30
1 သင်တို့ရှေ့ငါထားခဲ့သောမင်္ဂလာ အမင်္ဂလာအကျိုးဆက်ဟူသမျှသည် နောင်ကာလ၌ သင့်ရောက်သော် သင်တို့သည် ကိုယ့်ဘုရားသခင်ထာဝရဘုရားနှင်ထုတ်တော်မူရာ လူအမျိုးမျိုး တို့အတွင်း၊ ထိုအချက်များကိုနှလုံးသွင်းလျက် သားသမီးတို့ပါ၊
2 ကိုယ့်ဘုရားသခင်ထာဝရဘုရားထံပြန်လာ၍၊ ယနေ့ငါဆင့်ဆိုသမျှအတိုင်း ဗျာဒိတ်တော်သံ ကိုစိတ်နှလုံး၊ အသက်ဝိညာဉ်အကြွင်းမဲ့နာယူကြလျှင်၊
3 သင်တို့ဘုရားသခင်ထာဝရဘုရားလည်း၊ အကျိုးဆက်ကိုလည်းပြောင်း၍၊ ကရုဏာသက်လျက်၊ ကွဲလွင့်စေတော်မူရာလူအမျိုးမျိုးတို့မှ ပြန်သိမ်းတော်မူဦးမည်။
4 ကောင်းကင်အဆုံးထိ သင်တို့နှင်ထုတ်ခံရသော်လည်း ထိုနေရာမှပင် သင်တို့ဘုရားသခင် ထာဝရဘုရားပြန်သိမ်းဆောင်ယူတော်မူလျက်၊
5 ဘိုးဘေးတို့ပိုင်ပြည်ကိုဆက်ခံရန် ခေါ်သွင်းတော်မူပြီးလျှင်၊ ဘိုးဘေးတို့ထက် ကျေးဇူးပြု၍ များပြားစေတော်မူလိမ့်မည်။
6 ကိုယ့်ဘုရားသခင်ထာဝရဘုရားကို စိတ်နှလုံး၊ အသက်ဝိညာဉ်အကြွင်းမဲ့၊ ချစ်ကြည်မြတ်နိုး သဖြင့်၊ အသက်ချမ်းသာရကြစေခြင်းငှါ၊ သင်တို့ဘုရားသခင်ထာဝရဘုရားသည်၊ သင်တို့စိတ်နှလုံး နှင့်အဆက်အနွယ်တို့ စိတ်နှလုံးကိုလှီးဖြတ်ခြင်းမင်္ဂလာပေးတော်မူသည့်အတိုင်း၊
7 သင်တို့အားညှဉ်းပန်းမုန်းထားသောရန်သူတို့အပေါ်တွင် ထိုအမင်္ဂလာအလုံးစုံကို သင့်စေတော် မူလိမ့်မည်။
8 သင်တို့မှာမူ၊ ထာဝရဘုရားထံပြန်လာ၍ နာခံလျက်၊ ယနေ့ငါဆင့်ဆိုသမျှသော ပညတ်တော်များ ကို လိုက်နာကြလိမ့်မည်။
9-10 ကိုယ့်ဘုရားသခင်ထာဝရဘုရား၏ဗျာဒိတ်တော်သံကို နားထောင်ခြင်း၊ ဤပညတ္တိကျမ်း တွင် ပါရှိသောမိန့်မှာထုံးဖွဲ့ချက်များကို စောင့်ရှောက်ခြင်း၊ စိတ်နှလုံး၊ အသက်ဝိညာဉ်အကြွင်းမဲ့၊ ကိုယ့်ဘုရားသခင်ထာဝရဘုရားထံ ပြန်လာခြင်းများကို ပြုကြလျှင်၊ ထာဝရဘုရားသည် ဘိုးဘေး တို့၌ရွှင်လန်းတော်မူခဲ့သည့်နည်းတူ၊ သင်တို့၌လည်း ချမ်းသာပေးလျက် ရွှင်လန်းတော်မူဦးမည်ဖြစ် သောကြောင့်၊ သင်တို့ပြုလေရာရာ၊ သားသမီးတို့မှစသော တိရစ္ဆာန်၏သားငယ်နှင့် မြေအသီးအနှံ စည်းစိမ်ချမ်းသာအများအပြားကို ပေးတော်မူလတ္တံ့။
11 ယနေ့ငါဆင့်ဆိုသောဤပညတ်သည် သင်တို့မမှီနိုင်အောင် ခဲယဉ်း၍ ဝေးကွာသည်မဟုတ်။
12-13 ငါတို့လိုက်နာကြစေရန် ကောင်းကင်ဘဝဂ်ထိတက်သွားဆောင်ယူကြားပြောမည့်သူကား၊ မည်သူနည်းဟူ၍သော်လည်းေကာင်း၊ ငါတို့လိုက်နာကြစေရန် သမုဒ္ဒရာကို ကူးသွားဆောင်ယူကြားပြောမည့်သူ ကား၊ မည်သူနည်းဟူ၍သော်လည်းေကာင်း၊ သင်တို့မေးကြရအံ့သောငှါ ကောင်းကင်ဘဝဂ်၊ သမုဒ္ဒရာတစ်ဘက်၌၊ တည်ရှိသည်မဟုတ်။
14 ဗျာဒိတ်တော်သည် လိုက်နာခြင်းအလို့ငှါ သင်တို့နှုတ်၊ သင်တို့နှလုံး၊ သင်တို့အနီးအပါး၌တည်ရှိ သတည်း။
15-18 စဉ်းစားကြဦး။ ကိုယ့်ဘုရားသခင်ထာဝရဘုရားကို ချစ်ကြည်မြတ်နိုးလျက် နည်းလမ်း တော်များ၌ လိုက်ေလျှာက်လျက်၊ မိန့်မှာထုံးဖွဲ့ဆုံးဖြတ်တော်မူချက်များကို စောင့်ထိန်းလျက်နေကြ သဖြင့်၊ သင်တို့ဝင်ရောက်ပိုင်ယူမည့်ပြည်အတွင်း အသက်ချမ်းသာစွာတိုးပွားခွင့်၊ ကိုယ့်ဘုရား သခင်ထာဝရဘုရားထံ မင်္ဂလာခံခွင့်များကို ရကြမည့်အကြောင်းမှာ ထားခြင်း၊ စိတ်ဖောက်ပြန်၍ နားမထောင်ဘဲ အခြားဘုရားများကိုပါသွားဝတ်ပြုရှိခိုးကြလျှင် ယော်ဒန်မြစ်ကိုကူးချီလျက် ပိုင်ယူ မည့်ပြည်အတွင်း တာရှည်ခွင့်မရဘဲ မုချပျက်စီးရကြမည့်အကြောင်း ဖော်ပြခြင်းများကို ယနေ့ငါ ပြုသဖြင့် ကောင်းစား၍ရှင်နေခွင့်ကိုလည်းေကာင်း၊ ဘေးသင့်၍သေလွန်ခွင့်ကိုလည်းေကာင်း သင်တို့ရှေ့ယခုငါထားခဲ့ပြီ။
19-20 ရှင်ခြင်း၊ သေခြင်း၊ မင်္ဂလာ အမင်္ဂလာနှစ်ပါးကို သင်တို့ရှေ့ငါထားခဲ့ကြောင်း သက်သေများ အဖြစ် မိုးကောင်းကင်နှင့်မြေပထဝီကို ယနေ့ပင်ငါခေါ်၏။ သို့နှင့်အညီ၊ အဆက်အနွယ်ပါ အသက် ချမ်းသာရကြအံ့သောငှါလည်းေကာင်း၊ ဘိုးဘေးဖြစ်သူ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့အား ပေးမည်ဟူ၍ ထာဝရဘုရားသစ္စာဆိုတော်မူခဲ့သောပြည်တွင် နေထိုင်ခွင့်ရကြအံ့သောငှါလည်းေကာင်း၊ ကိုယ့်အသက်ရှင်ရာရှင် ကြောင်း၊ တာရှည်ရာတာရှည်ကြောင်း ဖြစ်သော ကိုယ့်ဘုရားသခင်ထာဝရဘုရားအား ချစ်ကြည်မြတ် နိုးနာခံဆည်းကပ်မှုနှင့် စပ်လျဉ်းရာအသက်ရှင်ခြင်းကို ရွေးယူကြလော့ဟု မောရှေမှာထားလေ၏။