3
1 ထိုအခြင်းအရာနောက်၊ အာရွှေရုမင်းသည်၊ အာဂတ်အမျိုးဟမ္မေဒါသသားဟာမန်ကို သူကောင်းပြု၍၊ အပါးတော်မြဲမှူးတော်မတ်တော်တကာတို့ထက်နေရာထူးပေး သည်နှင့်အညီ၊
2 အမိန့်တော်အတိုင်း၊ နန်းတော်တံခါးသို့ဝင်ရောက်သောကျေးကျွန်သင်းပင်းအပေါင်းတို့သည်၊ ဟာမန်ရှေ့ဦးညွှတ်ရှိခိုးရကြ၏။
3-4 မော်ဒကဲကား၊ ဦးမညွှတ်ရှိမခိုးသည့်အတွက်၊ နန်းတော်တံခါးသို့ဝင်ရောက်သော ကျေးကျွန်သင်းပင်းတို့က၊ ဘုရင်မင်းအမိန့်တော်ကို အဘယ့်ကြောင့်သင်ဖီဆန်သနည်းဟု၊ မော်ဒကဲအားနေ့စဉ်မေးမြန်းကြသည်ကို၊ မော်ဒကဲအလေးမမူသဖြင့်၊ ယုဒလူမျိုးဖြစ်ကြောင်းဝန်ခံသောမော်ဒကဲအရေးတည်မတည်သိလို၍၊ ဟာမန်အား ပြန်ကြားကြ၏။
5 ထိုသို့မော်ဒကဲဦးမညွှတ်ရှိမခိုးကြောင်းဟာမန်သိ၍၊ ဒေါသထွက်သော်လည်း၊
6 မော်ဒကဲတစ်ယောက်တည်းကိုလက်ရောက်ပြုရန် သေးနုပ်သည်ထင်သောကြောင့်၊ ကြားသိသည့်အတိုင်း၊ မော်ဒကဲ၏ဆွေမျိုးသားချင်းဖြစ်သူ၊ အာရွှေရုမင်းနိုင်ငံလုံးရှိ ယုဒလူမျိုးအပေါင်းတို့ပါ၊ ကွပ်မျက်အံ့သောငှာ ရှာကြံလျက်၊
7 အာရွှေရုမင်းနန်းစံဆယ့်နှစ်နှစ်တွင်၊ နိသနိခေါ်ပဌမလမှစ၍ အာဒါခေါ်ဒွါဒသမလတိုင်အောင်၊ ဟာမန်ရှေ့၌ နေ့စဉ်လစဉ်ပုရမဲကိုချကြ၏။
8 ထိုနောက်၊ အာရွှေရုမင်းထံဟာမန်က၊ နိုင်ငံတော်ပြည်ထောင်တကာတွင်၊ လူအမျိုးမျိုးနှင့် သီးခြားနေလျက် နှံ့ပြားသောလူတစ်မျိုးရှိပါ၏။ သူတို့ဓမ္မသတ်သည် အခြား လူ မျိုးတို့ဓမ္မသတ်နှင့်မတူ။ ဘုရင်မင်းဓမ္မသတ်ကိုလည်း မကျင့်သောကြောင့်၊ နေထိုင်ခွင့်ပေးတော်မူရန်မသင့်ပါ။
9 သို့ဖြစ်၍၊ ဘုရင်မင်းသဘောတော်ရှိပါလျှင်၊ ကွပ်မျက်ရအံ့သောငှာ အမိန့်တော်စာအပ်တော်မူပါ။ ဘဏ္ဍာတော်ထဲသို့ထည့်သွင်းရန်၊ တိုင်းကျိုးပြည်ကျိုးဆောင်ရွက်သူ တို့လက်တွင်းသို့၊ ငွေချိန်ခွက်သုံးသိန်းကိုကျွန်တော်ချိန်သွင်းပါမည်ဟုတင်လျှောက်သော်၊
10 ဘုရင်မင်းသည်၊ တံဆိပ်လက်စွပ်တော်ကိုချွတ်၍၊ ယုဒလူမျိုးတို့ရန်သူ၊ အာဂတ်အမျိုး၊ ဟမ္မေဒါသသားဟာမန်သို့ပေးလျက်၊ သင့်သဘောအတိုင်းပြုရန်၊
11 ထိုလူမျိုးနှင့်တကွ၊ ငွေပါ၊ သင်ပိုင်ဖြစ်သည်ဟုမိန့်ဆိုသည့်အရ၊
12 ပဌမလဆယ့်သုံးရက်တွင် သံတော်ဆင့်များကိုခေါ်၍၊ ပြည်ထောင်တကာရှိလူအမျိုးမျိုးတို့၏ဘုရင်ခံချုပ်၊ ဘုရင်ခံ၊ မှူးတော်မတ်တော်တို့ထံ၊ ဟာမန်မိန့်မှာသမျှကို၊ ပြည်ထောင်တကာရှိလူအမျိုးမျိုးတို့ဘာသာအက္ခရာအလိုက်၊ အာရွှေရုမင်းအမည်တော်ဖြင့်ရေးလျက်၊ လက်စွပ်တော်တံဆိပ်ခတ်နှိပ်ပြီးလျှင်၊
13 အာဒါခေါ်ဒွါဒသမလဆယ့်သုံးရက်တွင်၊ ယုဒအမျိုး လူကြီးလူငယ်တို့ကိုမိန်းမများပါ၊ နေ့ချင်းဖျက်ဆီးသတ်ဖြတ်ကွပ်မျက်လုယူစေဟူသောအမိန့်တော်စာကို၊ ခြေလျင် တို့လက်ဖြင့်ပြည်ထောင်တိုင်းပို့၍၊
14 ထိုနေ့မတိုင်မီအရန်သင့်ရှိနေကြရမည့်ရာဇသတ်စာတန်းကို၊ ပြည်ထောင်တကာရှိ လူအမျိုးမျိုးတို့အားကြော်ငြာလေ၏။
15 ထိုသို့ရှုရှန်နန်းတော်တွင် ထုတ်ဆင့်သောရာဇသတ်တော်ကို၊ အမိန့်တော်အတိုင်း၊ ခြေလျင်တို့ရုတ်ခြင်းထွက်သွားပြီးနောက်၊ ဘုရင်မင်းနှင့်ဟာမန်တို့သည် ထိုင်၍ စားသောက်ကြ၏။ ရှုရှန်မြို့တော်ကားမငြိမ်မသက်ရှိသတည်း။