27
1 အမြင့်သုံးတောင်၊ အလျားငါးတောင်၊ အနံငါးတောင်၊ စတုရန်းဖြစ်သော ပူဇော်ရာပလ္လင်တော်ကို ရှားသားနှင့်လုပ်လော့။
2 ပလ္လင်တော်လေးထောင့်အပေါ်တွင် စိန်တောင်များကို တစ်ဆက်တည်းလုပ်၍ ကြေးနှင့်ဖုံးအုပ်လော့။
3 ပြာခံအိုး၊ ကော်ပြား၊ အင်တုံ၊ ခက်ရင်း၊ မီးကျီးခံ အစရှိသော ပလ္လင်တော်ဆိုင်ရာအသုံးအဆောင်ရှိသမျှကို ကြေးနှင့်လုပ်လော့။
4 ကြေးရာဇမတ်ကိုလည်းကောင်း၊ ထောင့်လေးထောင့်အပေါ်မှာ ကြေးလေးကွင်းကိုလည်းကောင်း လုပ်ပြီးလျှင်၊
5 ပလ္လင်တော်ခါးဆင့်အောက်၊ အလယ်ထိကပ်ထားလော့။
6 ပလ္လင်တော်ထမ်းရန် ရှားသားထမ်းပိုးများကိုလုပ်၍ ကြေးနှင့်ဖုံးအုပ်ပြီးမှ
7 ပလ္လင်တော်ကိုထမ်းစဉ် နံဘေးနှစ်ချက်ရှိကွင်းများ၌ လျှိုသည့်အတိုင်းထားလော့။
8 အခေါင်းပါသော ထိုပလ္လင်တော်ကို ပျဉ်နှင့်စပ်လုပ်လော့။ တောင်ပေါ်မှာ သင့်အားပြသည့်အတိုင်းပင်လုပ်ကြစေ။
9 စံရာတော်တံတိုင်းကိုလုပ်ရမည်ကား၊ တောင်ဘက်၌အလျားအတောင်တစ်ရာရှိသော ပိုးလျော်တင်းတိမ်ရံကို ကာထားလော့။
10 ငွေမှိုငွေထိပ်ပတ်ပါသောတိုင်နှစ်ဆယ်နှင့် ကြေးအောက်ခံခုံနှစ်ဆယ်ရှိစေလော့။
11 ထိုနည်းတူ မြောက်ဘက်၌ အလျားအတောင်တစ်ရာရှိသော တင်းတိမ်ရံနှင့်တကွ ငွေမှိုငွေထိပ်ပတ်ပါသော တိုင်နှစ်ဆယ်၊ ကြေးအောက်ခံခုံနှစ်ဆယ် ရှိစေလော့။
12 အနောက်ဘက်တံတိုင်း၌လည်း အလျားအတောင်ငါးဆယ်ရှိသော တင်းတိမ်ရံနှင့်တကွ တိုင်တစ်ဆယ်၊ အောက်ခံခုံတစ်ဆယ် ရှိစေလော့။
13 အရှေ့ဘက်တံတိုင်းကား အလျားအတောင်ငါးဆယ်ဖြစ်လျက်၊
14-15 တံခါးဝတစ်ဘက်တစ်ချက်၌ အလျားဆယ်ငါးတောင်ရှိသော တင်းတိမ်ရံနှင့်တကွ တိုင်သုံးလုံး၊ အောက်ခံခုံသုံးခု ရှိစေလော့။
16 တံတိုင်းတံခါးဖြစ်ရန် ပိုးလျှော်မှစ၍ အပြာအမောင်းအနီချည်များနှင့် အလျားအတောင်နှစ်ဆယ်ရှိသော ပန်းထိုးကန့်လန့်ကာကိုလုပ်၍ တိုင်လေးလုံး၊ အောက်ခံခုံလေးခု ရှိစေလော့။
17 တံတိုင်းပတ်လည်တိုင်ရှိသမျှ၌ ငွေမှို၊ ငွေထိပ်ပတ်၊ ကြေးအောက်ခံခုံ၊ ရှိစေလော့။
18 တံတိုင်းသည် အလျားအတောင်တစ်ရာ၊ အနံတညီတည်း ငါးဆယ်၊ အမြင့်ငါးတောင်ဖြစ်လျက် ပိုးလျှော်ထည်နှင့် ကြေးအောက်ခံခုံများရှိစေလော့။
19 အရာရာ၌ စံရာတော်အသုံးအဆောင်ရှိသမျှကိုလည်းကောင်း၊ တဲတော်ကြက်ဆူး၊ တံတိုင်းကြက်ဆူးရှိသမျှကိုလည်းကောင်း ကြေးနှင့်လုပ်လော့။
20 အစဉ်အတိုင်းမီးခွက်တင်ထွန်းခြင်းငှါ ထောင်းညှပ်၍ရသောမီးပူဇော်ရန် သံလွင်ဆီစစ်ကို သင့်ထံဆောင်ခဲ့ကြရမည့်အကြောင်း ဣသရေလအမျိုးသားတို့အား မှာထားလော့။
21 တွေ့ဆုံရာတဲတော်တွင် သက်သေတော်ရှေ့ကန့်လန့်ကာပြင် အာရုန်နှင့်သားတို့သည် ညဉ့်ဦးမှနံနက်တိုင်အောင် ငါထာဝရဘုရားမျက်မှောက်တော်၌ ထိုအမှုကိုစီရင်ကြစေ။ ဤကား ဣသရေလအမျိုးသားတို့ အစဉ်အဆက်စောင့်ရမည့် အမြဲထုံးဖွဲ့ချက်ဖြစ်သတည်း။