4
ယုဒ၊ ဗင်္ယာမိန်အနွယ်သားတို့၏ရန်သူတို့သည်၊ ဣသရေလလူမျိုး၏ ဘုရားသခင်ထာဝရဘုရားအဖို့ဗိမာန်တော်ကို၊ သုံ့ဘမ်း ခံရသူတို့ တည်ဆောက်ကြောင်းကြားသိ လျှင်၊ ဇေရုဗဗေလနှင့်အိမ်ထောင်အအုပ်အချုပ်တို့ထံလာရောက်၍၊ ငါတို့လည်း၊ ဤပြည်သို့ပို့သောအာရှုရိဘုရင်ဧသရဟဒ္ဒုန်မင်းလက်ထက်ကစ၍၊ သင်တို့ဘုရားသခင်ကို၊ သင်တို့ကဲ့သို့ပင်၊ ရှာဖွေလျက် ပူဇော်ခဲ့ကြသည့်အလျောက်ကူညီတည်ဆောက်ခွင့်ပြုကြပါလော့ဟု ဆိုကြသော်၊ ဇေရုဗဗေလ၊ ယောရှုတို့မှစသောဣသရေလအိမ်ထောင်အအုပ်အချုပ်တို့က၊ သင်တို့သည် ငါတို့ဘုရားသခင့်အဖို့ဗိမာန်တော် တည်ဆောက်မှုနှင့်မဆိုင်ပါ။ ငါတို့သာ လျှင်၊ ပေရသိဘုရင်ကုရုမင်းအမိန့်တော်အရ၊ ဣသရေလလူမျိုး၏ဘုရားသခင်ထာဝရဘုရားအဖို့ တည်ဆောက်ရမည်ဟုပြန်ဆိုကြ၏။ 4-5 ထို့ကြောင့်၊ ပြည်နေသူတို့သည် တည်ဆောက်သော ယုဒလူမျိုးတို့လက်လျော့၍ အထမမြောက်စေခြင်းငှာ၊ ပေရသိဘုရင်ကုရု မင်းလက်ထက်မှ ဒါရိမင်းလက်ထက် တိုင်အောင်၊ ရှေ့ဆောင်ကိုယ်စားလှယ်ငှားလျက် နှောင့်ရှက်ကြသတည်း။ အာရွှေရုမင်းနန်းတက်စတွင်၊ ယုဒပြည်သူယေရုရှလင်မြို့သားတို့အပေါ်၌ စွဲချက်တင်သွင်းကြ၏။
အာတဇေရဇ်မင်းလက်ထက်၌လည်း၊ ဗိရှလံ၊ မိသရေဒတ်၊ တဗေလတို့နှင့်ဘက်ပါသူတို့သည်၊ အာရံဘာသာအက္ခရာဖြင့်ရေး၍၊ ပေရသိဘုရင်အာတဇေရဇ်မင်းထံ ထပ်သွင်းကြ၏။ 8-10 ဘုရင်ခံရေဟုံ၊ အတွင်းဝန်ရှိမရှဲတို့နှင့်တကွ၊ ဘုန်းကြီးသောအာသနပ္ပါမင်းပို့ဆောင်ချ ထားသည့်အတိုင်း၊ ရှမရိမြို့နှင့်မြစ်ကြီးအနောက်ဘက်ပြည်နယ်များတွင်နေထိုင် ရသူ ဒိနဲ၊ အဖာသသက်၊ တာပေလ၊ အဖာရသ၊ အာခေဝ၊ ဗာဗုလုန်၊ ရှုရှန်၊ ဒေဟဝ၊ ဧလံမှစသော အမျိုးသား၊ ဘက်ပါ သူတို့သည်၊ ယေရုရှလင်မြို့ကိုရည်၍၊ အာတဇေရဇ်မင်းထံ ထပ်သွင်းသောစွဲချက်ကား၊ 11 မြစ်ကြီးအနောက်ဘက်နေ၊ ကျွန်တော်မျိုးတို့စွဲဆိုသောအကြောင်းမှာ၊ 12 အထံတော်မှကျွန်တော်တို့ရှိရာသို့ရောက်လာသောယုဒလူမျိုးတို့သည်၊ ထကြွသောင်းကျန်းလေ့ရှိသော ယေရုရှလင်မြို့ကိုပြုပြင်လျက်၊ အခြေအမြစ်ကိုထေးဖာ၍ ထပ်ဆင့်သောမြို့ရိုးပြီးလုသည်တစ်ကြောင်း၊ 13 ထိုမြို့ကိုပြုပြင်လျက်မြို့ရိုးပြီးစီးလျှင်၊ ငွေတော်၊ အကောက်တော်၊ အခွန်တော်များ မပေးမဆောင်သည့်အတွက်၊ အကျိုးတော်ယုတ်မည် တစ်ကြောင်းများကို သိမှတ်တော်မူပါ။ 14 ကျွန်တော်မျိုးတို့သည်၊ သစ္စာတော်ဓားကိုခံရသူများဖြစ်သည်နှင့်အညီ၊ အကျိုးတော်ယုတ်မည်ကိုမရှုစိတ်နိုင်သောကြောင့်၊ 15 ဘေးတော်ဘိုးတော်တို့နေ့စဉ်မှတ်နန်းစဉ်စာရင်းကိုကြည့်ရှုတော်မူပါက၊ ထိုမြို့သည် ရှေးကာလမှစ၍၊ သောင်းကျန်းတော်လှန် လျက်၊ တိုင်းကျိုး၊ ပြည်ကျိုး၊ မင်းဧကရာဇ် အကျိုးများကိုဆုတ်ယုတ်စေသဖြင့်၊ အဖျက်အဆီးခံရသောမြို့ဖြစ်သည်ဟုသိမှတ်တော်မူ စေရန်၊ ထောက်ခံဆက်သွင်းပါသည်။ 16 ထိုမြို့နှင့်မြို့ရိုးပါပြုပြင်ပြီးစီးခဲ့လျှင်၊ ဘုရင်မင်းမြတ်အာဏာတော်သည်၊ မြစ်ကြီးအနောက်ဘက်၌တည်တော့မည်မဟုတ်ကြောင်းကို၊ ထောက်ခံတင်သွင်းပါသည်ဟူ၍တည်း။
17 ထို့ကြောင့်ဘုရင်မင်းသည်၊ ဘုရင်ခံရေဟုံ၊ အတွင်းဝန်ရှိမရှဲတို့မှစ၍၊ ရှမာရိနယ်နှင့်မြစ်ကြီးအနောက်ဘက်ပြည်နယ်များတွင် နေထိုင်သောဘက်ပါသူတို့ထံအမိန့်တော် ပြန်လိုက်သည်မှာ၊ 18 ငြိမ်သက်စွာနေကြလော့။ သင်တို့ပို့ဆက်သောတင်လွှာကို၊ ရှေ့တော်တွင် ဖတ်ရွတ်ဖော်ပြစေသည့်အတိုင်း၊ 19 အမိန့်ထုတ်ဆင့်၍ ရှာဖွေကြည့်ရှုရာ၊ ထိုမြို့သည် ရှေးကာလကပင်၊ ဧကရာဇ်မင်းတို့တစ်ဘက်သောင်းကျန်းတော်လှန်ပုန်ကန်သည်တစ်ကြောင်း၊ 20 ဘုန်းကြီးသောဘုရင်မင်းတို့သည် ယေရုရှလင်မြို့၌နန်းစံလျက်၊ မြစ်ကြီးအနောက်ဘက်တစ်ပြည်လုံးကိုအုပ်စိုး၍၊ ငွေတော်၊ အကောက်တော်၊ အခွန်တော်ကောက်ခံဖူး သည်တစ်ကြောင်းများကိုတွေ့ရ၏။ 21 သို့ဖြစ်၍၊ နောက်အမိန့်တော်မထုတ်မချင်း၊ ထိုသူတို့သည် မြို့ကိုမပြုမပြင်ဘဲနေကြစေ ရန်၊ တားမြစ်ကြလော့။ 22 သင်တို့လည်း၊ အကျိုးတော်မယုတ်စိမ့်သောငှာ၊ ဤအမှုအရေးနှင့်စပ်လျဉ်း၍ လုံ့လထုတ်ကြလော့ဟုပြန်ကြားလိုက်၏။ 23 အာတဇေရဇ်မင်းအမိန့်တော်ကို၊ ရေဟုံ၊ အတွင်းဝန်ရှိမရှဲတို့နှင့် ဘက်ပါသူတို့ရှေ့ဖတ်ပြီးလျှင်၊ ၎င်းတို့သည်၊ ယုဒလူမျိုးတို့နေရာ ယေရုရှလင်မြို့သို့အဆောတလျင်သွား၍၊ အနိုင့်အထက်ကန့်ကွက်ကြ၏။ 24 ယေရုရှလင်မြို့ဗိမာန်တော်တည်ဆောက်မှုလည်း၊ ပေရသိဘုရင်ဒါရိမင်းနန်းစံနှစ်နှစ်တိုင်အောင်ရပ်စဲသတည်း။