ထွက်လွတ်ရာကျမ်း
1
1 အိမ်သူအိမ်သားအသီးအသီးတို့ပါ ယာကုပ်နှင့်အတူ အိဂျစ်ပြည်သို့လာရောက်သော ဣသရေလသားတို့၏အမည်များကား၊
2-3 ရုဗင်၊ ရှိမောင်၊ လေဝိ၊ ယုဒ၊ ဣသခါ၊ ဇာဗုလုန်၊ ဗင်္ယာမိန်၊
4 ဒန်၊ နဿလိ၊ ဂဒ်၊ အာရှာတို့တည်း။
5 ယာကုပ်မှဆင်းသက်သောလူပေါင်းကား ခုနစ်ဆယ်ဖြစ်၏။ ယောသပ်မှာမူ အိဂျစ်ြပည်၌ရှိနှင့်သတည်း။
6 ယောသပ်နှင့်ညီအစ်ကိုမှစ၍ ထိုတစ်ဆက်လုံးသေလွန်ကြပြီးနောက်၊
7 ဣသရေလအမျိုးသားတို့သည် ပေါက်ပွားများပြားအင်အားကြီးမား၍ တစ်ပြည်လုံးပြည့်ကြကုန်၏။
8 ထိုနောက်မှ အိဂျစ်ပြည်တွင် ယောသပ်ကိုမသိသော ဘုရင်သစ်ပေါ်ထွန်းရာ၊
9 ထိုဘုရင်က ဣသရေလအမျိုးသားတို့သည် ငါတို့ထက်များပြား၍ အားကြီးကြပြီ။
10 ချင်းတို့ကို လိမ္မာစွာပြုမူကြကုန်အံ့။ သို့မဟုတ်၊ မြောက်မြားသဖြင့် စစ်မှုရောက်သောအခါ ရန်ဘက်နှင့်ပူးပေါင်း၍ ငါတို့ကိုတိုက်ပြီးလျှင် ပြည်တော်မှထွက်သွားကြလိမ့်မည်ဟု ပြည်သူတို့အား မိန့်ဆိုသည့်အတိုင်း၊
11 အလုပ်အငန်းတာနှင့်နှိပ်စက်စေရန် လမိုင်းဝန်ခန့်ထားသဖြင့် ဖာရောမင်းအဖို့ ရိက္ခာတော်သိုရာပိသုံမြို့၊ ရာမသက်မြို့များကိုတည်ဆောက်ရကြ၏။
12 ဤသို့နှိပ်စက်ကြသည်နှင့်အမျှ တိုးပွားနှံ့ပြားလေ့ဖြစ်သည့်အတွက် ဣသရေလအမျိုးသားတို့ကို အိဂျစ်လူတို့စက်ဆုပ်ရွံရှာ၍၊
13 အကြပ်အတည်းစေစားလျက် အင်္ဂတေနှင့်အုတ်လုပ်ငန်း၊
14 လယ်လုပ်ငန်းရှိသမျှတွင် အကြပ်အတည်းကျွန်စေစားမှုအမျိုးမျိုးပြင်းထန်သဖြင့် နင့်နာစေကြ၏။
15 အိဂျစ်ဘုရင်ကလည်း ရှိဖရနှင့်ပုအာအမည်ရှိသော ဟေဗြဲလက်သည်တို့အား၊
16 ဟေဗြဲမိန်းမတို့သားဖွားရာ၌ သင်တို့ကြည့်ရှုမစသောအခါ ယောက်ျားဖြစ်လျှင်သတ်စေ၊ မိန်းမဖြစ်လျှင် အရှင်ထားစေဟုအမိန့်ရှိရာ၊
17 လက်သည်တို့သည် ဘုရားသခင်ကိုခန့်ညား၍ အိဂျစ်ဘုရင့်အမိန့်အတိုင်းမပြုဘဲ၊ သားယောက်ျားတို့ကိုလည်း အသက်ချမ်းသာပေးကြသည့်အတွက်၊
18 အိဂျစ်ဘုရင်သည် လက်သည်တို့ကိုခေါ်ပြီးလျှင် အဘယ်ကြောင့်ဤသို့ပြုလျက် သားယောက်ျားတို့ကို အသက်ချမ်းသာပေးကြသနည်းဟုမေးသော်၊
19 လက်သည်တို့က၊ ဟေဗြဲမိန်းမတို့ကား အိဂျစ်မိန်းမကဲ့သို့မဟုတ်၊ သားမွေးလွယ်သောကြောင့် လက်သည်တို့မရောက်မီ ဖွားတတ်ကြပါသတည်းဟု တင်လျှောက်ကြ၏။
20-21 လက်သည်တို့သည် ဘုရားသခင်ကိုခန့်ညားသောကြောင့် ဘုရားသခင်ကျေးဇူးပြု၍ သူတို့အိမ်ထောင်များကို တိုးပွားစေတော်မူ၏။ ထိုလူမျိုးလည်း များပြားအင်အားကြီးမားကြလေ၏။
22 ထိုအခါ ဖာရောမင်းက၊ ဖွားသောသားယောက်ျားတိုင်းကို နိလမြစ်ထဲသို့ပစ်ချစေ။ သားမိန်းမတိုင်းကိုကား၊ အရှင်ထားစေဟု ပြည်သူခပ်သိမ်းတို့အားအမိန့်ထုတ်လေ၏။