15
ထိုအခါ မောရှေနှင့်ဣသရေလအမျိုးသားတို့သည် ထာဝရဘုရားအား ဧချင်းဖွဲ့ဆိုသောစကားဟူမူကား၊ ထာဝရဘုရားသည် ဘုန်းတော်ထင်ပေါ်သည်ဖြစ်၍ ကိုယ်တော်အား ဧချင်းဖွဲ့ဆိုပါအံ့။ မြင်းနှင့်မြင်းစီးသူရဲကို ပင်လယ်အတွင်းချလှဲတော်မူပြီ။ ထာဝရဘုရားသည် ငါ့စွမ်းအား၊ ငါကျူးဧဖွဲ့ဆိုရာ ငါ့ကိုကယ်ဆယ်ရာအကြောင်းဖြစ်တော်မူ၏။ ထိုဘုရားသည် ငါ့ဘုရားဖြစ်တော်မူ၍ ထောမနာပြုပါမည်။ ငါ့အဘ၏ဘုရားသခင်ဖြစ်တော်မူ၍ ဂုဏ်တော်ကိုချီးမြှောက်ပါမည်။ ထာဝရဘုရားသည် စစ်ဗိုလ်မှူးဖြစ်တော်မူ၏။ နာမတော်ကား၊ ထာဝရဘုရားပေတည်း။ ဖာရောမင်း၏စစ်ရထားနှင့် ဗိုလ်ခြေတို့ကို ပင်လယ်အတွင်းချလှဲတော်မူပြီ။ လက်ရွေးဗိုလ်မင်းတို့လည်း ပင်လယ်နီထဲ၌နှစ်မြှုပ်ကြ၏။ သမုဒ္ဒရာလွှမ်းမိုးသဖြင့် သူတို့သည်နက်ရှိုင်းရာသို့ ကျောက်တုံးသဖွယ်နစ်သွားကြ၏။ တန်ခိုးကြောင့် ဘုန်းကြီးတော်မူသော အိုထာဝရဘုရား၊ ညာလက်တော်သည် ရန်သူတို့ကိုချိုးဖဲ့ဖျက်ဆီးတော်မူ၏။ ကိုယ်​တော့်တစ်ဘက်၌ ထကြွသူတို့ကို ကြီးမြတ်သောဘုန်းတော်နှင့် ဖြိုလှဲတော်မူ၍ အမျက်တော်ရှိန်ကို လွှတ်သဖြင့် ရိုးပြတ်ကဲ့သို့ကျွမ်းစေတော်မူ၏။ နှာတော်ရှူထုတ်ခြင်းအားဖြင့် ရေမောက်ကြွ၍ ရေအလျဉ်လည်းစုပုံလျက် ပင်လယ်ဗဟိုရေထုသည် ခဲမာရလေ၏။ ငါလိုက်၍မှီလိမ့်မည်။ လက်ရပစ္စည်းကိုဝေမျှရမှ ငါချင်ရဲပြေမည်။ ဓားကိုချွတ်၍ လက်ရုံးနှင့်ဖျက်ဆီးမည်ဟု ရန်သူတို့ဆိုသော်၊ 10 ကိုယ်တော်ရှူထုတ်တော်မူသဖြင့် ပင်လယ်လွှမ်းမိုး၍ အားကြီးသောရေထဲမှာ ခဲထုပ်ကဲ့သို့ သူတို့နစ်သွားကြ၏။ 11 အို ထာဝရဘုရား၊ ဘုရားဟူသမျှတို့တွင် ကိုယ်တော်နှင့်မည်သည့်ဘုရားတူပါသနည်း။ သန့်ရှင်းခြင်းကြောင့် ဘုန်းကြီးတော်မူထသော ချီးမွမ်းထိုက်ခြင်းကြောင့် ကြောက်မက်ဖွယ်ဖြစ်တော်မူထသော၊ အံ့ဖွယ်ရာများကို ပြုတော်မူသောကိုယ်တော်နှင့် မည်သည့်ဘုရားတူပါသနည်း။ 12 ညာလက်တော်ဆန့်တော်မူလျှင် သူတို့ကိုမြေမျိုလေ၏။ 13 ရွေးနုတ်တော်မူခဲ့သောလူမျိုးကို ကရုဏာတော်နှင့် လမ်းပြတော်မူ၍ သန့်ရှင်းသောစံရာတော်သို့ တန်ခိုးတော်အားဖြင့် ပို့ဆောင်တော်မူသော်၊ 14 လူမျိုးများသည် သတင်းကြား၍တုန်လှုပ်ကြ၏။ ဖိလိတ္တိပြည်သူပြည်သားတို့သည် နာကျင်ခြင်းဝေဒနာခံရကြ၏။ 15 ထိုအခါ ဧဒုံလူမျိုးအကြီးအကဲတို့ထိတ်လန့်၍ မောဘဗိုလ်မှူးတို့တုန်လှုပ်လျက် ခါနာန်ပြည်သားအပေါင်းတို့ ပျက်ပြားကြ၏။ 16 အို ထာဝရဘုရား၊ အပိုင်ရတော်မူသောလူမျိုးတော် ကျော်လွန်သည့်တိုင်အောင် ထိုလူမျိုးများအပေါ်သို့ ကြောက်ရွံ့ထိတ်လန့်ခြင်းသင့်၍ လက်ရုံးတော်တန်ခိုးကြောင့် ကျောက်တုံးကဲ့သို့ဆိတ်ဆိတ်နေရကြ၏။ 17 အို ထာဝရအရှင်ဘုရား၊ ပိုင်တော်မူရာတောင်၊ ကိန်းဝပ်တော်မူရန် ပြုပြင်တော်မူသောအရပ်၊ လက်တော်ဖြင့်တည်တော်မူသော သန့်ရှင်းရာဌာနတော်ထဲသို့ လူမျိုးတော်ကိုသွင်း၍ စိုက်ထူတော်မူလေပြီ။ 18 ထာဝရဘုရားသည် ကမ္ဘာအဆက်ဆက်စိုးစံတော်မူလိမ့်သတည်းဟု ကျူးဧကြ၏။ 19 အသို့ဆိုသော် ဖာရောမင်း၏စစ်မြင်း၊ စစ်ရထား၊ မြင်းစီးသူရဲများတို့သည် ပင်လယ်ထဲသို့ဝင်ရာ၊ သူတို့အပေါ်သို့ ပင်လယ်ရေကို ထာဝရဘုရားစီးပြန်စေတော်မူ၏။ ဣသရေလအမျိုးသားတို့မူကား ပင်လယ်အလယ်တွင် ကြည်းကြောင်းလျှောက်သွားရကြ၏။ 20 အာရုန်၏အစ်မဖြစ်သော ပရောဖက်မမိရိအံသည် ပတ်သာကိုကိုင်၍ မိန်းမအပေါင်းတို့လည်း ပတ်သာတီးလျက်၊ ကခုန်လျက်၊ လိုက်သွားကြစဉ်၊ 21 ထာဝရဘုရားသည် ဘုန်းတော်ထင်ပေါ်သည်ဖြစ်၍ ကိုယ်တော်အား ဧချင်းဖွဲ့ဆိုကြလော့။ မြင်းနှင့်မြင်းစီးသူရဲကို ပင်လယ်အတွင်းချလှဲတော်မူပြီဟု အတိုင်အဖောက်ဆိုလေ၏။
22 ထိုနောက် မောရှေသည် ဣသရေလလူတို့ကို ပင်လယ်နီမှဆောင်သွားသဖြင့် ရှုရတောသို့ရောက်ကြလျှင် ထိုတော၌ရေမတွေ့ဘဲ သုံးရက်ခရီးသွားပြီးနောက်၊ 23 မာရစခန်းသို့ရောက်သောအခါ မာရရေခါးသောကြောင့် မသောက်နိုင်ကြ။ ရေခါးကြောင်းအစွဲပြု၍ ထိုစခန်းကို 15.23  အနက်ကား၊ ခါးေသာမာရဟုသမုတ်ကြသတည်း။ 24 ထိုလူမျိုးသည် မောရှေအားညည်းညူလျက် မည်သည်ကိုသောက်ရအံ့နည်းဟု ဆိုကြသော်၊ 25 မောရှေသည် ထာဝရဘုရားထံဟစ်သည်နှင့် ထာဝရဘုရားပြညွှန်တော်မူသောသစ်ပင်ကို ရေထဲသို့ချလျှင် ရေချိုလေ၏။ ထိုအရပ်တွင် သူတို့ကိုစုံစမ်း၍ ဆုံးဖြတ်ထုံးဖွဲ့တော်မူသည်ကား၊ 26 သင်တို့ဘုရားသခင် ငါထာဝရဘုရား၏ဗျာဒိတ်တော်သံကို နာခံနာယူ၍ မျက်မှောက်တော်တွင် သင့်လျော်စွာပြုကျင့်လျက် မိန့်မှာတော်မူချက်များကို နားထောင်ခြင်း၊ ထုံးဖွဲ့တော်မူသမျှကို စောင့်ရှောက်ခြင်းပြုကြလျှင် ငါသည်အိဂျစ်လူတို့အပေါ်တွင် သင့်ရောက်စေခဲ့သော ရောဂါတစ်စုံတစ်ခုကိုမျှ သင်တို့အပေါ်တွင်သင့်ရောက်စေမည်မဟုတ်။ ငါသည် သင်တို့ကိုကျန်းမာစေသော ထာဝရဘုရားပေတည်းဟု မိန့်တော်မူ၏။
27 ထိုနောက် စမ်းရေတွင်းတစ်ဆယ့်နှစ်၊ စွန်ပလွံပင်ခုနစ်ဆယ်ရှိသော ဧလိမ်မြိုင်သို့ရောက်ရာ ရေအနီးတွင်စွဲရပ်ကြ၏။