31
တစ်ဖန်၊ ဆယ့်တစ်နှစ်၊ တတိယလ တစ်ရက်တွင်၊ ထာဝရဘုရား၏ ဗျာဒိတ်တော်သည်၊ ငါသို့ရောက်လာ၍၊ အချင်းလူ့သား၊ အိဂျစ်ဘုရင်ဖာရောမင်းနှင့်၊ ပြည်သူပြည်သားတို့အား ဆင့်ဆိုရမည်မှာ၊ တန်ခိုးကြီးသောသင်နှင့်တူညီသူကား၊ မည်သူနည်း။ တင့်တယ်သောအခက်၊​ မိုးသားကိုမီသောခေါင်ညွန့်နှင့်ပြည့်စုံ၍၊ ထူထပ်သောအရိပ်ကျလျက်၊ ကောင်းမွန်မြင့်လှသောသစ်ကတိုးပင်သည်လေဗနုန်တော၌ပေါက် သည်တကား၊ ပျိုးခင်းကိုဝိုက်စီးသောချောင်း၊ တောပင်များသို့ရောက်သောမြောင်းများဖြင့်၊ မြစ်ကြီးသည်၊ တိုးပွားကြီးမြင့်စေသည့်အလျောက်၊ တောပင်တကာထက်မြင့်လှ၍၊ အကိုင်းအခက်များပြားသောထိုသစ်ပင်သည်၊ ရေပေါများသဖြင့်၊ ရှည်လျားသောအခက်အလက်နှင့်ပြည့်စုံသည့်ကာလ၊ လေသတ္တဝါတို့သည် အကိုင်းအခက်၌ အသိုက်လုပ်ခြင်း၊ မြေသတ္တဝါတို့သည် အခက်အလက်အောက်ပေါက်ဖွားခြင်းပြုသည့်ပြင်၊ အရိပ်၌လည်းမဟာလူမျိုးတကာ တို့မီခိုရကြ၏။ ရေများရာအရပ်၌အမြစ်စွဲသောကြောင့်အခက်အလက်ရှည်လျားလျက်၊ အပင်ကြီးကျယ်လျက်၊ တင့်တယ်ခြင်းသို့ရောက်သော်၊ ဘုရားသခင်၏ဥယျာဉ်တော်ရှိသစ်ကတိုးပင်များသည် မလွန်မကဲ၊ ထင်းရှူးပင်များသည် အကိုင်းအခက်နှင့်လည်းေကာင်း၊ ပိုးစာပင်များသည် အခက်အလက်နှင့်လည်းေကာင်း၊ မပြိုင်မယှဉ်၊ ဥယျာဉ်တော်ရှိတစ်ပင်မျှ၊ ထိုတင့်တယ်ခြင်းကိုမမီချေ။ အခက်အလက်များပြား၍၊ ငါတင့်တယ်စေသဖြင့်၊ ဧဒင်ခေါ်ဘုရားသခင့်ဥယျာဉ်တော်ရှိအပင်တကာတို့သည် ဝန်တိုကြသည်တကား၊
10 သို့နှင့်အညီ၊ ငါအရှင်ထာဝရဘုရားက၊ ထိုအပင်သည် မြင့်လှ၍၊ ခေါင်ညွန့်ကို မိုးသားထိမြှင့်လျက်၊ 11 စိတ်မာနကြီးသောကြောင့်၊ ငါနှင်ထုတ်၍ အပ်နှင်းသည့်အတိုင်း၊ လူမျိုးခြားတို့အရှင်ဖြစ်သူသည်၊ ဆိုးသွမ်းမှုအတွက်စီရင်ဆုံးဖြတ်သည့်ပြင်၊ 12 လူမျိုးခြားတို့အနက်ကြမ်းကြုတ်လှသောသူစိမ်းတို့သည် ခုတ်လှဲ၍၊ တောင်တန်း၊ ချိုင့်ဝှမ်းရာရှိသမျှ၌အခက်အလက်ပြိုလဲခြင်း၊ ပြည်ရှိသမျှချောင်းများ၌အကိုင်းအခက် ကျိုးပြတ်ခြင်းခံရသော ထိုအပင်ကို ပစ်ထား၍၊ မြေကြီးရှိလူအမျိုးမျိုးတို့လည်း၊ အရိပ်မှခွာလျက် စွန့်ထားခဲ့ကြပြီးလျှင်၊ 13 လေသတ္တဝါ၊ မြေသတ္တဝါအပေါင်းတို့သည်၊ ပြိုလဲပြီးအခက်အလက်များ၌ ဝပ်နေကြလိမ့်မည်။ 14 ထိုသို့သောအားဖြင့်၊ သင်္ချၖိုင်းတွင်းဆင်းရသောလူ့သားတို့နှင့်တကွ၊ မြေပထဝီနက်ရှိုင်းရာသေမင်းအား၊ လွှဲအပ်ခံရလျက်ပင်၊ ရေအနီးပေါက်သဖြင့် ရေသောက်သော အပင်အပေါင်းတို့သည် မြင့်လှ၍ ခေါင်ညွန့်ကို မိုးသားထိမမြှင့်သည်ပြင်အပင်ကြီး အပင်မြတ်တို့လည်း၊ မတ်တတ်မရပ်ရဟုမိန့်ဆို၏။ 15 ငါအရှင်ထာဝရဘုရားကလည်း၊ မရဏာ့နိုင်ငံသို့ ထိုသစ်ပင်ဆင်းရသော နေ့ရက်၌၊ မြစ်ကြီးရေပိတ်ခြင်း၊ ချောင်းရေတန့်ခြင်း၊ လက်ကြားရေရပ်ခြင်း၊ လေဗနုန်တော ညှိုးနွမ်းခြင်းများကို ငါပြုသည့်အလျောက်၊ တောပင်ရှိသမျှမူးမော်ကြရမည်။ 16 သင်္ချၖိုင်းတွင်းဆင်းရသူတို့နှင့်တကွ၊ မရဏာ့နိုင်ငံသို့ငါချသည့်ကာလ၊ ကျသံကြောင့် လူမျိုးခြားတို့တုန်လှုပ်သည့်ပြင်၊ ဧဒင်ဥယျာဉ်အပင်၊ လေဗနုန်တောထူးမြတ်သော အပင်၊ ရေသောက်သောအပင်ဟူသမျှသည်၊ မြေပထဝီနက်ရှိုင်းရာ၌ နှစ်သိမ့်ရကြလတ္တံ့။ 17 လူမျိုးခြားတို့အတွင်းတွင်၊ အရိပ်အောက်မှီခိုလျက်၊ လက်ရုံးသဖွယ်ဖြစ်ဖူးသူတို့လည်း၊ ဓားဖြင့်လုပ်ကြံခံရသူတို့ရှိရာမရဏာ့နိုင်ငံသို့ လိုက်ဆင်းကြလိမ့်သတည်းဟု မိန့်ဆို၏။
18 ဧဒင်ဥယျာဉ်အပင်များအနက်၊ ဘုန်းတန်ခိုးကြီးသောသင်နှင့်တူညီသည်ကား၊ မည်သည့်အပင်နည်း။ သင်သည် ဧဒင်ဥယျာဉ်အပင်များနှင့်တကွ၊ မြေပထဝီနက်ရှိုင်း ရာသို့ကျလျက်၊ လှီးဖြတ်ခြင်းမဲ့သူ၊ ဓားဖြင့်လုပ်ကြံခံရသူတို့အလယ်တွင်အိပ်လဲရလတ္တံ့။ ဖာရောမင်းသည်၊ ပြည်သူပြည်သားတို့ပါ၊ ထိုသို့ဖြစ်မည်ဟုငါအရှင်ထာဝရဘုရားမိန့်ဆို ကြောင်း၊ ဆင့်ဆိုလော့ဟူ၍တည်း။