10
1 အမွှေးပညာသည်၏ နံ့သာဆီတွင် ယင်သေကျသဖြင့်၊ အမြှုပ်ထလျက် ပုပ်နံစေသည့်နည်းတူ၊ အနည်းငယ်မျှမိုက်မဲခြင်းသည်၊ ဉာဏ်ပညာနှင့်ဂုဏ်အသရေထက် လေးလံ၏။
2 ပညာရှိ၏နှလုံးသည်းပြွတ်သည်၊ လက်ျာတွင်တည်၏။ လူမိုက်၏နှလုံးသည်းပြွတ်ကား၊ လက်ဝဲတွင်တည်လျက်၊
3 ဉာဏ်ယုတ်သဖြင့် လမ်းလျှောက်စဉ်ပင်၊ မိုက်မဲကြောင်းကို၊ လူအပေါင်းတို့အား ဖော်ပြတတ်၏။
4 သင့်အပေါ်တွင်မင်းမျက်လျှင်၊ ရာထူးမှမထွက်နှင့်။ သည်းခံခြင်းသည် ကြီးစွာသောအပြစ်ကို ငြိမ်းစေတတ်၏။
5 နေအောက်တွင် ငါမြင်သည့်အမှုဆိုးဖြစ်သော၊ မင်း၌ရှိသည့်မူလမှောက်မှားခြင်းဟူမူကား၊
6 လူမိုက်တို့ကိုမြင့်မြတ်ရာ၌ တင်ထားခြင်း၊ သူကြွယ်တို့ကို နိမ့်ရာ၌ နေထိုင်ရခြင်း၊
7 ကျွန်တို့သည် မြင်းစီးရခြင်း၊ မှူးမတ်တို့သည် ကျွန်သဖွယ်ခြေကျင်သွားရခြင်းများကို၊ ငါမြင်ရ၏။
8 တွင်းကိုတူးဖော်သောသူသည်၊ ၎င်းတွင်း၌ပင်ကျတတ်၏။ တံတိုင်းဖျက်တတ်သူ့ကိုလည်း၊ မြွေခဲတတ်၏။
9 ကျောက်များကို ရွှေ့သောသူသည်၊ နာကျင်ခြင်းကိုလည်းေကာင်း၊ သစ်ခုတ်လှဲသောသူလည်း၊ အန္တရာယ်ကိုလည်းေကာင်း၊ ခံရတတ်၏။
10 ပုဆိန်တုံး၍ မသွေးဘဲနေလျှင်၊ ပြင်းစွာအားစိုက်ရ၏။ သို့ရာတွင်၊ ဉာဏ်ပညာ၌၊ အကြံထမြောက်စေသောတန်ခိုးရှိ၏။
11 အတိုက်ကင်းလျက် မြွေခဲလျှင်၊ အလမ္ပယ်၌အကျိုးမရှိ။
12 ပညာရှိစကားသည်၊ ကျေးဇူးများ၏။ လူမိုက်၏နှုတ်ထွက်မူကား၊ ကိုယ်ကိုမျိုစားလျက်၊
13 နှုတ်ထွက်စကားအစမိုက်မဲ၍၊ နှုတ်ထွက်အဆုံးမူကား၊ ရူးသွပ်သောဘေးဖြစ်၏။
14 လူမိုက်စကားပေါများသော်လည်းဖြစ်ပျက်အံ့သောအကြောင်းအရာကို လူမသိချေ။ အနာဂတ်အဖြစ်အပျက်ကို မည်သူေဖာ်ပြနိုင်သနည်း။
15 မြို့ရောက်လမ်းမသိသောလူမိုက်တို့၏လျှောက်သွားမှုသည်၊ ကိုယ်ကို ငြီးငွေ့စေတတ်၏။
16 အချင်းနိုင်ငံ၊ သင့်ဘုရင်သည် သိမ်ငယ်သူဖြစ်လျက်၊ မှူးမတ်တို့လည်း နံနက်အချိန်စားသောက်ပွဲလုပ်တတ်လျှင်၊ သင်၌အမင်္ဂလာရှိ၏။
17 အချင်းနိုင်ငံ၊ သင့်ဘုရင်သည် မင်းမျိုးဖြစ်လျက်၊ မှူးမတ်တို့လည်းအားရှိစေရန်၊ အချိန်တန်မှမလွန်မကျူးဘဲ၊ စားသောက်တတ်လျှင်၊ သင်၌မင်္ဂလာရှိ၏။
18 ပျင်းရိသောအားဖြင့် ဒိုင်းကျားညွတ်ခြင်း၊ လက်ချသောအားဖြင့် မိုးယိုခြင်းဖြစ်တတ်၏။
19 ရယ်မောခွင့်ရကြရန် စားသောက်ပွဲကိုလည်းေကာင်း၊ အသက်ရွှင်လန်းခွင့်ရကြရန် စပျစ်ရည်ကိုလည်းေကာင်း၊ စီမံတတ်ကြသည့်ပြင်၊ ငွေသည် အလိုရှိတိုင်းပြန်လှန်နိုင်၏။
20 လေသတ္တဝါသည်၊ စကားသံကို ဆောင်သွားလျက်၊ အတောင်ရှိသတ္တဝါလည်း၊ အမှုကို ဖော်ပြတတ်သည်ဖြစ်၍ ဘုရင်မင်းအား မနောကမျှ ပုတ်ခတ်ဆဲရေးခြင်း၊ သူဌေးသူကြွယ်အား အိပ်ခန်းတွင်းကမျှ ကျိန်ဆဲခြင်းကို မပြုလင့်။