3
1 သတ္တမလတိုင်ရောက်သော်၊ မြို့ရွာများ၌ အခြေကျသော ဣသရေလအမျိုးသားတို့သည်၊ ယေရုရှလင်မြို့သို့၊ တစ်ဦးတည်းကဲ့သို့လာရောက်စုရုံးကြရာ၊
2 ယောဇဒက်သားယောရှုနှင့် ဆွေမျိုးသားချင်းပရောဟိတ်များ၊ ရှာလသေလသား ဇေရုဗဗေလနှင့်ဆွေမျိုးသားချင်းတို့ရပ်၍၊ ဘုရားသခင့်လူယုံတော်မောရှေ၏ပညတ္တိ ကျမ်းအရ၊ မီးရှို့ရာသက္ကာများကို ပူဇော်အံ့သောငှာ၊ ဣသရေလလူမျိုးဘုရားသခင်အား၊ ပူဇော်ရာပလ္လင်တော်ကိုတည်လုပ်လျက်၊
3 ထိုပြည်နေသူတို့ကို ကြောက်ရွံ့သဖြင့်၊ နေရာရင်းတွင်တည်ပြီးလျှင်၊ ညဉ့်နံနက်မပြတ်ထာဝရဘုရားအား၊ မီးရှို့ရာသက္ကာများကိုပူဇော်ကြလေ၏။
4 ပညတ်တရားတော်နှင့်အညီ၊ တဲနေပွဲကို ကျင်းပလျက်၊ ဆုံးဖြတ်ချက်အရ၊ ကောင်ရေအလိုက်၊ မီးရှို့ရာသက္ကာများကိုနေ့စဉ်ပူဇော်ပြီးမှ၊ ဆက်မြဲမီးရှို့ရာသက္ကာ၊
5 လဆန်းနေ့မှစ၍၊ ထာဝရဘုရားအဖို့ သီးသန့်ထားသော ပြုမြဲပွဲနေ့များဆိုင်ရာသက္ကာ၊ စေတနာအလျောက်ထာဝရဘုရားထံ၊ လှူဒါန်းသူရှိသမျှတို့၏သက္ကာများကို ဆက်ကပ်ကြ၏။
6 ဗိမာန်တော်တိုက်မြစ်ကိုမချရသေးသော်လည်း၊ သတ္တမလတစ်ရက်က အစပြု၍ထာဝရဘုရားအား မီးရှို့ရာသက္ကာများကို ပူဇော်ကြ၏။
7 ကျောက်ဆစ်သမားနှင့် ဗိသုကာတို့အားငွေပေးလျက်၊ ပေရသိဘုရင်ကုရုမင်းအခွင့်ပြုသည့်အတိုင်း၊ သစ်ကတိုး သစ်များကို လေဗနုန်တောမှ ယုပ္ပေဆိပ်ရောက်စုံ မျောစေခြင်းငှာ၊ ဇိဒုန်၊ တုရုမြို့သားတို့အားလည်း။ စားနပ်ရိက္ခာနှင့် ဆီများကိုပေးကြ၏။
8 ယေရုရှလင်မြို့ဗိမာန်ေတာ်ရာသို့ရောက်ပြီးနောက်၊ ဒုတိယနှစ်၊ ဒုတိယလတွင်၊ ရှာလသေလသားဇေရုဗဗေလ၊ ယောဇဒက်သားယောရှုတို့မှစ၍၊ ဆွေမျိုးသားချင်းပရော ဟိတ်၊ လေဝိဂိုဏ်းသားများနှင့်၊ သုံ့ဘမ်းရာမှယေရုရှလင်မြို့သို့ပြန်လာသူအပေါင်းတို့သည်၊ လေဝိဂိုဏ်းသားများအနက်အသက်နှစ်ဆယ်ကျော်သူတို့ကို၊ ဗိမာန်တော်တည်ဆောက်မှု၌ ကြည့်ကြပ်ရန်ခန့်ထားကြ၏။
9 ထိုအခါ၊ လေဝိဂိုဏ်းသားဖြစ်သူ၊ ယုဒအဆက်ယောရှုနှင့်သားညီများ၊ ကပ်မျေလနှင့်သားများ၊ ဟေနဒဒ်အဆက်နှင့်သားညီများတို့သည်၊ ဘုရားသခင်ဗိမာန့်တော် တည်ဆောက်သူတို့ကိုကြည့်ကြပ်အံ့သောငှာ၊ တစ်ဦးတည်းကဲ့သို့ရပ်တန့်သည့်အလျောက်၊
10 ဗိမာန်တော်တိုက်မြစ်ကိုတည်ဆောက်သူတို့ချသည့်ကာလ၊ ဣသရေလဘုရင်ဒါဝိဒ်မင်းဩဝါဒပေးခဲ့သည့်အလိုက်၊ ထာဝရဘုရား၏ဂုဏ်တော်ကိုချီးမွမ်းရန်၊ သင်္ကန်းရုံ၍တံပိုးကိုင်သောပရောဟိတ်တို့နှင့်၊ ခွက်ခွင်းကိုင်သောလေဝိအနွယ်အာသပ်ဂိုဏ်းသားတို့ရပ်တန့်လျက်၊ ထာဝရဘုရားကောင်းမြတ်တော်မူ၍၊
11 ဣသရေလလူမျိုးပေါ်တွင် ကာလအစဉ်ကရုဏာတော်တည်သည်ဟု၊ အတိုင်အဖောက်ကျေးဇူးတော်၊ ဂုဏ်တော်ကိုချီးမွမ်းသီဆိုကြရာ၊ လူပရိသတ်အပေါင်းတို့သည်၊ ဗိမာန်တော်တိုက်မြစ်အချပြီးမြောက်သည်ဖြစ်၍၊ ထာဝရဘုရားဂုဏ်တော်ကိုဟစ်အော်ချီးမွမ်းကြလေ၏။
12 ဗိမာန်တော်သစ်တိုက်မြစ်ချသည်ကိုမြင်သော်၊ ဗိမာန်တော်ဟောင်းကိုမြင်ဖူးသော အိုမင်းသူပရောဟိတ်၊ လေဝိဂိုဏ်းသား၊ အိမ်ထောင်အအုပ်အချုပ်အများတို့သည်၊ အော်ဟစ်ငိုကြွေးခြင်း၊ အများတို့လည်း၊ ဟစ်အော်ရွှင်လန်းခြင်းပြုကြသဖြင့်၊
13 ပရိသတ်တို့ငိုကြွေးသံ၊ ရွှင်လန်းသံများကိုမပိုင်းခြားနိုင်၊ ကျယ်စွာအော်ဟစ်ကြသောကြောင့်၊ အဝေးကပင်ကြားရလေ၏။