16
တစ်ဖန် ဣသရေလအမျိုးသားအပေါင်း ပရိသတ်သည် ဧလိမ်မြိုင်မှချီပြန်၍ အိဂျစ်ပြည်က ထွက်လာပြီးနောက် ဒုတိယလ၊ ဆယ့်ငါးရက်တွင် ဧလိမ်မြိုင်နှင့်သိနာတောင်ကြား သိန်ခေါ် သဲတောသို့ရောက်ကြ၏။ ထိုတော၌ ဣသရေလအမျိုးသားအပေါင်းပရိသတ်သည် မောရှေနှင့်အာရုန်တို့ကို ညည်းညူ၍၊ အိဂျစ်ပြည်၌ ဟင်းအိုးအနီးထိုင်လျက် ဝစွာစားရစဉ်အခါ ထာဝရဘုရား၏လက်တော်ဖြင့် ငါတို့သေခဲ့လျှင် ကောင်းလေစွ။ ဤခပ်သိမ်းသောအစုအရုံးကို မွတ်သိပ်၍သေစေရန် သဲတောအရပ်သို့ သင်တို့ဆောင်ခဲ့ပြီတကားဟုဆိုကြသော်၊ ထာဝရဘုရားက ဤလူမျိုးသည် ငါ့ပညတ်တရားအတိုင်း လျှောက်လိုက်မည်မလိုက်မည်ကို စမ်းခြင်းအလို့ငှါ သင်တို့အဖို့မိုးကောင်းကင်မှအစာကို ငါကျရွာစေမည်။ သူတို့လည်းထွက်၍ တစ်ရက်စာကိုနေ့စဉ်ကောက်ယူရမည်။ နေ့စဉ်ထက် ဆဌမနေ့တွင် နှစ်ဆကောက်ယူ၍ အသင့်ပြင်ဆင်ကြရမည်ဟု မောရှေအားမိန့်တော်မူ၏။ မောရှေနှင့်အာရုန်တို့ကလည်း ထာဝရဘုရားသည် အိဂျစ်ပြည်မှထုတ်ဆောင်တော်မူခဲ့မှန်းကို ယနေ့ညဉ့်ဦး၌ပင် သင်တို့သိရကြလိမ့်မည်။ နံနက်၌လည်း ထာဝရဘုရား၏ဘုန်းတော်ကိုမြင်ရကြလိမ့်မည်။ ထာဝရဘုရားအား ညည်းညူခြင်းအသံကို ကြားတော်မူပြီ။ ငါတို့ကား၊ မည်သို့သောသူဖြစ်၍ သင်တို့ညည်းညူရသနည်းဟု ဣသရေလအမျိုးသားအပေါင်းတို့အား ဆိုကြ၏။ တစ်ဖန်မောရှေက၊ ထာဝရဘုရားသည် ညဉ့်ဦး၌သင်တို့စားရန်အသားကိုလည်းေကာင်း၊ နံနက်၌ဝလောက်အောင်မု့န်ကိုလည်းေကာင်း၊ ပေးသနားတော်မူသောအခါ သိမြင်ကြလိမ့်သတည်း။ ထာဝရဘုရားအား သင်တို့ညည်းညူသောအသံကို ကြားတော်မူပြီ။ ငါတို့ကား မည်သို့သောသူနည်း။ သင်တို့ညည်းညူခြင်းသည် ငါတို့နှင့်မဟုတ်၊ ထာဝရဘုရားနှင့်သာ ဆန့်ကျင်ဘက်ဖြစ်သည်ဟုဆို၏။ အာရုန်အားလည်း မောရှေက၊ ညည်းညူသံကို ထာဝရဘုရားကြားတော်မူသဖြင့် အထံတော်သို့ ချဉ်းကပ်ကြရမည်ဟူ၍ ဣသရေလအမျိုးသားအပေါင်းပရိသတ်အား ကြားပြောလော့ဟု မှာထားသည့်အတိုင်း၊ 10 အာရုန်ကြားပြောသောအခါ ဣသရေလအမျိုးသားအပေါင်းပရိသတ်သည် တောသို့မျှော်ကြည့်၍ တိမ်တိုက်၌ထင်ရှားသော ထာဝရဘုရား၏ဘုန်းတော်ကို မြင်ရကြ၏။ 11-12 ထိုအခါ ထာဝရဘုရားက၊ ဣသရေလအမျိုးသားတို့ ညည်းညူသံကိုငါကြားရပြီ။ သူတို့အား ဆင့်ဆိုရမည်မှာ ညဉ့်ဦးယံ၌သင်တို့သည် အသားကိုစားရ၍ နံနက်၌လည်းမုန့်နှင့်ဝကြလိမ့်မည်။ ငါသည်သင်တို့ဘုရားသခင် ထာဝရဘုရားဖြစ်ကြောင်း သိရကြလတ္တံ့ဟူ၍ ဆင့်ဆိုလော့ဟုမောရှေအား မိန့်တော်မူသည့်အတိုင်း၊ 13 ညဉ့်ဦး၌ ငုံးငှက်များပေါ်လာ၍ တပ်စခန်းပြည့်ဖုံးလွှမ်းကြ၏။ နံနက်၌လည်း ပတ်ဝန်းကျင်တွင် နှင်းကျလျက်ရှိ၏။ 14 နှင်းကွဲပြီးမှ ဆီးနှင်းပေါက်မျှသေးငယ်သော အလွှာအလွှာသည် မြေမျက်နှာပြင်ပေါ်မှာရှိလေ၏။ 15 ဣသရေလအမျိုးသားတို့သည် မြင်ရသောအခါ မည်သည့်အရာဖြစ်သည်ကိုမသိသောကြောင့် 16.15  ပါဠိ - မန္နဟူေသာစကားနှင့်ညီၔ၏။အဘယ်အရာနည်းဟု အချင်းချင်းမေးမြန်းကြလျှင် သင်တို့စားရန် ထာဝရဘုရားပေးသနားတော်မူသောမုန့်ဖြစ်၍၊ 16 လူတိုင်း ကိုယ့်တဲရှိသူတို့အဖို့ အသီးအသီးအိုးစားအလိုက်၊ လူဦးရေအလျောက်၊ တစ်ယောက်လျှင် တစ်သြမဲစီကောက်ယူကြလော့ဟု ထာဝရဘုရားမိန့်မှာတော်မူကြောင်း မောရှေဆင့်ဆိုသည်နှင့်အညီ၊ 17 ဣသရေလအမျိုးသားတို့လိုက်နာ၍ နည်းများအလျောက် ကောက်ယူကြ၏။ 18 အသီးအသီးအိုးစားအတိုင်း ကောက်ယူ၍ သြမဲတောင်းနှင့်ခြင်ကြရာ များသောသူ၌မပို၊ နည်းသောသူ၌လည်းမလို။ 19 နံနက်တိုင်မည်မျှမကျန်စေနှင့်ဟု မောရှေမြစ်တားသော်လည်း၊ 20 အချို့တို့သည် မောရှေ့စကားကိုနားမထောင်ဘဲ နံနက်တိုင်ကျန်စေသဖြင့် ပိုးကျ၍ချဉ်သိုးလေ၏။ မောရှေလည်း အမျက်ထွက်၏။ 21 အသီးအသီးတို့သည် နံနက်တိုင်းအိုးစားအလျောက်ကောက်ယူကြ၏။ နေပူသောအခါ အရည်ပျော်လေ၏။ 22 ဆဌမနေ့၌ အစာတစ်ဆတိုး၍ နှစ်သြမဲစီကောက်ယူကြကြောင်း ပရိသတ်အကြီးအကဲတို့ကြားပြောလျှင်၊ 23 မောရှေက၊ နက်ဖြန်နေ့သည် ထာဝရဘုရားရှေ့တော်၌နားနေရာသန့်ရှင်းသောဥပုသ်နေ့ဖြစ်၏။ ယနေ့ပေါင်းရ၊ ပြုတ်ရသည့်အတိုင်း ပေါင်းကြ၊ ပြုတ်ကြလော့။ ပိုမိုရာတစ်ဖို့ကိုကား၊ နံနက်တိုင်စောင့်ထိန်းသိုထားကြလော့ဟု ထာဝရဘုရားမိန့်တော်မူကြောင်း ဆင့်ဆိုလေ၏။ 24 မောရှေမှာထားသည့်အတိုင်း နံနက်တိုင်သိုထားကြရာ၊ 25 မချဉ်မသိုး၊ ပိုးလည်းမကျချေ။ မောရှေကလည်း၊ ယနေ့သည် ထာဝရဘုရားရှေ့တော်၌ ဥပုသ်နေ့ဖြစ်သောကြောင့် ပိုမိုရာကိုစားကြလော့။ 26 တောတွင်မုန့်တွေ့မည်မဟုတ်။ ခြောက်ရက်ပတ်လုံးကောက်ယူကြမည်။ သတ္တမနေ့တွင် ဥပုသ်နေ့ဖြစ်၍ ရရှိလိမ့်မည်မဟုတ်ဟုဆိုလျက်ပင်၊ 27 အချို့တို့သည် သတ္တမနေ့တွင် ကောက်ယူရန်ထွက်၍ ရှာသော်လည်းမတွေ့ကြ။ 28 ထာဝရဘုရားကလည်း၊ ငါ့မိန့်မှာချက်၊ ဥပဒေချက်များကို မည်မျှကြာမစောင့်ရှောက်ဘဲ ငြင်းဆိုကြအံ့နည်း။ 29 ငါထာဝရဘုရားသည် ဥပုသ်နေ့ကိုသင်တို့အား ပေးသနားတော်မူပြီးဖြစ်၍ ဆဌမနေ့တွင် နှစ်ရက်စာပေးတော်မူသည်ကို မှတ်ကြလော့။ သတ္တမနေ့၌ လူအသီးအသီးနေရင်းနေရာမှမထွက်မသွားဘဲ၊ ၎င်းအရပ်တွင်သာနေလေစေဟု မောရှေအားမိန့်တော်မူသည့်အတိုင်း၊ 30 ထိုလူမျိုးသည် သတ္တမနေ့၌နားနေကြ၏။ 31 ဣသရေလအမျိုးသားချင်းတို့သည် ထိုမုန့်ကို မန္နဟုခေါ်ဝေါ်ကြ၏။ နံနံစေ့နှင့်တူ၍ ဖြူသောအရောင်ရှိလျက် ပျားမုန့်ချပ်အရသာနှင့်တူ၏။ 32 မောရှေလည်း၊ သင်တို့ကိုအိဂျစ်ပြည်မှထုတ်ဆောင်သောအခါ သဲတော၌ငါကျွေးသောမုန့်ကို သင်တို့အမျိုးအစဉ်အဆက်မြင်ရစေခြင်းငှါ တစ်သြမဲပြည့်သိုထားကြလော့ဟူသော ထာဝရဘုရား၏အမိန့်တော်ကို ဆင့်ဆိုလေ၏။ 33 တစ်ဖန်အာရုန်အား၊ အိုးတစ်လုံးကိုယူ၍ မန္နမုန့်တစ်သြမဲပြည့်ထည့်ပြီးလျှင် သင်တို့အမျိုးအစဉ်အဆက်စောင့်ထိန်းစေခြင်းငှါ ထာဝရဘုရားရှေ့တော်တွင် သိုထားလော့ဟုဆို၏။ 34 မောရှေအား ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း ထိုမန္နမုန့်ကိုစောင့်ထိန်းစေခြင်းငှါ သက်သေတော်ရှေ့တွင် အာရုန်ထားလေ၏။ 35 ဣသရေလအမျိုးသားတို့သည် လူနေပြည်သို့မရောက်မီ ခါနာန်ပြည်နယ်စွန်သို့ ရောက်သည့်တိုင်အောင်ပင် နှစ်ပေါင်းလေးဆယ်ပတ်လုံး မန္နမုန့်ကိုစားရကြ၏။ 36 တစ်သြမဲဆိုသော် တစ်စရွတ်ခန့်တည်း။