင်ပေါ်သို့တက်သည်နှင့်၊
5 ထိုအရပ်၌တိမ်တိုက်ဖြင့် ဆင်းသက်တော်မူသော ထာဝရဘုရားအပါးတော်တွင်ခစားစဉ် ထာဝရဘုရား၏နာမတော်၌ ပဌနာပြုလေ၏။
6 ထာဝရဘုရားသည် မောရှေရှေ့တွင်ကြွသွားတော်မူလျက် ထာဝရဘုရား၊ ထာဝရဘုရားဖြစ်တော်မူထသော၊ သနားသောသဘော၊ ကျေးဇူးပြုသောသဘော၊ စိတ်ရှည်သောသဘော၊ ကရုဏာနှင့်သစ္စာကြွယ်ဝသောသဘော ရှိတော်မူထသော၊
7 အထောင်အသောင်းသောသူတို့အပေါ် ကရုဏာတရားကို ရှေးရှုတော်မူထသော မတရားပြုခြင်း၊ လွန်ကျူးခြင်း၊ ပြစ်မှားခြင်းများကို ဖြေလွှတ်သော်လည်း အပြစ်ကင်းသည်ဟုမှတ်တော်မမူထသော၊ တတိယ၊ စတုတ္ထအဆက်တိုင်အောင်၊ ဘိုးဘေးတို့ပြစ်မှုကိုသားမြေးမြစ်တို့အပေါ်တင်၍ စီရင်တော်မူသောဘုရားဟု ကြော်ငြာတော်မူ၏။
8 မောရှေသည် အဆောတလျင် ပျပ်ဝပ်ရှိခိုးလျက်၊
9 အရှင်ဘုရား၊ အကျွန်ုပ်သည် ရှေ့တော်၌မျက်နှာသာရပါလျှင် နှလုံးခဲယဉ်းသောလူမျိုးဖြစ်သောကြောင့် အကျွန်ုပ်တို့အလယ်တွင် ကြွတော်မူပါ။ အရှင်ဘုရား၊ အကျွန်ုပ်တို့ဒုစရိုက်အပြစ်များကိုလွှတ်၍ အကျွန်ုပ်တို့ကို ကိုယ်တော်ပိုင်သိမ်းပိုက်တော်မူပါဟု တောင်းလျှောက်လျှင်၊
10 ထာဝရဘုရားက၊ ငါပဋိညာဉ်ဖွဲ့သည်မှာ မြေတစ်ပြင်လုံးရှိလူအမျိုးမျိုးတို့တွင် မပြုဘူးသောအံ့ဖွယ်မှုများကို သင့်လူမျိုးရှေ့ငါပြုမည်။ သင့်အတွက် ငါထာဝရဘုရားပြုသောအမှုသည် ကြောက်မက်ဖွယ်အမှုဖြစ်ကြောင်း သင့်ပတ်လည်၌ရှိသမျှသောလူမျိုးတို့ သိမြင်ရကြလိမ့်မည်။
11 ယနေ့ငါမိန့်မှာချက်ကို စောင့်ရှောက်လော့။ အာမောရိ၊ ခါနနိ၊ ဟိတ္တိ၊ ဖေရဇိ၊ ဟိဝိ၊ ယေဗုသိ လူမျိုးတို့ကို သင်တို့ရှေ့ကငါနှင်ထုတ်ရာ၊
12 သင်တို့ယခုသွားသောပြည်သူပြည်သားတို့နှင့် မိတ်သဟာယဖွဲ့သဖြင့်၊ သင်တို့အလယ်၌ကျော့ကွင်းသဖွယ်မဖြစ်စေခြင်းငှါ သတိထားကြလော့။
13 သူတို့ယဇ်ပလ္လင်များကို ဖြိုလှဲခြင်း၊ ကျောက်တိုင်များကို ချိုးဖဲ့ခြင်း၊ တံခွန်တိုင်များကို ခုတ်လှဲခြင်းပြုကြရမည်။
14 မရှုစိတ်အမည်တော်ရှိသော ငါထာဝရဘုရားသည်၊ မရှုစိတ်သောဘုရားဖြစ်တော်မူသောကြောင့် အခြားဘုရားကိုရှိမခိုးကြရ။
15 သင်တို့သည် ထိုပြည်သူပြည်သားတို့နှင့် မိတ်သဟာယဖွဲ့သဖြင့် ချင်းတို့ဘုရားများနှင့်မှားယွင်းခြင်း၊ ထိုဘုရားများအား ယဇ်ပူဇော်ခြင်းများကို သူတို့ပြုကြရာ ခေါ်ဖိတ်ခြင်းကိုခံလျက် ယဇ်ကောင်ကိုသင်တို့မစားစေခြင်းငှါလည်းကောင်း၊
16 သူတို့သမီးများကို သင်တို့သားများနှင့်ထိမ်းမြား၍ ထိုသမီးတို့သည် ကိုယ့်ဘုရားများနှင့်မှားယွင်းသဖြင့် သင်တို့သားများကိုလည်း ထိုဘုရားများနှင့် မမှားယွင်းစေခြင်းငှါလည်းကောင်း သတိပြုကြလော့။
17 ဘုရားရုပ်များကို မသွန်းမလုပ်ရ။
18 သင်တို့သည် အဗိဗခေါ်လ၌ အိဂျစ်ပြည်မှထွက်လာရသည်နှင့်အညီ ထိုအဗိဗခေါ်လတွင် အခါသမယ၌ တဆေးမဲ့မုန့်ပွဲကိုကျင်းပ၍ ငါမိန့်မှာခဲ့သည့်အတိုင်း ခုနစ်ရက်ပတ်လုံးတဆေးမဲ့မုန့်ကိုသာ စားကြရမည်။
19 ဦးစွာဖွားသော သားအပေါင်းတို့နှင့်တကွ၊ နွား သိုးမှစ၍အဦးဖွားသော တိရစ္ဆာန်အထီးဟူသမျှသည် ငါပိုင်ဖြစ်၏။
20 မြည်းမတို့သားဦးကိုကား သိုးသားငယ်နှင့်ရွေးနုတ်ရမည်။ မရွေးနုတ်ခဲ့လျှင် လည်ကိုချိုးရမည်။ သင်တို့သားများအနက် သားဦးအပေါင်းတို့ကို ရွေးနုတ်ကြရမည်။ မည်သူမျှငါ့ထံသို့ လက်ချည်းမဖူးမေမျှာ်ရ။
21 ခြောက်ရက်အတွင်းလုပ်ကိုင်၍ သတ္တမနေ့၌ ငြိမ်ဝပ်စွာနေရမည်။ လယ်ထွန်ချိန်၊ ရိတ်သိမ်းချိန်၌ပင်၊ ထိုသို့နေကြရမည်။
22 ဂျုံစပါးကောက်ရင်ပေါ်ကာလဆိုင်ရာ သိတင်းပွဲကိုလည်းကောင်း၊ နှစ်လည်တလင်းတက်ပွဲကိုလည်းကောင်း ကျင်းပကြရမည်။
23 တစ်နှစ်လျှင် သုံးကြိမ်၊ ယောက်ျားအပေါင်းတို့သည် ဣသရေလလူမျိုး၏ဘုရားတည်းဟူသော ငါထာဝရဘုရားရှင့်ထံ ဖူးမြော်ကြရမည်။
24 တစ်နှစ်လျှင်သုံးကြိမ်၊ သင်တို့ဘုရားသခင် ငါထာဝရဘုရားထံဖူးေမျှာ်ရန်သွားကြစဉ် လူမျိုးခြားတို့ကို သင်တို့ရှေ့ကငါနှင်ထုတ်၍ သင်တို့နယ်ကိုကျယ်ဝန်းစေပြီးဖြစ်သဖြင့် သင်တို့ပြည်ကိုမည်သူမျှ တပ်မက်မည်မဟုတ်။
25 ငါ့ထံဆက်ကပ်သောအကောင်၏အသွေးကို တဆေးခတ်မုန့်နှင့်မပူဇော်ကြလင့်။ ပသခါပွဲတော်အကောင်ကို နံနက်တိုင်မကြွင်းစေရ။
26 သင်တို့မြေ၌ အဦးမှည့်သောအသီးအနှံအထူးအမြတ်ကို သင်တို့ဘုရားသခင် ငါထာဝရဘုရား၏ဗိမာန်တော်ထဲသို့ ဆောင်သွင်းကြရမည်။ သိုးဆိတ်သားငယ်ကို အမိနို့ရည်နှင့် မချက်မပြုတ်ရဟူ၍လည်းကောင်း၊
27 ဤပညတ်များအတိုင်း သင်မှစသောဣသရေလလူမျိုးနှင့် ငါပဋိညာဉ်ဖွဲ့သောကြောင့် ထိုပညတ်များကို ရေးထားလော့ဟူ၍လည်းကောင်း မောရှေအားမိန့်တော်မူ၏။
28 မောရှေသည် ရေစာကိုမျှမစားမသောက်ဘဲ ထိုအရပ်မှာ အရက်လေးဆယ်နေ့ညဉ့်ပတ်လုံး ထာဝရဘုရားအထံတော်၌နေလျက် ကျောက်ပြားပေါ်တွင် ပဋိညာဉ်တော်ချက်၊ ပညတ်တော်ဆယ်ပါးကို ရေးထားလေ၏။
29 သက်သေတော်ကျောက်နှစ်ပြားကို ကိုင်ယူလျက် သိနာတောင်ပေါ်မှ မောရှေဆင်းသက်ရောက်လာသောအခါ ဘုရားသခင်အားလျှောက်တင်ရသဖြင့် မျက်နှာအရေအရောင်ထွက်ကြောင်း ကိုယ်တိုင်မသိချေ။
30 အာရုန်မှစ၍ ဣသရေလအမျိုးသားအပေါင်းတို့သည် မောရှေကိုမြင်သော် မျက်နှာအရေအရောင်ထွက်သောကြောင့် မချဉ်းမကပ်ဝံကြ။
31 မောရှေခေါ်သည့်အလျောက် ချဉ်းကပ်သူအာရုန်နှင့် ပရိသတ်အကြီးအကဲတို့ကို နှုတ်ဆက်ပြီးနောက်၊
32 ဣသရေလအမျိုးသားအပေါင်းတို့ချဉ်းကပ်ကြလျှင် သိနာတောင်ပေါ်မှာ ထာဝရဘုရားမိန့်မှာတော်မူသမျှကို ဆင့်ဆိုလေ၏။
33 မောရှေသည် ဆင့်ဆိုပြီးလျှင် မျက်နှာဖုံးကိုဆင်ယင်သည်မှာ၊
34 ထာဝရဘုရားအထံတော်သို့ဝင်၍ လျှောက်တင်သောအခါ မထွက်မီတိုင်အောင် မျက်နှာဖုံးကိုချွတ်ထားလေ့ရှိ၏။ ထွက်ပြန်၍ ဣသရေလအမျိုးသားတို့အား အမိန့်တော်ကိုဆင့်ဆိုရာ၊
35 မျက်နှာအရေအရောင်ထွက်သည်ကို ဣသရေလအမျိုးသားတို့ မြင်ကြသဖြင့် တစ်ဖန်ဝင်၍ မလျှောက်မီတိုင်အောင် မျက်နှာကိုဖုံးအုပ်တတ်လေ၏။