29
သူတို့သည် ငါ့ရှေ့ပရောဟိတ်အမှုကို ဆောင်ရွက်ကြစေရန် သီးသန့်ထားရမည့်နည်းဟူမူကား၊ ကြန်အင်စုံသောနွားပေါက်တစ်ကောင်နှင့် သိုးထီးနှစ်ကောင်ကိုယူပြီးလျှင်၊ မုန့်လုံး၊ ဆီရောသောမုန့်ပေါက်၊ ဆီလူးသောမုန့်ချပ်များကို တဆေးမဲ့ဂျုံမုန့်ညက်နှင့်ပေါင်း၍၊ တောင်းတစ်လုံး၌ထည့်ပြီးမှ နွားတစ်ကောင်၊ သိုးနှစ်ကောင်နှင့်အတူ တင်သွင်းလော့။ အာရုန်နှင့်သားတို့ကို တွေ့ဆုံရာတဲတော်မုတ်ဝသို့ခေါ်၍ ရေဆေးကြောစေပြီးလျှင်၊ သင်္ကန်းစုံကိုယူလျက် အာရုန်၌လက်ကျပ်ဝတ်လုံ၊ ကိုယ်ဝတ်ဆိုင်ရာဝတ်လုံ၊ ကိုယ်ဝတ်၊ ရင်လွှမ်းများဆင်ယင်ခြင်း၊ ကိုယ်ဝတ်ရင်စည်းဖြင့် စည်းပတ်ခြင်း၊ ဦးခေါင်းပေါ်မှာ ဗောင်းဆင်ခြင်း၊ ဗောင်း၌သန့်ရှင်းသောသင်းကျစ်တပ်ခြင်းများကို ပြုပြီးမှ၊ ဘိသိက်ဆီကိုယူလျက် ဦးခေါင်းပေါ်တွင်သွန်းလောင်းလော့။ သားတို့ကိုလည်းခေါ်၍၊ လက်ကျပ်ဝတ်လုံနှင့်ဆင်ယင်ပြီးလျှင်၊ အာရုန်နှင့်သားတို့ကို ခါးပန်းစည်းစေလျက်၊ ဦးရစ်ပေါင်းစေသဖြင့် သူတို့သည် အမြဲထုံးဖွဲ့ချက်အတိုင်း ပရောဟိတ်ရာထူးကိုရရှိကြလိမ့်မည်။ အာရုန်နှင့်သားတို့ကို ထိုသို့ပင်ခန့်ထားလော့။ 10 ၎င်းပြင် ဆိုခဲ့သောနွားကို တွေ့ဆုံရာတဲတော်ရှေ့သို့ဆောင်ခဲ့၍ နွားခေါင်းပေါ်တွင် အာရုန်နှင့်သားတို့လက်တင်ကြစေ။ 11 ထိုတဲတော်မုတ်ဝအနီး ငါထာဝရဘုရားရှေ့တော်၌ နွားကိုစီရင်ပြီးမှ၊ 12 အသွေးကိုယူ၍ ပူဇော်ရာပလ္လင်တော်စိန်တောင်များ၌ လက်ချောင်းနှင့်သုတ်ခြင်း၊ အသွေးကျန်သမျှကို ပလ္လင်တော်ခြေရင်းသို့လောင်းခြင်း၊ 13 ဝမ်းတွင်း၌ ဖုံးလွှမ်းသောဆီဥရှိသမျှ အသည်းဆိုင်ရာအညှို့၊ ကျောက်ကပ်တစ်စုံနှင့်တကွ ဆီဥများကိုယူ၍ ပလ္လင်တော်ပေါ်မှာ မီးဖြင့်ပူဇော်ခြင်း၊ 14 နွား၏အသား၊ အရေ၊ အူနုများကို တပ်စခန်းပြင် ကျွမ်းလောင်စေခြင်းများကိုပြုလော့။ ထိုနွားသည် အပြစ်ဖြေရာ သက္ကာဖြစ်သတည်း။ 15 ယခင်သိုးအနက် တစ်ကောင်ကိုယူ၍ သိုးခေါင်းပေါ်တွင် အာရုန်နှင့်သားတို့လက်တင်ကြစေ။ 16 ထိုသိုးကိုစီရင်ပြီးမှ အသွေးကိုယူ၍ ပူဇော်ရာပလ္လင်တော်ဘေးပတ်လည်၌ သွန်းပက်ခြင်း၊ 17 အကောင်ကိုအပိုင်းပိုင်းဖြတ်ခြင်း၊ ဝမ်းတွင်းသားနှင့်ခြေများကို ဆေးကြော၍၊ 18 ဦးခေါင်း၊ သားတစ်များနှင့်စုပုံလျက် ပလ္လင်တော်ပေါ်မှာ တစ်ပုံလုံးမီးဖြင့်ပူဇော်ခြင်းများကို ပြုလော့။ ငါထာဝရဘုရားမီးရှို့ရာသက္ကာ၊ စိတ်တော်ပြေဖွယ်ရနံ့၊ မီးပူဇော်ရာဖြစ်သတည်း။ 19 ကျန်သိုးကိုလည်းယူ၍ သိုးခေါင်းပေါ်တွင် အာရုန်နှင့်သားတို့လက်တင်ကြစေ။ 20 ထိုသိုးကိုစီရင်ပြီးမှ အသွေးကိုယူလျက် အာရုန်နှင့်သားတို့လက်ျာနားပျဉ်း၊ လက်ျာလက်မ၊ လက်ျာခြေမများ၌သုတ်၍ ပူဇော်ရာပလ္လင်တော်ဘေးပတ်လည်တွင် အသွေးသွန်းပက်လော့။ 21 ပလ္လင်တော်ထက်ရှိ အသွေးနှင့်ဘိသိက်ဆီကိုယူလျက် အာရုန်မှစ၍သားတို့ကို သင်္ကန်းစုံပါဖျန်းသဖြင့် အာရုန်၊ သားများ၊ သင်္ကန်းစုံပါ၊ သီးသန့်ရာရောက်လိမ့်မည်။ 22 ထိုသိုးသည် ခန့်ထားခြင်းဆိုင်ရာသိုးဖြစ်သောကြောင်၊ ဆီဥ၊ မြီးထူး၊ ဝမ်းတွင်း၌ဖုံးလွှမ်းသောဆီဥ၊ အသည်းဆိုင်ရာအညှို့၊ ကျောက်ကပ်တစ်စုံနှင့်တကွ၊ 23 ဆီဥ၊ လက်ျာပေါင်များပြင်၊ ငါထာဝရဘုရားမျက်မှောက်ရှိ တဆေးမဲ့မုန့်ပါသောတောင်းထဲမှ၊ 24 မုန့်လုံး၊ ဆီမုန့်ပေါက်၊ မုန့်ချပ်၊ တစ်ခုစီယူ၍ ရှိသမျှကိုအာရုန်နှင့်သားတို့ လက်ဝယ်ထားသဖြင့်၊ ငါထာဝရဘုရားရှေ့ ဦးတိုက်ရာအလှူအဖြစ်ဖြင့် ဦးတိုက်ခြင်း။ 25 သူတို့လက်မှပြန်ယူ၍ ပလ္လင်တော်ထက် မီးရှို့ရာသက္ကာပေါ်တွင် ငါထာဝရဘုရားရှေ့စိတ်တော်ပြေဖွယ်ရနံ့အဖြစ် မီးပူဇော်ရာအဖြစ်ဖြင့်ပူဇော်ခြင်း၊ 26 အာရုန်အား ခန့်ထားခြင်းဆိုင်ရာသိုးမှ ကိုယ့်ပိုင်စုရင်ထူးကိုယူ၍ ငါထာဝရဘုရားရှေ့ဦးတိုက်ရာအလှူအဖြစ်ဖြင့် ဦးတိုက်ခြင်းများကိုပြုလော့။ 27 အာရုန်နှင့်သားတို့အား ခန့်ထားခြင်းဆိုင်ရာသိုး၏ရင်ထူးဖြစ်သော ဦးတိုက်ရာအလှူ၊ ပေါင်ဖြစ်သောမြှောက်ဆက်ရာအလှူများကို သီးသန့်ထားပြီးမှ၊ 28 မြှောက်ဆက်ရာအလှူဖြစ်သည်နှင့်အညီ အမြဲထုံးဖွဲ့ချက်အတိုင်း၊ အာရုန်နှင့်သားစဉ်မြေးဆက်တို့အား ဣသရေလအမျိုးသားတို့သည် ထိုသို့လှူကြရမည်။ ဤကား ဣသရေလအမျိုးသားတို့ဆက်ကပ်သော မိတ်သဟာယပူဇော်သက္ကာများအနက် ငါထာဝရဘုရားအားမြှောက်ဆက်ရာ အလှူဖြစ်သတည်း။ 29 အာရုန်၏သန့်ရှင်းသောသင်္ကန်းစုံကို သားမြေးတို့ဆက်လက်သဖြင့် ဘိသိက်သွန်းခြင်း၊ ခန့်ထားခြင်းခံရာ၌ ဝတ်ဆင်ကြစေ။ 30 ပရောဟိတ်အရိုက်အရာကို ဆက်ခံ၍ သန့်ရှင်းရာဌာန၌ အမှုတော်ကိုဆောင်ရွက်ရန် တွေ့ဆုံရာတဲတော်သို့ဝင်ရသောသားသည် ခုနစ်ရက်ပတ်လုံးဝတ်ဆင်စေ။ 31 ခန့်ထားခြင်းဆိုင်ရာ သိုး၏အသားကိုယူ၍၊ 32 သီးသန့်ရာအရပ်တွင်ပြုတ်ပြီးမှ ထိုအသားကိုလည်းကောင်း၊ တောင်းရှိမုန့်ကိုလည်းကောင်း၊ တွေ့ဆုံရာတဲတော်မုတ်ဝအနီး အာရုန်နှင့်သားတို့စားကြစေ။ 33 သီးသန့်ခန့်ထားခြင်းနှင့်ဆိုင်သော အပြစ်ဖြေရာများသည် သီးသန့်ပြီးဖြစ်သောကြောင့် မဆိုင်သူမစားရဘဲ ကိုယ်တိုင်စားကြစေ။ 34 ခန့်ထားခြင်းဆိုင်ရာ အသားဖြစ်စေ၊ မုန့်ဖြစ်စေ၊ နံနက်တိုင်ကြွင်းလျှင် ထိုအကြွင်းကိုကျွမ်းလောင်စေ။ သီးသန့်ပြီးဖြစ်သောကြောင့် မည်သူမျှမစားရ။ 35 ထိုသို့ပင်အာရုန်နှင့်သားတို့အား ငါမိန့်မှာသမျှအတိုင်းပြု၍ ခန့်ထားခြင်းမင်္ဂလာကို ခုနစ်ရက်ပတ်လုံး ဆောင်ရွက်လျက်၊ 36 အပြစ်ဖြေခြင်းအလို့ငှါ အပြစ်ဖြေရာသက္ကာနွား တစ်နေ့တစ်ကောင်ကိုပူဇော်သဖြင့် ပလ္လင်တော်ပြစ်အဖို့ ဖြေခြင်းကိုပြု၍ စင်ကြယ်စေပြီးမှ သီးသန့်ထားခြင်းငှါ ဘိသိက်ဆီသွန်းလော့။ 37 ခုနစ်ရက်ပတ်လုံး ပလ္လင်တော်ပြစ်အဖို့ဖြေခြင်းကိုပြု၍ သီးသန့်ထားလော့။ ထိုပလ္လင်တော်သည် အထူးသီးသန့်သည်နှင့်အညီ ထိမိသမျှသူတိုင်း သီးသန့်ရာရောက်လိမ့်မည်။
38 ပလ္လင်တော်ပေါ်တွင် ပူဇော်ရမည်မှာ နေ့စဉ်မပြတ်၊ အခါလည်သောသိုးသားငယ် တစ်နေ့နှစ်ကောင်ကျ၊ 39 နံနက်တစ်ကောင်၊ ညဉ့်ဦးယံတစ်ကောင်ကိုလည်းကောင်း၊ သိုးသားငယ်တစ်ကောင်နှင့်တကွ၊ 40 ထောင်းညှပ်၍ရသောဆီတစ်ပိဿာရောပြီး မုန့်ညက်တစ်စရွတ်ကိုလည်းကောင်း၊ သွန်းလောင်းရာသက္ကာအဖြစ် စပျစ်ရည်တစ်ပိဿာကိုလည်းကောင်း၊ ပူဇော်လော့။ 41 ကျန်သိုးသားငယ်ကိုကား စိတ်တော်ပြေဖွယ်ရနံ့၊ မီးပူဇော်ရာအဖြစ်၊ နံနက်ဘောဇဉ်သက္ကာနှင့် သွန်းလောင်းရာသက္ကာပါသည့်နည်းတူ ညဉ့်ဦးယံ၌ ငါထာဝရဘုရားထံပူဇော်လော့။ 42 သင်တို့အားမိန့်မြွက်ရန် ငါတွေ့ဆုံမည့်ဌာန၊ တွေ့ဆုံရာတဲတော်မုတ်ဝအနီး၊ သင်တို့အမျိုးအစဉ်အဆက်၊ ဆက်မြဲမီးရှို့ရာသက္ကာဖြစ်၏။ 43 ထိုဌာန၌ ဣသရေလအမျိုးသားတို့နှင့်ငါတွေ့ဆုံ၍ ဘုန်းတော်ဖြင့်သီးသန့်စေမည်။ 44 ငါ့ရှေ့ပရောဟိတ်အမှုဆောင်ရွက်စေရန် အာရုန်နှင့်သားတို့ကိုလည်းကောင်း၊ တွေ့ဆုံရာတဲတော်နှင့် ပလ္လင်တော်ကိုလည်းကောင်း၊ ငါသီးသန့်စေမည်။ 45 ဣသရေလအမျိုးသားတို့ ဘောင်တွင်ငါစံနေ၍ သူတို့ဘုရားသခင်ဖြစ်မည်။ 46 ငါသည်သူတို့တွင် စံနေခြင်းငှါ အိဂျစ်ပြည်မှထုတ်ဆောင်ခဲ့သော သူတို့ဘုရားသခင်ထာဝရဘုရားဖြစ်ကြောင်း သိရကြလတ္တံ့။ ငါသည် သူတို့ဘုရားသခင် ထာဝရဘုရားပေတည်း။