30
1 တစ်ဖန်၊ ထာဝရဘုရား၏ဗျာဒိတ်တော်သည်၊ ငါသို့ရောက်လာ၍၊
2 အချင်းလူ့သား၊ သင်ဟောပြောဆင့်ဆိုရမည်မှာ၊ အမင်္ဂလာနေ့ရက်ရောက်လေစွဟုအော်ကြလော့။
3 မိုးအုံ့သောနေ့၊ လူမျိုးခြားတို့စီရင်ခံချိန်နေ့၊ ထာဝရဘုရား၏နေ့ရက်တော်ရောက်လုပြီတကား၊
4 အိဂျစ်ပြည်ပေါ်သို့ ဓားဘေးသင့်၍လုပ်ကြံခံရသူတို့ ကျဆုံးကြသောအခါ၊ ကုရှပြည်တုန်လှုပ်လျက်၊ အိဂျစ်ပြည်သည်၊ နေထိုင်သူတို့သိမ်းသွားခြင်း၊ အမြစ်အခြေ မှောက်လှန်ခြင်းခံရသည့်ပြင်၊
5 ကုရှ၊ ဖုတ၊ လုဒ၊ ခုဘလူမျိုးတို့မှစ၍၊ မျိုးရိုးမဟုတ်သူတို့လည်း၊ မဟာမိတ်ဖွဲ့ခဲ့သောပြည်သားတို့ပါ၊ ဓားဖြင့်ကျဆုံးရကြလတ္တံ့ဟု၊ အရှင်ထာဝရဘုရားမိန့်တော်မူကြောင်း၊
6 ငါအရှင်ထာဝရဘုရားမိန့်ဆိုသည့်အတိုင်း၊ အိဂျစ်ပြည်ကို ထောက်မသူတို့သည် ကျဆုံးလျက်၊ မောက်မာရာခံမြို့များလည်း၊ မိဂဒေါလမြို့မှစ၍ သုဏေမြို့တိုင်အောင်၊ ဓားဖြင့်ပြိုလဲပျက်စီး၍၊
7 ဆိတ်ညံရာရောက်သော တိုင်းနိုင်ငံများအလယ်တွင်လည်းေကာင်း၊ ဖုန်းဆိုးကုန်းဖြစ်သောမြို့များအလယ်တွင်လည်းေကာင်း၊ မြို့ရွာများနှင့်တကွဆိတ်ညံရာရောက်လိမ့်မည်။
8 အိဂျစ်ပြည်တွင်မီးကိုငါမွေး၍၊ စစ်ကူသူအပေါင်းတို့ပျက်ပြားကြသည့်ကာလ၊ ငါသည်ထာဝရဘုရားဖြစ်ကြောင်း၊ သူတို့သိရကြလတ္တံ့။
9 ရောက်အံ့သောထိုနေ့ရက်၌၊ စိတ်ချလျက်နေသောကုရှပြည်သားတို့ကို ချောက်ချားစေခြင်းငှာ၊ သင်္ဘောစီးသူတမန်တို့သည်၊ ရှေ့တော်ကထွက်သွားသည့်အလျောက်၊ အိဂျစ်ပြည်ပျက်သော နေ့ရက်ကဲ့သို့ တုန်လှုပ်ကြရလတ္တံ့ဟု ထာဝရဘုရားမိန့်တော်မူကြောင်း၊
10 ငါထာဝရဘုရားဗျာဒိတ်ချက်အရ၊ ငါသည် ဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာမင်းလက်ဖြင့်၊ အိဂျစ်ပြည်သူပြည်သားတို့ကို ပပျောက်စေမည်။
11 ထိုမင်းသည်လူမျိုးခြားတို့ထက်ကြမ်းကြုတ်လှသောဗိုလ်ထုတို့ပါ၊ အိဂျစ်ပြည်ကိုဖျက်ဆီးရန်ချီဝင်ခွင့်ရသည့်အလျောက်၊ ဓားချွတ်၍၊ လုပ်ကြံခံရသူ့အသေကောင်တို့နှင့် ပြည့်စေမည်။
12 ငါလည်းမြစ်လက်ကြားများကိုခန်းခြောက်စေလျက်၊ လူဆိုးတို့အားမြေကိုရောင်းချလျက်၊ နေပြည်နှင့် ရှိရှိသမျှပါ၊ သူစိမ်းတို့လက်ဖြင့်ဆိတ်ညံရာရောက်စေမည်ဟု၊ အရှင်ထာဝရဘုရားမိန့်တော်မူကြောင်း၊
13 ငါသည် ရုပ်ပွားများကိုဖျက်ဆီး၍၊ နောဖမြို့ရှိဆင်းတုများကိုပပျောက်စေခြင်း၊ အိဂျစ်ပြည်တွင်မင်းမျိုးပြတ်စေခြင်း၊ အိဂျစ်ပြည်တွင်ကြောက်ရွံ့သောသဘောကိုသွင်းခြင်း၊
14 ပါသရုပြည်ကိုဆိတ်ညံရာရောက်စေခြင်း၊ ဇောနမြို့၌မီးမွေးခြင်း၊ နောမြို့အားစီရင်ဒဏ်ခတ်ခြင်း၊
15 အိဂျစ်ပြည်ရှိ၊ သိန်ခေါ်ခံမြို့ပေါ်သို့ အမျက်တော်ကိုသွန်းလောင်းခြင်း၊ နောမြို့သူမြို့သားတို့ကိုပယ်ရှားခြင်း၊
16 အိဂျစ်ပြည်၌မီးမွေးခြင်းများကိုပြုမည့်အလျောက်၊ သိန်မြို့တုန်လှုပ်နာကျင်လျက်၊ နောမြို့ပေါက်ကွဲလျက်၊ နောဖမြို့သည် နေ့အချိန်၌ ရန်ခုခံရလိမ့်မည်။
17 အာဝင်မြို့၊ ဖိဗေသက်မြို့ရှိလူပျိုတို့သည်၊ ဓားဖြင့်ကျဆုံးလျက်၊ မြို့သူမြို့သားတို့လည်း၊ သုံ့ပန်းသိမ်းသွားခံရကြလတ္တံ့။
18 အိဂျစ်ထမ်းပိုးများကိုငါချိုးဖြတ်သဖြင့်၊ မောက်မာရာခံမြို့ပပျောက်သည့်ကာလ၊ နေအလင်းသည်၊ တာပနက်မြို့မှကွယ်၍၊ မိုးသားလည်းအုံ့လျက်၊ မြို့သူတို့သုံ့ပန်း သိမ်းသွားခံရကြလိမ့်မည်။
19 အိဂျစ်ပြည်ကို ထိုသို့စီရင်ဒဏ်ခတ်သောငါသည်၊ ထာဝရဘုရားဖြစ်ကြောင်း၊ သူတို့သိရကြလတ္တံ့ဟု၊ အရှင်ထာဝရဘုရားမိန့်တော်မူကြောင်းများကို ဆင့်ဆိုလော့ ဟူ၍တည်း။
20 တစ်ဖန်၊ ဆယ့်တစ်နှစ်၊ ပဌမလခုနစ်ရက်တွင်၊ ငါသို့ရောက်လာသောထာဝရဘုရား၏ဗျာဒိတ်တော်ကား၊
21 အချင်းလူ့သား၊ ငါချိုးခဲ့သောအိဂျစ်ဘုရင်ဖာရောမင်းလက်ရုံးသည်၊ ဓားလက်နက်စွဲကိုင်နိုင်ရန်သန်မာစေခြင်းငှာ၊ ဆေးလိမ်းခြင်း၊ ကျပ်စည်းခြင်းမခံရ။
22 သို့နှင့်အညီ၊ ငါအရှင်ထာဝရက၊ ငါသည် အိဂျစ်ဘုရင်ဖာရောမင်းတစ်ဘက်နေ၍၊ ချိုးပြီးလက်ရုံးမှတစ်ပါး၊ သန်မာသော လက်ရုံးကို ချိုးသဖြင့်၊
23 ကိုင်စွဲသော ဓားလက်နက်လွတ်စေမည့်ပြင်၊ အိဂျစ်ပြည်သူပြည်သားတို့ကို၊ လူအမျိုးမျိုးအပြည်ပြည်၌ အနှံ့အပြားကွဲလွင့်စေမည်။
24 ငါသည် ဗာဗုလုန်ဘုရင်လက်ရုံးကို သန်မာစေ၍၊ ငါ့ဓားတော်ကိုကိုင်စွဲစေမည်။ ဖာရောမင်း၏လက်ရုံးနှစ်ဖက်ကိုကားချိုးလျက်၊ လုပ်ကြံခံရသူညည်းသကဲ့သို့ဗာဗုလုန် ဘုရင့်ရှေ့၊ ညည်းရလိမ့်မည်။
25 ငါသည် ဗာဗုလုန်ဘုရင်၏လက်ရုံးကို သန်မာစေလျက်၊ စွဲကိုင်စေမည့်ဓားတော်ကို၊အိဂျစ်ပြည်ပေါ်တွင်ထိုဘုရင်ဆန့်မိုးသဖြင့်၊ ဖာရောမင်းလက်ရုံးလျော့ကျသည့် ကာလ၊ ထာဝရဘုရားငါဖြစ်သည်ကို သိရကြလတ္တံ့။
26 အိဂျစ်ပြည်သူပြည်သားတို့ကို လူအမျိုးမျိုအပြည်ပြည်၌ အနှံ့အပြားကွဲလွင့်စေသောငါသည်၊ ထာဝရဘုရားဖြစ်ကြောင်းသူတို့သိရကြလတ္တံ့ဟုမိန့်ဆိုသည်ဟူ၍တည်း။