26
1 ပိုးလျှော်မှစ၍ အပြာအမောင်းအနီချည်များနှင့် လက်မြောက်သူရက်လုပ်သော ခေရုဗရုပ်ပုံပါ၊ တင်းတိမ်ရံဆယ်ထည်ဖြင့် စံရာတော်ကိုလည်း လုပ်လော့။
2 တင်းတိမ်ရံများသည် အလျားနှစ်ဆယ့်ရှစ်တောင်၊ အနံလေးတောင်စီ၊ တင်းတိမ်ရံချင်း၊ အတိုင်းအထွာညီမျှရမည်။
3 တင်းတိမ်ရံ ငါးထည်စီစပ်ရမည်။
4 ငါးထည်စပ် တင်းတိမ်ရံနှစ်ထည်အနားတစ်ဘက်စီ၌ ကွင်းများကိုချည်ပြာနှင့်လုပ်၍တပ်လော့။
5 ထိုငါးထည်စပ် တင်းတိမ်ရံနှစ်ထည်အနားတစ်ဘက်တစ်ဘက်၌ ကွင်းငါးဆယ်စီကိုလုပ်၍ ကွင်းချင်းဆိုင်လျက်တပ်ထားလော့။
6 ရွှေချိတ်ငါးဆယ်ကိုလည်းလုပ်၍ ထိုချိတ်များဖြင့် တင်းတိမ်ရံချင်းချိတ်တွယ်လျှင် စံရာတော်တစ်ဆောင်တည်းဖြစ်လိမ့်မည်။
7 စံရာတော်အပေါ်တဲမိုးဖြစ်စေရန် တင်းတိမ်ရံဆယ့်တစ်ထည်ကို ဆိတ်မွေးနှင့်ရက်လုပ်လော့။
8 တင်းတိမ်ရံများသည် အလျားအတောင်သုံးဆယ်၊ အနံလေးတောင်စီ၊ တင်းတိမ်ရံဆယ့်တစ်ထည်၊ အတိုင်းအထွာညီမျှရမည်။
9 တင်းတိမ်ရံတစ်ထည်ကို ငါးထည်၊ တစ်ထည်ကိုခြောက်ထည်စပ်၍၊ ဆဌမအစပ်ကို တဲတော်ဦး၌ခေါက်တင်လော့။
10 စပ်သောတင်းတိမ်ရံနှစ်ထည်အနားတစ်ဘက်တစ်ဘက်၌၊ ကွင်းငါးဆယ်စီကိုလုပ်၍တပ်လော့။
11 ကြေးချိတ်ငါးဆယ်ကိုလည်းလုပ်၍ ကွင်းများ၌ချိတ်လျက်၊ တစ်ဆောင်တည်းဖြစ်စေရန် တဲကိုစပ်လော့။
12 တဲတင်းတိမ်ရံအနက် ပိုမိုသောတင်းတိမ်ရံတစ်ဝက်ကို စံရာတော်နောက်မှာ ဆွဲထားလော့။
13 ပိုမိုသောတဲတင်းတိမ်ရံအလျားနှစ်တောင်ကိုကား စံရာတော်ဖုံးအုပ်ရန် တစ်ဘက်တစ်တောင်စီဆွဲထားလော့။
14 အနီဆိုးသောသိုးရေဖြင့် တဲအပေါ်ထပ်မိုးကိုလည်းကောင်း၊ ဖျံရေဖြင့်အပြင်ထပ်မိုးကိုလည်းကောင်း လုပ်လော့။
15 စံရာတော်အတွင်း၌ရှားသားဖြင့် ဘောင်ခွေများကိုလုပ်၍တည်ထားလော့။
16 ဘောင်ခွေများသည် အလျားဆယ်တောင်၊ အနံတစ်တောင့်ထွာစီ ရှိရမည်။
17 စရွေးနှင့်တကွ ပြော့နှစ်ချောင်းပါသော ထိုဘောင်ခွေများကိုလုပ်လော့။
18 စံရာတော်တောင်ဘက်၌ ဘောင်ခွေနှစ်ဆယ်ကို လုပ်ထားလော့။
19 ထိုဘောင်ခွေနှစ်ဆယ်အဖို့ ပြော့နှစ်ချောင်းရှိတစ်ခွေလျှင် အောက်ခံခုံနှစ်ခု၊ ငွေအောက်ခံခုံ လေးဆယ်ကိုလုပ်လော့။
20 ထိုအတူ စံရာတော်မြောက်ဘက်ဘေး၌ ဘောင်ခွေနှစ်ဆယ်နှင့်တကွ၊
21 တစ်ခွေလျှင်နှစ်ခု၊ ငွေအောက်ခံခုံ လေးဆယ်ကိုလုပ်ထားလော့။
22 စံရာတော်အနောက်မျက်နှာ၌လည်း ဘောင်ခွေခြောက်ခုကို လုပ်ထားလော့။
23-24 ထိုမျက်နှာနှစ်ထောင့်၌ကား၊ အောက်မှအထက်ကွင်းမှီအောင် တစ်စုံဖြစ်သောဘောင်ခွေနှစ်ခုကို လုပ်ထားလော့။ ထိုသို့လျှင် နှစ်ထောင့်လုံးအဖို့ဖြစ် ရမည်။
25 ၎င်းဘောင်ခွေရှစ်ခုရှိသည်နှင့်အညီ၊ တစ်ခွေလျှင်နှစ်ခု၊ ငွေအောက်ခံခုံဆယ့်ခြောက်ခုရှိရမည်။
26-27 စံရာတော်ရှိဘောင်ခွေများအဖို့၌ ရှားသားကန့်လန့်ကျင်များကို ဝဲယာဘေးတစ်ဘက်တစ်ချက်ငါးချောင်းစီနှင့် အနောက်မျက်နှာဘေးအဖို့လည်း ငါးချောင်းကိုလုပ်လော့။
28 ၎င်းကန့်လန့်ကျင်များအနက် ဘောင်ခွေအလယ်ရှိတစ်ချောင်းသည် အစွန်းနှစ်ဘက်ကိုမှီရမည်။
29 ဘောင်ခွေများကို ရွှေနှင့်မွမ်းမံလျက် ကန့်လန့်ကျင်ပေါက်ဖြစ်စေခြင်းငှါ ရွှေကွင်းများကိုလုပ်၍ ကန့်လန့်ကျင်များကိုလည်း ရွှေနှင့်မွမ်းမံလော့။
30 တောင်ပေါ်မှာ သင့်အားနည်းပြသည့်အတိုင်း စံရာတော်ကိုစိုက်ထူလော့။
31 ပိုးလျှော်မှစ၍ အပြာအမောင်းအနီချည်များနှင့် လက်မြောက်သူခတ်တတ်သော ခေရုဗရုပ်ပုံပါ ကန့်လန့်ကာကိုရက်လုပ်ပြီးလျှင်၊
32 ငွေအောက်ခံခုံလေးခုတွင် စွပ်ထားသောရွှေမွမ်းရှားတိုင်လေးလုံးထိပ်၊ ရွှေမှို၌ဆွဲထားလော့။
33 ကန့်လန့်ကာကို အထက်ချိတ်များအောက် ထိုသို့ဆွဲထားပြီးလျှင် ကန့်လန့်ကာအတွင်းသို့ သက်သေတော်သေတ္တာကိုသွင်းထားလော့။ ၁ 26.33 သန့်ရှင်း၊ သီးသန့်၊ ဟူေသာစကားနှစ်ရပ်သည်ပါဠိ၌တူၔ၏။သန့်ရှင်းရာဌာနတော်နှင့် အထူးသန့်ရှင်းရာဌာနတော်ကို ၎င်းကန့်လန့်ကာအပိုင်းအခြားဖြစ်စေလော့။
34 အထူးသန့်ရှင်းရာဌာနတော်၌ သက်သေတော်သေတ္တာအပေါ်မှာ အပြစ်ဖြေရာပလ္လင်တော်ကို တင်ထားလော့။
35 ကန့်လန့်ကာပြင် စံရာတော်မြောက်ဘက်၌ စားပွဲတော်ကိုလည်းကောင်း တောင်ဘက်၌မီးခုံတော်ကို လည်းကောင်း တူရူထားလော့။
36 တဲတော်မုတ်ဝပိတ်ရန် ပိုးလျှော်မှစ၍ အပြာအမောင်းအနီချည်များနှင့် ပန်းထိုးသောကန့်လန့်ကာကို ရက်လုပ်လော့။
37 ထိုကန့်လန့်ကာအဖို့ ရွှေမှိုများပါသောရှားတိုင်ငါးလုံးကိုလုပ်၍ ရွှေနှင့်မွမ်းမံလော့။ ကြေးအောက်ခံခုံငါးခုကိုလည်း သွန်းလုပ်လော့။