28
1 သင့်အစ်ကိုအာရုန်သည် ပရောဟိတ်အမှုကို ငါ့ရှေ့ဆောင်ရွက်စေရန် သူနှင့်သားများ၊ နာဒပ်၊ အဘိဟု ဧလာဇာ၊ ဣသမာတို့ကို ဣသရေလအမျိုးသားတို့မှ သင့်ထံခေါ်လော့။
2 ဘုန်းအသရေနှင့်တင့်တယ်စေခြင်းငှါ သင့်အစ်ကိုအာရုန်ဝတ်ရုံရန် သန့်ရှင်းသောသင်္ကန်းစုံကိုရက်လုပ်လော့။
3 ငါ့ရှေ့ပရောဟိတ်အဖြစ် အာရုန်ကိုသီးသန့်စေခြင်းငှါ ဉာဏ်ပညာနှင့်ငါပြည့်စေသော သုခမိန်အပေါင်းတို့သည် ထိုသင်္ကန်းစုံကိုလုပ်ကြစေရန် ဆင့်ဆိုလော့။
4 လုပ်ရမည့်သင်္ကန်းစုံဟူမူကား၊ ရင်လွှမ်း၊ ကိုယ်ဝတ်၊ ဝတ်လုံ၊ ကွက်ထောက်လက်ကျပ်ဝတ်လုံ၊ ဗောင်း၊ ခါးပန်းများတည်း။ သင့်အစ်ကိုအာရုန်သည် ပရောဟိတ်အမှုကို ငါ့ရှေ့ဆောင်ရွက်စေရန် သူနှင့်သားတို့အဖို့ သန့်ရှင်းသောသင်္ကန်းစုံကို ရက်လုပ်ြခင်းငှါ၊
5 အပြားအမောင်းအနီချည်များနှင့် ရွှေချည်၊ လျှော်ချည်များကို ယူကြစေ။
6 အပြာအမောင်းအနီချည်မှစ၍ ရွှေချည်၊ ပိုးလျှော်များနှင့် လက်မြောက်သူ့အတတ်ဖြင့် ကိုယ်ဝတ်ကိုရက်လုပ်ကြစေ။
7 အနားနှစ်ဖက်တွယ်ကပ်စေခြင်းငှါ ပခုံးသိုင်းကြိုးနှစ်ပင်ရှိစေလော့။
8 ကိုယ်ဝတ်ရင်စည်းကိုလည်း အပြာအမောင်းအနီချည်မှစ၍ ရွှေချည်၊ ပိုးလျှော်များနှင့် အဆင်တူတစ်ဆက်တည်းလုပ်လော့။
9-10 မဟူရာကျောက်နှစ်လုံးကိုယူ၍ ဣသရေလ၏သားတို့အမည်များကို ကြီးငယ်အလိုက် ကျောက်နှစ်လုံးတွင် တစ်လုံးလျှင်ခြောက်ခုစီ ရေးတင်လော့။ တံဆိပ်ပေါ်မှာ ရေးတင်သကဲ့သို့ ဣသရေလ၏သားတို့အမည်များကို ထိုကျောက်နှစ်လုံးအပေါ်တွင် ကျောက်စာထုအတတ်ဖြင့်ရေးတင်၍၊
11 ရွှေပန်းထည်၌ ထည့်သွင်းပြီးလျှင်၊
12 ဣသရေလအမျိုးသားတို့ အထိမ်းအမှတ်ကျောက်မျက်ဖြစ်စေခြင်းငှါ ထိုကျောက်နှစ်လုံးကို ကိုယ်ဝတ်ပခုံးသိုင်း၌တပ်၍ သူတို့အမည်များကို အထိမ်းအမှတ်အဖြစ် အာရုန်သည် ငါထာဝရဘုရားရှေ့တော်တွင် ပခုံးနှစ်ဘက်ပေါ်မှာဆောင်ရမည်။
13-14 ရွှေပန်းထည်များကိုလည်းကောင်း၊ ရွှေစင်နန်းကြိုးလိမ်နှစ်ပင်ကိုလည်းကောင်း လုပ်ပြီးမှ ပန်းထည်များ၌ ကြိုးလိမ်များကိုဆွဲထားလော့။
15-16 တရားစီရင်နိုင်ရန် ရင်လွှမ်းလုပ်နည်းဟူမူကား အပြာအမောင်းအနီချည်မှစ၍ ရွှေချည်၊ ပိုးေလျှာ်များနှင့် အလျားတစ်ထွာ၊ အနံတစ်ထွာ၊ နှစ်ထပ်စတုရန်း၊ လက်မြောက်သူ့အတတ်ဖြင့် ကိုယ်ဝတ်အဆင်တူရက်လုပ်လော့။
17 ထိုရင်လွှမ်း၌ ကျောက်မျက်လေးတန်းချယ်စီ၍ ပထမအတန်းကား၊
18 ပတ္တမြား၊ ဥဿဘယား၊ မြ။ ဒုတိယအတန်းကား ဆီး၊ ကျောက်ပြာ၊ ကြောင်။
19 တတိယအတန်းကား နီလာ၊ မဟူရာနက်၊ ဂေါ်မုတ်။
20 စတုတ္တအတန်းကား မျက်ရွဲ၊ မဟူရာ၊ နဂါးသွဲ့များကို အသီးအသီးဆိုင်ရာရွှေကျောက်အိုး၌ ထည့်သွင်းလော့။
21 တံဆိပ်ပေါ်မှာ ရေးတင်သကဲ့သို့ ဣသရေလ၏သားတို့အမည်အလိုက်၊ ထိုကျောက်မျက်များတွင် ရေးတင်၍ အသီးအသီးအမည်အလျောက် ဆယ့်နှစ်နွယ်အမှတ်အဖြစ် ဆယ့်နှစ်လုံးရှိစေလော့။
22-24 ရင်လွှမ်း၌ ရေစင်နန်းကြိုးလိမ်နှစ်ပင်နှင့် ရွှေနှစ်ကွင်းများကိုလုပ်ပြီးမှ ရင်လွှမ်းနှစ်စွန်း၌ ထိုနှစ်ကွင်းကိုလည်းကောင်း၊ ထိုနှစ်ကွင်း၌ရွှေနန်းကြိုးလိမ်နှစ်ပင်ကိုလည်းကောင်း တပ်ထားလျက်
25 နန်းကြိုးလိမ်နှစ်ပင်အဖျားကို လုပ်ပြီးပန်းထည်နှစ်ခုတွင် သွင်းတပ်ပြီးလျှင် ကိုယ်ဝတ်ပခုံးသိုင်းရှေ့မှာ တပ်ထားလော့။
26 အခြားရွှေနှစ်ကွင်းကိုလုပ်၍ ကိုယ်ဝတ်ထိရင်လွှမ်းအတွင်းနားနှစ်စွန်း၌ တပ်လော့။
27 အခြားရွှေနှစ်ကွင်းကိုလည်းလုပ်၍ ကိုယ်ဝတ်ပခုံးသိုင်းအောက်နှစ်စွန်းရှေ့၌ တွယ်ရာအနီး၊ ကိုယ်ဝတ်ရင်စည်းအထက်တွင်တပ်လော့။
28 ရင်လွှမ်းကို ကိုယ်ဝတ်ရင်စည်းအပေါ်၌တင်လျက် ကိုယ်ဝတ်မှမကွာစေရန် ရင်လွှမ်းကွင်းနှင့်ကိုယ်ဝတ်ကွင်းများကို ကြိုးပြာဖြင့်ချည်ထားကြစေ။
29 အာရုန်သည် သန့်ရှင်းရာဌာနတော်ထဲသို့ဝင်သောအခါ ငါထာဝရဘုရားရှေ့ ဣသရေလအမျိုးသားတို့ ထာဝရအထိမ်းအမှတ်အဖြစ် တရားစီရင်နိုင်ရန် ရင်လွှမ်း၌သူတို့အမည်များကို နှလုံးပေါ်မှာဆောင်ရမည်။
30 တရားစီရင်နိုင်ရန် ရင်လွှမ်း၌၊ ဥရိမ်နှင့်သုမိမ်များကိုသွင်းထား၍ ငါထာဝရဘုရားရှေ့တော်သို့ အာရုန်ဝင်သောအခါ နှလုံးပေါ်မှာရှိသည်နှင့် ဣသရေလအမျိုးသားတို့အား တရားစီရင်ခွင့်ကိုပင် ရှေ့တော်၌နှလုံးပေါ်မှာ အမြဲဆောင်ရာရောက်လိမ့်မည်။
31 ကိုယ်ဝတ်ဆိုင်ရာဝတ်လုံကို အပြာချည်သက်သက်နှင့်ရက်လုပ်ရာ၊
32 ဝတ်လုံ၌ခေါင်းစွပ်ပေါက်ပါသည်နှင့် မစုတ်စေခြင်းငှါ သင်တိုင်းလည်ခွံကဲ့သို့ ရက်၍ကွပ်လော့။
33-34 အပြာအမောင်းအနီချည်များနှင့်လုပ်သော သလဲသီးပုံများကိုလည်းကောင်း၊ ရွှေချူများကိုလည်းကောင်း၊ ဝတ်လုံပတ်လည်အမြိတ်၌ သလဲသီးပုံနှင့်ရွှေချူတစ်လုံးခြားစီ ဆွဲထား၍
35 အာရုန်သည်အမှုတော်ကိုဆောင်ရွက်ခြင်းငှါ၊ သန့်ရှင်းရာဌာနတော်သို့ ငါထာဝရဘုရားရှေ့ဝင်ထွက်သောအခါ သေဘေးနှင့်ကင်းလွတ်ရန် ဝတ်လုံကိုဝတ်၍ ချူသံကိုကြားကြလိမ့်မည်။
36 ရွှေစင်သင်းကျစ်ကိုလည်းလုပ်ပြီးလျှင် တံဆိပ်ပေါ်မှာရေးတင်သကဲ့သို့ ထာဝရဘုရားအဖို့ သီးသန့်ထားပြီးဟုရေးတင်၍၊
37 ဗောင်းရှေ့တွင် ကြိုးပြာနှင့်ချည်ထားလော့။
38 အာရုန်သည် ထိုသင်းကျစ်ကို နဖူးတွင်ဆင်သဖြင့် ဣသရေလအမျိုးသားတို့ လှူလေရာရာ၌ သီးသန့်ထားသောအလှူဒါနဆိုင်ရာ ဒုစရိုက်ဝန်ကိုထမ်းလျက် သူတို့ကိုငါထာဝရဘုရားစိတ်တော်နှင့်တွေ့စေရန် နဖူး၌အစဉ်ဆင်ရမည်။
39 ကွက်ထောက်လက်ကျပ်ဝတ်လုံနှင့်ဗောင်းကို လျှော်ချည်ဖြင့်ရက်လုပ်၍ ပန်းထိုးခါးပန်းကိုလည်း လုပ်လော့။
40 ဘုန်းအသရေနှင့်တင့်တယ်စေရန် လက်ကျပ်ဝတ်လုံ၊ ခါးပန်း၊ ဦးရစ်များကို အာရုန့်သားတို့အဖို့လုပ်လျက်၊
41 သင့်အစ်ကိုအာရုန်နှင့်သားတို့သည် ပရောဟိတ်အမှုကို ငါ့ရှေ့ဆောင်ရွက်ကြစေရန် ဝတ်ဆင်စေပြီးလျှင် ဘိသိက်သွန်း၍သီးသန့်ခန့်ထားလော့။
42 သူတို့ရှက်ဖွယ်ရာမဖြစ်စေခြင်းငှါ၊
43 ခါးမှပေါင်ထိ ပိတ်ပေါင်းဘီကိုလုပ်၍ အာရုန်နှင့်သားတို့သည် သန့်ရှင်းရာဌာန၌ အမှုတော်ဆောင်ရွက်ရန် တွေ့ဆုံရာတဲတော်သို့ဝင်သော်လည်းကောင်း၊ ပူဇော်ရာပလ္လင်တော်သို့ချဉ်းကပ်သော်လည်းကောင်း၊ အပြစ်ကင်းလျက်မသေစေခြင်းငှာ ထိုသို့ဝတ်ဆင်ကြစေ။ ဤကားအာရုန်မှစ၍ သူ့အမျိုးအနွယ်အစဉ်အဆက်တို့စောင့်ရမည့် အမြဲထုံးဖွဲ့ချက်ဖြစ်သတည်း။