6
1-2 ၎င်းပြင် လက်ခံဖွယ်အချိန်၌ငါနားညောင်း၍ ကယ်တင်ရာနေ့ရက်၌သင့်ကိုမစပြီဟူသော ဗျာဒိတ်တော်ချက်အရ ယခုပင်လက်ခံဖွယ်အချိန်၊ ယခုပင်ကယ်တင်ရာနေ့ရက်ဖြစ်သည့်အလျောက် ဘုရားသခင့်ကျေးဇူးတော်ကို အကျိုးမဲ့မခံစေမည့်အကြောင်း ကိုယ်တော်နှင့်လုပ်ဘော်ဆောင်ဘက်ဖြစ်သူငါတို့သည် သင်တို့အားနှိုးဆော်လျက်၊
3 အမှုတော်ဆောင်ရာထူး၌ အပြစ်တင်ခွင့်မရှိစေခြင်းငှာ မှောက်မှားရန်အကြောင်းကိုမျှမပြုဘဲ၊
4-5 ဘုရားသခင့်အမှုတော်ဆောင်များအဖြစ် အနည်းနည်းအားဖြင့် ကိုယ်ကိုထောက်ခံကြသည်မှာ ဖိစီးခြင်း၊ ညဉ်းပန်းခြင်း၊ ကျဥ်းကျပ်ခြင်း၊ ရိုက်ဒဏ်ခတ်ခြင်း၊ ထောင်ချခြင်း၊ ရုန်းရင်းခတ်ပြုခြင်း၊ ပင်ပန်းခြင်း၊ အအိပ်ဖျက်ခြင်း၊ အစားဖျက်ခြင်းများကိုခံရာ၌ လွန်ကဲစွာတည်ကြည်ခြင်းအားဖြင့်လည်းေကာင်း၊
6 စင်ကြယ်ခြင်း၊ အသိပညာရှိခြင်း၊ စိတ်ရှည်ခြင်း၊ ကရုဏာပြခြင်းများဖြင့်လည်းေကာင်း၊ သန့်ရှင်းသောဝိညာဉ်တော် အယောင်မဆောင်သောမေတ္တာ၊
7 သမ္မာတရားတော်၊ ဘုရားသခင့်တန်ခိုးတော်အားဖြင့်လည်းေကာင်း၊ ဝဲယာစွဲကိုင်သောသုစရိုက်လက်နက်စုံအားဖြင့်လည်းေကာင်း၊
8 အသရေတင်ခြင်းနှင့်ချခြင်း၊ ချီးမွမ်းခြင်းနှင့်ကုန်းချောခြင်းများကိုခံရသည့်အားဖြင့်လည်းေကာင်း၊ လူလိမ်အနေနှင့်မှန်ကန်သူ၊
9 ကိတ္တိမဲ့သူအနေနှင့်ကျော်စောသူ၊ သေသူအနေနှင့်အသက်ရှင်သူ၊ ဆုံးမခံသူအနေနှင့်မသေသေးသူ၊
10 ပူပန်သူအနေနှင့်အစဉ်ရွှင်လန်းသူ၊ ဆင်းရဲသူအနေနှင့်အများကိုကြွယ်ဝစေသူ၊ လက်မဲ့သူအနေနှင့် အရာခပ်သိမ်းလက်ရှိသူများ ဖြစ်ခြင်းအားဖြင့်လည်းေကာင်း ကိုယ်ကိုထောက်ခံကြသတည်း။
11 အချင်းကောရိန္သုအသင်းတော်သားတို့၊ ငါတို့သည်သင်တို့အားနှုတ်မဆိတ်ဘဲ စိတ်စေတနာကျယ်ဝန်း၏။
12 သင်တို့သည် ငါတို့၌ကျဉ်းကျပ်ခံရကြသည်မဟုတ်။ ကိုယ့်စိတ်စေတနာသာ ကျဉ်းမြောင်း၏။
13 သင်တို့ကို သားသမီးအဖြစ်မှတ်၍ငါဆိုသည်မှာ ကျယ်ဝန်းသောစိတ်စေတနာကို တုံ့ဆပ်ကြလော့။
14 မယုံကြည်သူတို့နှင့်ဘက်မညီဘဲတမ်းပိုးတင်မခံကြလင့်။ ဖြောင့်မတ်ခြင်းနှင့် မတရားခြင်းသည် မည်သို့ဖက်စပ်နိုင်အံ့နည်း။ အလင်းနှင့်မှောင်မိုက်သည် မည်သို့ဆက်ဆံနိုင်အံ့နည်း။
15 ခရစ်တော်သည် ဗေလျာရနှင့်မည်သို့သဘောတူအံ့နည်း။ ယုံကြည်သူသည် မယုံကြည်သူနှင့် မည်သို့အကျိုးတူခံစားနိုင်အံ့နည်း။
16 ဘုရားသခင့်ဗိမာန်တော်နှင့်ရုပ်ပွားဆင်းတုများသည် မည်သို့ဆိုင်အံ့နည်း။ ငါသည်သူတို့ဘောင်တွင် ကိန်းဝပ်လျက်စင်္ကြံကြွရာ သူတို့ဘုရားသခင်ဖြစ်မည်။ သူတို့လည်းငါ့လူမျိုးဖြစ်လိမ့်မည်ဟု ဘုရားသခင့်ဗျာဒိတ်တော်ရှိသည့်အတိုင်းပင် ငါတို့သည် အသက်ရှင်သောဘုရားသခင့်ဗိမာန်တော်ဖြစ်ကြ၏။
17 ထိုကြောင့်သူတို့ဘောင်မှထွက်၍ မသန့်ရာကိုမထိဘဲ သီးခြားနေကြလော့ဟု ထာဝရဘုရားမိန့်တော်မူ၏။ ငါသည်သင်တို့ကိုလက်ခံပြီးလျှင်၊
18 သင်တို့အဘဖြစ်မည်။ သင်တို့လည်း ငါ့သားသမီးများဖြစ်ကြလိမ့်မည်ဟု အနန္တတန်ခိုးရှင်ထာဝရဘုရား ဗျာဒိတ်တော်ရှိပြန်၏။