5
အကယ်၍ ဤပထဝီပေါ်မှာ ငါတို့တည်နေရာခန္ဓာတဲပျက်လျှင် ဘုရားသခင့်အထံတော်မှ အာကာသတွင် ထာဝရတည်နေရာအသင်္ခတဘုံဆောင်ကိုရကြသည်ဟု ငါတို့သိကြ၏။ 2-3 မုချအားဖြင့် အာကာသရှိငါတို့ဘုံဆောင်နှင့်ဆင်ယင်ခွင့်ရလျှင် ခြုံရာမဲ့ထင်ပေါ်မည်မဟုတ်ကြောင်း သိသည့်အလျောက် ထိုသို့ဆင်ယင်ခြင်းကိုတောင့်တလျက် ဤတဲတွင်ညည်းတွားကြ၏။ ထိုသို့ဆိုသော် ဤတဲတွင်ရှိသေးသောငါတို့သည် တဲကျွတ်ခြင်းမခံလိုသော်လည်း ဇီဝ၌ အနိစ္စအဖြစ်နစ်မွန်းစေအံ့သောငှာ ထပ်မံဆင်ယင်ခြင်းကိုခံလိုသောကြောင့် ဝန်ထမ်းလျက်ညည်းတွားရကြ၏။ ငါတို့၌ ထိုသဘောကိုဖြစ်ထွန်းစေသောအရှင်ကား ဝိညာဉ်တော်စရန်ကိုသနားတော်မူသော ဘုရားသခင်ပေတည်း။ 6-7 ထိုကြောင့် ဖူးမြော်ခွင့်အားဖြင့်မဟုတ်၊ ယုံကြည်ခြင်းအားဖြင့်လိုက်ေလျှာက်ရသောငါတို့သည် ကိုယ်ခန္ဓာ၌တည်နေကြစဉ် အရှင်ဘုရားအပါးတော်တွင်မတည်မနေကြောင်း သိကြသဖြင့်၊ ကိုယ်ခန္ဓာ၌မတည်နေဘဲ အပါးတော်တွင်တည်နေရန် စိတ်စေတနာရှိလျက် အစဉ်မပြတ်အားရစိတ်ချကြ၏။ 9-10 ထိုအကြောင်းကြောင့်လည်း ငါတို့ရှိသမျှသည် ကိုယ်ခန္ဓာအားဖြင့်အကောင်းအဆိုးပြုကျင့်ခြင်း အကျိုးဆက်ကိုအသီးအသီးခံရန် ခရစ်တော်၏တရားပလ္လင်တော့်ရှေ့ ထင်ပေါ်ရကြမည့်အလျောက် ကိုယ်ခန္ဓာ၌တည်နေသည်ဖြစ်စေ၊ မတည်နေသည်ဖြစ်စေ၊ စိတ်တော်နှင့်တွေ့စေရန် ရည်သန်လျက်နေကြ၏။
11 ထိုသို့အရှင်ဘုရားအားကြောက်ရွံ့ဖွယ်ရာကိုထောက်ရှုလျက် လူတို့ကိုသဘောကျစေကြသောငါတို့သည် ဘုရားသခင့်ရှေ့ထင်ရှားပြီးဖြစ်သည့်အလျောက် သင်တို့သြတ္တပ္ပစိတ်ရှေ့လည်းထင်ရှားကြပြီဟု ငါအောက်မေ့၏။ 12 ထိုသို့ဆိုသော် ငါတို့သည်ကိုယ်ကိုထောက်ခံပြန်ရာမရောက်ဘဲ အတွင်းလက္ခဏာဖြင့်မဟုတ်၊ အပြင်လက္ခဏာအားဖြင့်ဂုဏ်ရောက်သူတို့ကို သင်တို့ချေပခွင့်ရစေခြင်းငှာ ငါတို့နှင့်စပ်လျဉ်းသော ဂုဏ်ရောက်ရာရောက်ကြောင်းကို ပေးလို၏။ 13 ငါတို့သည် ရူးသွပ်စေတော့၊ ဘုရားသခင့်အဖို့၊ ဉာဏ်ကောင်းစေတော့၊ သင်တို့အဖို့ဖြစ်၏။ 14-15 အသို့ဆိုသော် တစ်ပါးသည်ရှိသမျှတို့အတွက်အသေခံတော်မူသဖြင့် ရှိသမျှတို့ အသေခံကြကြောင်းကိုလည်းေကာင်း၊ အသက်ရှင်သူတို့သည်ကိုယ့်အဖို့မဟုတ်၊ သူတို့အတွက်အသေခံ၍ ရှင်ပြန်ထမြောက်တော်မူသောအရှင့်အဖို့ ရှင်လျက်နေကြစေခြင်းငှာ အသေခံတော်မူကြောင်းကိုလည်းေကာင်း၊ ငါတို့စိတ်ပြဋ္ဌာန်းပြီးဖြစ်သည့်အလျောက် ခရစ်တော်၏ချစ်ခြင်းမေတ္တာတော်သည် ငါတို့ကိုအုပ်ချုပ်လျက်ရှိ၏။ 16 သို့ဖြစ်၍ ထိုကာလကငါတို့သည် မည်သူ့ကိုမျှပဝတ္တိအလျောက်မသိမမှတ်၊ ခရစ်တော်ကိုပင် ပဝတ္တိအလျောက်သိမှတ်ခဲ့သော်လည်း ထိုသို့သိမှတ်တော့မည်မဟုတ်။ 17 သို့ဖြစ်၍လည်း မည်သူမဆိုခရစ်တော်၌ရှိတည်လျှင် လူသစ်ဖြစ်လျက် ဟောင်းသောအရာများပျောက်လွင့်၍ အသစ်ဖြစ်လေပြီ။ 18 အရာရာပြုပြင်သောအရှင်ကား ခရစ်တော်အားဖြင့် ငါတို့ကိုမိတ်သဟာယဖွဲ့စေပြီးလျှင် ထိုမိတ်သဟာယဖွဲ့ခြင်းဆိုင်ရာအမှုဆောင်ရွက်ခွင့်ကို ငါတို့အားသနားတော်မူသော ဘုရားသခင်ပေတည်း။ 19 ဤလောကသားတို့ကျူးလွန်မှုများကို မှတ်တော်မမူဘဲ ခရစ်တော်၌မိတ်သဟာယဖွဲ့စေတော်မူသော ဘုရားသခင်သည် ထိုသို့မိတ်သဟာရဖွဲ့ခြင်းဆိုင်ရာ တရားတော်ကိုငါတို့အားလွှဲအပ်တော်မူပြီ။
20 ထိုကြောင့် ငါတို့အားဖြင့် ဘုရားသခင်နှိုးဆော်တော်မူသည့်သဖွယ် ခရစ်တော်၏ သံတမန်တော်များဖြစ်သောငါတို့က ဘုရားသခင်နှင့်မိတ်သဟာယဖွဲ့ခြင်းခံကြမည့်အကြောင်း ခရစ်တော့်အတွက်တောင်းပန်ကြ၏။ 21 ဘုရားသခင်သည် ငါတို့ကို ခရစ်တော်ကြောင့် ကိုယ်တော်၏ဖြောင့်မတ်တော်မူခြင်းဖြစ်စေရန် အပြစ်ကင်းသောထိုအရှင်ကို ငါတို့အတွက်အပြစ်ဖြစ်စေတော်မူပြီတကား။