2
1 ထိုသို့ဆိုသော် သင်တို့နှင့်လောဒိကိမြို့ရှိသူတို့မှစ၍ ငါ့ကိုမျက်မှောက်ထင်ထင်မမြင်ဘူးသူရှိသမျှတို့အဖို့ ငါသည် မည်မျှကြိုးစားအားထုတ်ကြောင်း သင်တို့သိစေလို၏။
2 ထိုသို့ပြုသည်မှာ ဤသူတို့သည်မေတ္တာတရားဖြင့်ဖွဲ့စည်းလျက် ကြွယ်ဝစုံလင်စွာနားလည်ခွင့်၊ ခရစ်တော်တည်းဟူသော ဘုရားသခင့်နက်နဲရာကိုထိုးထွင်းခွင့်ရ၍ စိတ်အားတက်စေခြင်းငှာတည်း။
3 ကိုယ်တော်၌ ဉာဏ်ပညာ၊ အသိပညာအမျိုးမျိုးတို့သည် သိုက်သဖွယ်ကွယ်ဝှက်သည်တကား။
4 သင်တို့ကိုမည်သူမျှသွေးဆောင်သောစကားဖြင့် လှည့်စား၍မရစေခြင်းငှာ ဤသို့ငါဆို၏။
5 ရုပ်ခန္ဓာဝေးကွာလျက် စိတ်ဝိညာဉ်ရောက်ရှိသဖြင့် သင်တို့သေဝပ်ကြသည်ကိုလည်းေကာင်း၊ ခရစ်တော်အားတည်တံ့စွာယုံကြည်ကြသည်ကိုလည်းေကာင်း၊ ကြည့်မြင်၍ ငါရွှင်လန်း၏။
6 သို့ဖြစ်၍ အရှင်ခရစ်တော်ယေရှုကိုလက်ခံကြသည့်နည်းတူ ကိုယ်တော်၌ကျင့်ကြံပြုမူသဖြင့်
7 တိုက်မြစ်ချလျက်၊ အတည်အဆောက်ခံလျက်သင်ကြားခဲ့သည့်အတိုင်း ယုံကြည်ခြင်းတရား၌ခိုင်ခံ့လျက် ကျေးဇူးတော်ကိုကြွယ်ဝစွာ ချီးမွမ်းလျက်ရှိနေကြလော့။
8 ခရစ်တော်၏အလိုတော်အတိုင်းမဟုတ်၊ လူတို့သင်ရိုးမှစ၍လောကီစာဝါငယ်အတိုင်း သင်္ဂြိုဟ်အတတ်နှင့် မိစ္ဆာဒိဌိအယူဖြင့် သင်တို့ကိုမည်သူမျှတင်စားခွင့်မရစေရန် သတိပြုကြလော့။
9 ဘုရားသခင့်ဂုဏ်တော်ဟူသမျှသည် ခရစ်တော်၌ ကိုယ်ခန္ဓာအဖြစ်ကိန်းဝပ်သဖြင့်၊
10 နတ်မင်းနှင့် အာဏာရှင်ရှိသမျှတို့အပေါ်တွင် ဦးထိပ်ဖြစ်သောကိုယ်တော်အားဖြင့် သင်တို့ပြည့်စုံလျက်ရှိကြ၏။
11-12 ထိုအရှင်အားဖြင့်လည်း သင်တို့သည်ဗတ္တိဇံမင်္ဂလာခံရာ၌ ကိုယ်တော်နှင့်အတူသင်္ဂြိုဟ်ခံ၍ သူသေတို့အထဲမှ ကိုယ်တော်ကိုရှင်ပြန်ထမြောက်စေတော်မူသော ဘုရားသခင့်တန်ခိုးတော်အား ယုံကြည်ခြင်းကြောင့် အတူရှင်ပြန်ထမြောက်ပြီးဖြစ်ကြသည်နှင့်အညီ လူ့လက်ဖြင့်မဟုတ်၊ ရုပ်တရား တစ်ခန္ဓာလုံးကိုချွတ်ပယ်ခြင်းတည်းဟူသော ခရစ်တော့်ဆိုင်ရာလှီးဖြတ်ခြင်းမင်္ဂလာကို ခံရကြပြီ။
13 ၎င်းပြင် လှီးဖြတ်ခြင်းမင်္ဂလာမဲ့ ရုပ်ခန္ဓာနှင့်လွန်ကျူးမှုများကြောင့် သေလျက်နေခဲ့သော သင်တို့ကို ကိုယ်တော်နှင့်တကွရှင်ပြန်ထမြောက်စေတော်မူသော် ငါတို့လွန်ကျူးမှုရှိသမျှကိုဖြေလွှတ်၍၊
14 ငါတို့တစ်ဖက်ဆန့်ကျင်လျက် ဓမ္မသတ်နှင့်ပြည့်သောစာချုပ်ကို ပယ်ဖျက်နုတ်ယူပြီးလျှင် ကားတိုင်တော်၌ရိုက်ထားတော်မူရာ၊
15 နတ်မင်းများ၊ အာဏာရှင်များကိုပယ်လှန်၍ ကားတိုင်တော်အားဖြင့်အောင်ပွဲတွင် အတည့်အလင်းထုတ်ပြတော်မူလေပြီ။
16 ထို့ကြောင့် စားသောက်မှုနှင့်စပ်၍ဖြစ်စေ၊ ပွဲနေ့၊ လဆန်းနေ့၊ ဥပုသ်နေ့အမှုနှင့်စပ်၍ဖြစ်စေ၊ သင်တို့ကို မည်သူမျှမစီရင်၊ မဆုံးဖြတ်စေနှင့်။
17 ထိုအရာများသည် ပေါ်လတ္တံ့သောအရာများ၏ အရိပ်မျှဖြစ်၏။ ပြကတေ့ကား ခရစ်တော်နှင့် ဆိုင်သတည်း။
18-19 ဦးထိပ်တော်ကိုမစွဲမကိုင်ဘဲ ကိုယ့်ရူပါရုံကိုစွဲလမ်းလျက် ရုပ်ခန္ဓာသဘောဖြင့် အကျိုးမဲ့ဝင့်ဝါသူ မည်သူမဆို စေတမန်တော်များကို နှိမ့်ချစွာကိုးကွယ်ခြင်းနှင့်စပ်၍ ကိုယ့်သဘောအတိုင်းမသွေးဆောင်စေနှင့်။ ဆိုခဲ့သည့်ဦးထိပ်တော်မှတစ်ခန္ဓာလုံးသည် ဆက်သွယ်ခြင်း၊ စေ့စပ်ခြင်းများဖြင့်အားပြည့်ဖွဲ့စည်းလျက် ဘုရားသခင်စီမံတော်မူသည့်အတိုင်း တိုးပွားခွင့်ရ၏။
20-22 အကယ်၍သင်တို့သည် ခရစ်တော်နှင့်အတူလောကီစာဝါငယ်၌သေကြပြီမှန်လျှင် အသုံးများသဖြင့် ပျက်ယွင်းတတ်သောအရာရာနှင့်စပ်၍ စွဲကိုင်ခြင်း၊ မြည်းစမ်းခြင်း၊ တို့ထိခြင်း မပြုရဟူသော စီရင်ထုံးများအောက် လူတို့မှာထားချက်၊ သွန်သင်ချက်အလိုက် လောကတွင်အသက်ရှင်သကဲ့သို့ အဘယ်ကြောင့်နေကြသနည်း။
23 ထိုသို့သောအချက်များကား အလိုအလျောက်ကိုးကွယ်ခြင်း၊ နှိမ့်ချခြင်း၊ ကိုယ်ကာယကို ချိုးဖဲ့ခြင်းများဖြင့် ပညာလက္ခဏာရှိသော်လည်း ဇာတိသဘောကိုချုပ်တည်းရန် စွမ်းရည်မရှိ။