32
1 တစ်ဖန်၊ ဆယ့်နှစ်နှစ်၊ ဒွာဒသမလတစ်ရက်တွင်၊ ငါသို့ရောက်လာသောထာဝရဘုရား၏ဗျာဒိတ်တော်ကား၊
2 အချင်းလူ့သား၊ အိဂျစ်ဘုရင်ဖာရောမင်းဆိုင်ရာငိုချင်းကိုဖွဲ့ဆိုလျက်၊ လူမျိုးခြားတို့တွင်၊ အိုခြင်္သေ့ပျိုဖြစ်သူသင်သည်၊ အိုင်ရှိဖွတ်မိကျောင်းသဖွယ်မြစ်ကိုကူးလျက်၊ ချောင်းမြောင်းရေကို ခြေဖြင့် မွှေနှောက်၏။
3 ငါအရှင်ထာဝရဘုရားမိန့်ဆိုသည့်အတိုင်း၊ မြောက်မြားသော လူမျိုးအလုံးအရင်းတို့ဖြင့်၊ ပိုက်ကွန်တော်ကိုသင့်အပေါ်တွင် ငါဖြန့်ချလျက်၊ ဆွဲတင်ကြပြီးလျှင်၊
4 မြေပြင်တွင် လှဲချပစ်ထားသောသင့်အပေါ်၌၊ လေသတ္တဝါအပေါင်းတို့နင်းနေလျက်၊ မြေသတ္တဝါအပေါင်းတို့လည်း ဝစွာကိုက်စားလိမ့်မည်။
5 ငါသည်၊ သင့်အသားကိုတောင်များပေါ်တွင်ထားလျက်၊ ချိုင့်များကိုလည်း သင့်အကောင်နှင့် ဖြည့်၍၊
6 ယိုစီးသောအသွေးဖြင့်၊ တောင်တန်းထိမြေကိုစိုစေမည့်အလျောက်၊ ချောင်းများလည်းပြည့်လျှံလိမ့်မည်။
7-8 ငါအရှင်ထာဝရဘုရားမိန့်ဆိုသည့်အတိုင်း၊ သင့်ကိုငါကုန်ခန်းစေသည့်ကာလ၊ ကြယ်ရောင်ကွယ်သည့်တိုင်အောင် ကောင်းကင်ကိုဖုံးအုပ်ခြင်း၊ လမသာစေဘဲ၊ နေကို မိုးသားနှင့်ဖုံးအုပ်ခြင်း၊ သင့်အထက်ကောင်းကင်ရှိအလင်းအိမ်ဟူသမျှကို ကွယ်ခြင်းများပြုသဖြင့်၊ သင့်ပြည်၌ မှောင်ကျစေမည်။
9 သင်မသိဘူးသောလူမျိုးတို့နေရာအပြည်ပြည်သို့၊ သင်ပျက်စီးခြင်းကူးစက်စေသည့်ကာလ၊ လူအမျိုးမျိုးတို့စိတ်ညစ်၍၊
10 အံ့အားသင့်သည့်ပြင်၊ ဓားတော်ကိုငါဝင့်သောကြောင့်၊ ဆိုင်ရာဘုရင်မင်း အသီးအသီးတို့လည်း၊ ထိတ်လန့်ကြောက်ရွံ့၍၊ ကိုယ့်အသက်ကိုစိုးရိမ်သဖြင့်၊ သင်ပြိုလဲရာ နေ့ရက်၌ အလန့်တကြားမပြတ်နေကြလိမ့်မည်။
11 ငါအရှင်ထာဝရဘုရားမိန့်ဆိုသည့်အတိုင်း၊ သင့်အပေါ်တွင်၊ ဗာဗုလုန်ဘုရင်၏ဓားဘေးသင့်ရောက်သော်၊
12 ငါသည် လူမျိုးခြားတို့အနက် ကြမ်းကြုတ်လှသောသူရဲကောင်းတို့ဓားဖြင့်၊ ပြည်သူပြည်သားတို့ကိုလုပ်ကြံပယ်ရှားလျက်၊ အိဂျစ်ပြည်စည်းစိမ်ကို သူတို့လုယက်ကြ လိမ့်မည်။
13-14 ငါအရှင်ထာဝရဘုရားမိန့်ဆိုသည့်အတိုင်း၊ ငါသည် မြစ်ချောင်းရေအနီးမှ၊ တိရစ္ဆာန်အပေါင်းတို့ကို ဖျက်ဆီးမည့်အလျောက်၊ လူခြေနင်းလျက်၊ တိရစ္ဆာန်ခွာချလျက်၊ မမွှေမနှောက်သဖြင့်၊ ဆီသဖွယ်စီးသောထိုမြစ်ရေကို ကြည်လင်စေမည်။
15 အိဂျစ်ပြည်ကို ပေါက်ရောက်သမျှမဲ့သော၊ ဆိတ်ညံရာဖုန်းဆိုးကုန်းဖြစ်စေ၍၊ နေထိုင်သမျှကိုလည်းဒဏ်ခတ်သည့်ကာလ၊ ငါသည်ထာဝရဘုရားဖြစ်ကြောင်းသူတို့သိရ ကြလတ္တံ့ဟု ဖွဲ့ဆိုလော့။
16 ငါအရှင်ထာဝရဘုရားမိန့်ဆိုသည့်အတိုင်း၊ လူမျိုးခြားတို့သမီးများသည်၊ အိဂျစ်မင်းမှစ၍ ပြည်သူပြည်သားတို့ဆိုင်ရာငိုချင်းကို ထိုသို့ဖွဲ့ဆိုငိုကြွေးမြည်တမ်းကြရလတ္တံ့ ဟူ၍တည်း။
17 တစ်ဖန်၊ ဆယ့်နှစ်နှစ်၊ လပြည့်နေ့၌၊ ထာဝရဘုရား၏ဗျာဒိတ်တော်သည်ငါသို့ရောက်လာ၍၊
18 အချင်းလူ့သား၊ အိဂျစ်ပြည်သူပြည်သားတို့နှင့်၊ လူမျိုးကြီးလူမျိုးမြတ်တို့၏သမီးများကို၊ သင်္ချၖိုင်းတွင်းဆင်းရသူတို့နှင့်တကွ၊ မြေပထဝီနက်ရှိုင်းရာသို့ချအပ်လျက်၊ မြည်တမ်း ချက်ဖွဲ့ဆိုရမည်မှာ၊
19 သင်တို့သည် မည်သူထက်တင့်တယ်သနည်း။ ဆင်းသွား၍လှီးဖြတ်ခြင်းမဲ့သူတို့နှင့်အတူအိပ်လဲကြလော့။
20 ဓားတော်ထုတ်သည့်အလျောက်၊ သင်တို့သည်ဓားဖြင့်လုပ်ကြံခံရသူတို့အလယ်တွင် ကျဆုံးကြမည်။ နေထိုင်သူတို့ပါ၊ ထိုပြည်ကိုဆွဲငင်ကြစေ။
21 မရဏာ့နိုင်ငံထဲတွင် သူရဲကောင်းတို့က၊ ထိုသူတို့သည် ဓားဖြင့်လုပ်ကြံခံရ၍၊ လှီးဖြတ်ခြင်းမဲ့လျက် ဆင်းလာအိပ်လဲကြသည်တကားဟု ထိုမင်းနှင့်စစ်ကူသူတို့ကို ရည်လျက်ကဲ့ရဲ့ကြ၏။
22 အာရှုရိမင်းသည်၊ ဓားဖြင့်ကျဆုံးသေလွန်သူအလုံးအရင်းအပေါင်းတို့၏ သင်္ချၖိုင်းဂူများအလယ်တွင်၊ ထိုနိုင်ငံ၌ရှိ၏။
23 ရှင်သူတို့နေရာတွင် ချောက်လှန့်ဖူးသူ၊ မင်းသင်္ချၖိုင်းကို ခြံရံသော ထိုအလုံးအရင်းအပေါင်းတို့သည်၊ ဓားဖြင့်ကျဆုံးသေလွန်၍၊ သင်္ချၖိုင်းတွင်းအစွန်ရှိဂူများ၌၊ သိပ်ထားခံရကြသည်တကား၊
24 ဧလံမင်းသည်၊ ကိုယ့်သင်္ချၖိုင်းကိုခြံရံသောအလုံးအရင်းတို့ပါ၊ ထိုနိုင်ငံ၌ရှိ၏။ ရှင်သူတို့နေရာတွင် ချောက်လှန့်ဖူးသော၊ ထိုသူအပေါင်းတို့သည်၊ ဓားဖြင့်ကျဆုံးသေ လွန်၍၊ သင်္ချၖိုင်းတွင်းဆင်းရသူတို့ ပါလှီးဖြတ်ခြင်းကင်းလျက်၊ မြေပထဝီနက်ရှိုင်းရာသို့၊ အရှက်ဝန်ကို ထမ်းဆောင်လျက်၊ ဆင်းကြလေပြီ။
25 ထိုမင်းကိုအလုံးအရင်းအပေါင်းတို့ပါ၊ လုပ်ကြံခံရသူတို့အလယ်တွင်၊ အိပ်ရာခင်း၍သိပ်ထားကြလေပြီ။ ရှင်သူတို့နေရာတွင်ကြောက်လန့်ဖွယ်ဖြစ်ဖူးသော၊ ထိုသူ အပေါင်းတို့သည်၊ ဓားဖြင့်လုပ်ကြံခံ၍ သင်္ချၖိုင်းတွင်းဆင်းရသူတို့နှင့်တကွ၊ အရှက်ဝန်ကို ထမ်းဆောင်လျက်၊ လှီးဖြတ်ခြင်းကင်းလျက်၊ ခြံရံသော ဂူများ၌ရှိကြသည်တကား။
26 မေရှက်၊ တုဗလမင်းတို့သည်၊ ရှင်သူတို့နေရာတွင်ချောက်လှန့်ဖူးသူ၊ လှီးဖြတ်ခြင်းမဲ့လျက်ဓားဖြင့်လုပ်ကြံခံရသောအလုံးအရင်းတို့ဂူများအလယ်တွင်၊ ထိုနိုင်ငံ ၌ရှိကြ၏။
27 ရှင်သူတို့နေရာတွင်၊ ကြောက်လန့်ဖွယ်သူရဲကောင်းဖြစ်လျက်၊ အရိုးတွင်း၌ ဒုစရိုက်စွဲကပ်သောထိုသူတို့သည်၊ လက်နက်စွဲကိုင်လျက် မရဏာ့နိုင်ငံသို့ကျဆင်း၍၊ ဓားများကိုခေါင်းအုံးသဖွယ်ထားသူ၊ လှီးဖြတ်ခြင်းမဲ့သော၊ သူရဲကောင်းအလောင်းများနှင့်တကွ၊ အိပ်လဲကြရမည်မဟုတ်လော။
28 သင်လည်း၊ လှီးဖြတ်ခြင်းမဲ့သူတို့အလယ်တွင်ပျက်စီးလျက်၊ ဓားဖြင့်လုပ်ကြံခံရသူတို့နှင့်တကွ အိပ်လဲရလတ္တံ့။
29 တန်ခိုးကြီးသောဧဒုံလူမျိုးသည်၊ ဘုရင်များ၊ မှူးမတ်များပါ၊ ဓားဖြင့်လုပ်ကြံခံရသူတို့နှင့်တကွ၊ ထိုနိုင်ငံ၌သိပ်ထားလျက်ရှိကြ၏။ ထိုသူတို့သည် လှီးဖြတ်ခြင်းမဲ့သူ၊ သင်္ချၖိုင်းတွင်းဆင်းရသူတို့နှင့်အတူ အိပ်လဲကြရလတ္တံ့။
30 မြောက်ပိုင်းပြည့်ရှင်အပေါင်းတို့သည်၊ ဇိဒုန်မင်းတို့ပါ၊ လုပ်ကြံခံရသူတို့နှင့်တကွ ကျဆင်းလျက်၊ ထိုနိုင်ငံ၌ရှိကြ၏။ တန်ခိုးနှင့်ချောက်လှန့်ခဲ့သည့်အတွက်အရှက်ကွဲ၍၊ ဓားဖြင့်လုပ်ကြံခံရသူတို့နှင့်တကွ၊ လှီးဖြတ်ခြင်းမဲ့လျက် အိပ်လဲကြရာ၊ သင်္ချၖိုင်းတွင်းဆင်းရသူတို့နှင့်အတူ၊ အရှက်ဝန်ကို ထမ်းဆောင်ကြသည်တကား။
31-32 အရှင်ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း၊ ရှင်သူတို့နေရာတွင် ချောက်လှန့်ခွင့်ကို၊ ဖာရောမင်းအားငါပေးသော်လည်း၊ ထိုမင်းသည်၊ အလုံးအရင်းတို့ပါ၊ ဓားဖြင့် လုပ်ကြံခံရသူတို့နှင့်တကွ၊ လှီးဖြတ်ခြင်းမဲ့သူတို့အလယ်တွင် သိပ်ထားခံရမည့်အလျောက်၊ ဓားဖြင့်လုပ်ကြံခံရသောဗိုလ်ထုတို့ပါလျက်၊ ထိုသူတို့ကို မြင်သော်၊ ကိုယ့်အလုံးအရင်း တို့အတွက်၊ အလွမ်းအဆွတ်ပြေငြိမ်းလိမ့်မည်ဟု၊ ဖွဲ့ဆိုလော့ဟူ၍တည်း။