3
သို့ဖြစ်၍သင်တို့သည် ခရစ်တော်နှင့်အတူရှင်ပြန်ထမြောက်ကြသည်မှန်လျှင် ဘုရားသခင့်ယာဘက်တော်၌ ခရစ်တော်စံနေတော်မူသော အထက်ဘုံရှိအရာများကို ရှာကြံကြလော့။ မြေကြီးဆိုင်ရာများကို မဟုတ်။ အထက်အရာများကို ဂရုပြုကြလော့။ အသို့ဆိုသော် သေပြီးဖြစ်သောသင်တို့အသက်သည် ခရစ်တော်နှင့်အတူဘုရားသခင်၌ ဝှက်ထားလျက်ရှိသည့်အလျောက်၊ ငါတို့အသက်တည်းဟူသော ခရစ်တော်ထင်ရှားတော်မူသည့်ကာလ သင်တို့လည်းကိုယ်တော်နှင့်အတူ ဘုန်းနှင့်တကွထင်ရှားရကြလိမ့်မည်။
သို့ဖြစ်၍မြေကြီးပေါ်ရှိ သင်တို့ကိုယ်အင်္ဂါပယောဂများတည်းဟူသော မတရားမေထုန်ပြုခြင်း၊ ညစ်ညူးခြင်း၊ ကိလေသာလိမ်းကျံခြင်း၊ မကောင်းတပ်မက်ခြင်း၊ ရုပ်ပွားကိုးကွယ်ခြင်း ဖြစ်သောလောဘရှိခြင်းများကို ကွပ်မျက်ကြလော့။ ထိုအမှုများကြောင့် ဘုရားသခင့်အမျက်တော်ဒဏ်သည် သင့်ရောက်တတ်၏။ ထိုအမှုများ၌ သင်တို့ရှင်နေသည့်ကာလ၊ ကျင့်ကြံပြုမူခဲ့ကြသော်လည်း အမျက်ထွက်ခြင်း၊ စိတ်ဆိုးခြင်း၊ ရန်ညိုးဖွဲ့ခြင်း၊ ကုန်းချောခြင်း၊ နှုတ်မှ အလဇ္ဇီထွက်ခြင်းအမျိုးမျိုးကို ယခုစွန့်ပယ်ကြလော့။ အချင်းချင်းမုသာ မသုံးကြနှင့်။ သင်တို့သည် လူဟောင်းနှင့်တကွဆိုင်ရာအကျင့်များကိုချွတ်ပယ်ပြီးလျှင်၊ 10 ဖန်ဆင်းတော်မူသောအရှင့်ပုံသဏ္ဌာန်တော်နှင့်အညီ အသိပညာထိုးထွင်းခြင်းငှာ အသစ်ပြုပြင်လျက်ရှိသောလူသစ်ကို ဝတ်ဆင်ကြလေပြီ။ 11 ထိုသို့ပြုပြင်ရာ၌ လူမျိုးခြားနှင့်ယုဒလူမျိုးအဖြစ်အနေ၊ လှီးဖြတ်ခြင်းမင်္ဂလာခံ၊ မခံအဖြစ်အနေ၊ သကုသိလူမျိုးမှစ၍ လူရိုင်းအဖြစ်အနေ၊ ကျွန်နှင့်လူလွတ်အဖြစ်အနေမရှိရာ။ ခရစ်တော်သည် ရှိရှိသမျှ၏ အချက်အခြာဖြစ်တော်မူ၏။
12 ထို့ကြောင့် ဘုရားသခင်ရွေးကောက်မြတ်နိုး၍ သီးသန့်ထားတော်မူသူများအဖြစ်ဖြင့် အသည်းစွဲသနားခြင်း၊ ကရုဏာပြခြင်း၊ နှိမ့်ချခြင်း၊ သိမ်မွေ့ခြင်း၊ စိတ်ရှည်ခြင်းများကို ဝတ်ဆင်ကြလော့။ 13 မည်သူ့အပေါ်တွင်မဆို အပြစ်တင်ရန်ရှိလျှင် သင်တို့ကိုအရှင်ဘုရားချမ်းသာပေးတော်မူသည့်နည်းတူ တစ်ဦးကိုတစ်ဦးသည်းခံလျက် အချင်းချင်းတို့အားချမ်းသာပေးကြလော့။ 14 အထူးဆိုသော် စုံလင်ခြင်းအဖွဲ့အနှောင်တည်းဟူသောမေတ္တာတရားကို ဝတ်ဆင်ကြလော့။ 15 တစ်ကိုယ်တည်းအဖြစ် ခရစ်တော်၏ငြိမ်သက်ခြင်းထဲသို့အခေါ်ခံရသည့်အလျောက် ထိုငြိမ်သက်ခြင်းကို သင်တို့စိတ်နှလုံးတွင်ခုံသမတ်ဖြစ်စေလျက် ကျေးဇူးတော်ကိုသိမှတ်ကြလော့။ 16 ခရစ်တော်၏တရားတော်ကို သင်တို့တွင်ကြွယ်ဝစွာတည်နေစေပြီးလျှင် ခပ်သိမ်းသောဉာဏ်ပညာနှင့် ကျူးဧချက်၊ ထောမနာပြုချက်၊ ဓမ္မဂီတအမျိုးမျိုးအားဖြင့်တစ်ဦးကိုတစ်ဦးသင်ကြားပဲ့ပြင်လျက် ကျေးဇူးတော်ကို ချီးမွမ်း၍ ဘုရားသခင်အား စိတ်မနောတွင်သီဆိုကြလော့။ 17 ၎င်းပြင် နှုတ်ဖြင့်ဖြစ်စေ၊ ကိုယ်ဖြင့်ဖြစ်စေ၊ မည်သည့်အမှုမဆိုသင်တို့ပြုကြရာ၌ အရှင်ယေရှု၏ နာမတော်နှင့်ပြု၍ ကိုယ်တော်အားဖြင့်ခမည်းတော်ဘုရားသခင့်ကျေးဇူးတော်ကို ချီးမွမ်းကြလော့။
18 မယားဖြစ်သူတို့၊ အရှင်ဘုရား၌ သင့်လျော်သည့်အတိုင်း လင့်အောက်အနွံအတာခံကြလော့။ 19 လင်ဖြစ်သူတို့၊ စိတ်မခက်ထန်ဘဲ မယားကိုချစ်ကြလော့။ 20 သားသမီးဖြစ်သူတို့၊ အရှင်ဘုရားရှေ့နှစ်သက်ဖွယ်ဖြစ်သည့်အတိုင်း မိဘစကားကိုအရာရာတွင် နားထောင်ကြလော့။ 21 အဘဖြစ်သူတို့၊ သားသမီးစိတ်မပျက်စေခြင်းငှာ မဆွကြနှင့်။ 22 ကျွန်ဖြစ်သူတို့၊ လူ့စိတ်နှင့်တွေ့လိုသူတို့နည်းတူ မျက်မှောက်၌သာမဟုတ်။ အရှင်ဘုရားကိုခန့်ညားလျက် ရိုးဖြောင့်သောစိတ်နှလုံးနှင့် ရုပ်ခန္ဓာအလျောက် အရှင်ဖြစ်သူတို့အမိန့်ကို အရာရာတွင်နားထောင်ကြလော့။ 23-25 အကျိုးဆက်အဖြစ် ပိုင်ရာတော်ကိုအရှင်ဘုရားထံမှခံရမည့်အကြောင်း သိသည်နှင့်အညီ မည်သည့်အမှုမဆိုပြုသော် လူ့အမှုမဟုတ်။ အရှင်ဘုရားအမှုတော်ဟုမှတ်၍ စိတ်ပါကိုယ်ရောက်ပြုကြလော့။ မတရားပြုသူသည် မတရားမှုအကျိုးကိုမျက်နှာမရွေးခံစားရမည်ဖြစ်၍ အရှင်ခရစ်တော်၏ကျွန်အဖြစ် ဆောင်ရွက်ကြလော့။