21
1 ထိုသူတို့မှထွက်ခွာ၍ သင်္ဘောစီးသော် ငါတို့သည် ကောသကျွန်းရောက်ရှေ့ရှုသွား၍ နောက်နေ့ရောဒုကျွန်းသို့ရောက်ပြီးလျှင်၊ ထိုကျွန်းမှ ပါတရမြို့သို့ရောက်သည့်ကာလ၊
2 ဖိနိတ်ပြည်သို့ကူးမည့်သင်္ဘောတစ်စင်းကိုကြုံသဖြင့် တက်စီးလေ၏။
3 ကုပရုကျွန်းကိုမြင်ရသော် လကျ်ာဘက်ကတိုက်သွားပြီးလျှင် ရှုရိပြည်သို့လွှင့်လျက် ကုန်ချရမည့် တုရုမြို့တွင်ဆိုက်ကြရာ၊
4 တပည့်တော်တို့ကိုရှာတွေ့၍ ခုနစ်ရက်နေကြ၏။ ထိုတပည့်တော်တို့ကပေါလုကို ယေရုရှလင်မြို့သို့ မသွားစေရန် ဝိညာဉ်တော်အားဖြင့်ကန့်ကွက်ကြသော်လည်း၊
5 ခုနစ်ရက်စေ့သော် ငါတို့ထွက်သွားပြန်ရာ သားမယားပါမြို့ပြင်တိုင်အောင်လိုက်ပို့သော ထိုသူရှိသမျှတို့နှင့် သောင်ပေါ်တွင်ဒူးထောက်တောင်းလျှောက်ကြပြီးလျှင်၊
6 အချင်းချင်းနှုတ်ဆက်ပြီးနောက် သင်္ဘောသို့ငါတို့တက်မှ သူတို့သည်အိမ်သို့ပြန်သွားကြ၏။
7 တုရုမြို့မှလွှင့်ပြန်၍ ပတောလမဲမြို့သို့ရောက်ရာ ညီအစ်ကိုတို့ကိုနှုတ်ဆက်လျက် သူတို့နှင့်တစ်ရက်နေကြပြီးသော်၊
8 နောက်နေ့ထွက်ပြန်၍ ကဲသရိမြို့သို့ရောက်သည့်ကာလ၊ ခုနစ်ပါးအပါအဝင် ဓမ္မကထိကဆရာ ဖိလိပ္ပုအိမ်သို့ဝင်၍ တည်းနေကြ၏။
9 ထိုသူ၌ ပရောဖက်ပြုသောသမီးကညာလေးယောက်ရှိ၏။
10 ထိုအိမ်တွင် ကာလအတန်ကြာငါတို့နေကြစဉ် အာဂဗုဆိုသူပရောဖက်တစ်ပါးသည် ယုဒနယ်မှရောက်လာ၍ ငါတို့ထံဝင်ရာ၊
11 ပေါလု၏ ခါးပန်းကိုယူလျက် ကိုယ့်ခြေလက်များကိုချည်နှောင်ပြီးလျှင် ထိုအတိုင်းဤခါးပန်းရှင်ကို ယေရုရှလင်မြို့တွင် ယုဒလူမျိုးတို့ချည်နှောင်၍ လူမျိုးခြားတို့လက်သို့ပို့အပ်ကြလိမ့်မည်ဟု သန့်ရှင်းသောဝိညာဉ်တော်ဗျာဒိတ်ပေးတော်မူကြောင်း ဆင့်ဆိုလေ၏။
12 ထိုစကားကိုကြားသော် ယေရုရှလင်မြို့သို့မသွားစေရန် ငါတို့နှင့်ထိုမြို့ရှိညီအစ်ကိုတို့တောင်းပန်ကြရာ၊
13 ပေါလုက ငါ့ကိုရင်ကွဲစေရန်အဘယ်ကြောင့်ငိုကြွေးကြသနည်း။ ငါသည်အရှင်ယေရှု၏ နာမတော်အတွက် ယေရုရှလင်မြို့တွင်ချည်နှောင်ခံရန်သာမဟုတ်၊ သေဒဏ်ခံရန်ပင်အသင့်ရှိသည်ဟု ပြန်ဆိုသည်နှင့်၊
14 ငါတို့သွေးဆောင်၍မရသော် အရှင်ဘုရား၏အလိုတော်အတိုင်းဖြစ်ပါစေဟုဆိုလျက် ဝန်ခံရကြ၏။
15 ထိုနောက်ငါတို့သည်ခရီးရိက္ခာကိုယူ၍ ယေရုရှလင်မြို့သို့သွားကြစဉ်၊
16 ငါတို့ကိုဧည့်ခံမည့်သူ ကုပရုကျွန်းသားတပည့်တော်ဟောင်း မနာသုန်ဆိုသူ့အိမ်ရောက် ကဲသရိမြို့က တပည့်တော်အချို့လိုက်ပို့ကြ၏။
17 ယေရုရှလင်မြို့သို့ရောက်ကြသော် ညီအစ်ကိုတို့ဝမ်းမြောက်စွာ လက်ခံကြ၏။
18 နောက်နေ့၌ပေါလုသည် ငါတို့ပါဥက္ကဋ္ဌအပေါင်းတို့ရှိနှင့်သောယာကုပ်ထံဝင်သွားရာ နှုတ်ဆက်ပြီးလျှင်၊
19 ကိုယ်တိုင်အမှုတော်ဆောင်ရွက်ခြင်းဖြင့် လူမျိုးခြားတို့ဘောင်တွင် ဘုရားသခင်ပြုတော်မူရာများကို အစဉ်လိုက်ပြန်ကြားသည့်အတိုင်း၊
20 ထိုသူတို့ကြားသော် ဘုရားသခင့်ဘုန်းတော်ကိုချီးမြှောက်လျက် ပေါလုအားပြောဆိုကြသည်မှာ ယုဒလူမျိုးအနက် မည်မျှအထောင်အသောင်းယုံကြည်ကြကြောင်း၊ ရှိသမျှတို့သည် ပညတ်တရားတော်ဘက်၌စိတ်အားကြီးသူဖြစ်ကြောင်း ညီမောင်သိလေပြီ။
21 လူမျိုးခြားတို့ဘောင်တွင်ရှိနေကြသော ယုဒလူမျိုးခပ်သိမ်းတို့အား သားသမီးများကိုလှီးဖြတ်ခြင်းမင်္ဂလာမပေး၊ ထုံးနည်းအတိုင်းမလိုက်ရဟုကန့်ကွက်လျက် မောရှေမှဆုတ်ခွာကြစေရန် ညီမောင်သွန်သင်ကြောင်း ထိုသူအပေါင်းတို့ကြားရကြပြီ။
22 ထိုကြောင့်မည်သို့ပြုရအံ့နည်း။ ညီမောင်ရောက်လာကြောင်းကို မုချကြားသိကြလိမ့်မည်။
23 သို့ဖြစ်၍ ငါတို့အကြံပေးတိုင်းပြုပါ။ ငါတို့တွင် သစ္စာဝတ်ထားသူလေးယောက်ရှိသဖြင့်၊
24 ထိုသူတို့နှင့်ပေါင်းသင်း၍ အတူကိုယ်ကိုသန့်ခြားထားလျက် ဦးဆံရိတ်ကြစေရန်စရိတ်ခံလျှင်၊ ညီမောင်နှင့်စပ်၍ ကြားသောသတင်းမမှန်။ ပညတ်တရားတော်အတိုင်း လိုက်ေလျှာက်စောင့်ထိန်းသူဖြစ်ကြောင်း၊ ခပ်သိမ်းတို့သိကြလိမ့်မည်။
25 ယုံကြည်သောလူမျိုးခြားတို့နှင့်စပ်၍မူကား ရုပ်ပွားအားပူဇော်ပြီးသောအသား၊ အသွေးပါသောအသား၊ ညှစ်၍သေသောအသားသုံးဆောင်ခြင်း၊ မတရားသောမေထုန်ပြုခြင်းများကို ကြဉ်ရှောင်ကြစေရန်သာစီရင်လျက်၊ ငါတို့ပညတ်လေပြီဟု အကြံပေးကြသည့်အတိုင်း၊
26 ပေါလုသည်နောက်နေ့၌ ထိုသူတို့နှင့်ပေါင်းသင်း၍ အတူကိုယ်ကိုသန့်ခြားထားပြီးလျှင် ဗိမာန်တော်အတွင်းဝင်လျက် သန့်ခြားနေသောကာလစေ့သည့်နေ့ အသီးအသီးအတွက် ပူဇော်သက္ကာဆက်ကပ်ရာနေ့ကိုကြားသိစေ၏။
27 ထိုခုနစ်ရက်စေ့လုသော် အာရှိပြည်ကယုဒလူမျိုးတို့သည် ပေါလုကိုဗိမာန်တော်အတွင်း မြင်မိကြသည့်ကာလ လူပရိသတ်လုံးထကြွစေပြီးလျှင် ပေါလုကိုကိုင်ဖမ်းလျက်၊
28 အချင်းဣသရေလအမျိုးသားတို့၊ ကူညီကြပါ။ ဤသူကား အပြည်ပြည်ရှိလူခပ်သိမ်းတို့အား လူမျိုးတော်၊ ပညတ်တရားတော်၊ ဤဌာနတော်များကိုဆန့်ကျင်ဘက်သင်ကြားသူဖြစ်လျက် ဗိမာန်တော်အတွင်း ဂရိတ်လူမျိုးတို့ကိုခေါ်သွင်းသဖြင့် ဤသန့်ရှင်းသောဌာနတော်ကို မသန့်ရာရောက်စေပြီတကားဟု အော်ဟစ်ကြ၏။
29 ထိုသို့ဟစ်ခြင်းကား ဧဖက်မြို့သားတရောဖိမ်ကို မြို့ထဲတွင်ပေါလုနှင့်အတူမြင်ဘူးသည့်အလျောက် ဗိမာန်တော်အတွင်းခေါ်သွင်းသည်ဟု ထင်မှတ်ကြသောကြောင့်တည်း။
30 ထိုသို့ တစ်မြို့လုံးလှုပ်ရှားထကြွရာ မြို့သူမြို့သားတို့ပြေးဝင်စုရုံးလျက် ပေါလုကိုကိုင်ဖမ်း၍ ဗိမာန်တော်အပြင်ဆွဲငင်ပြီးလျှင် တံခါးတော်များကိုရုတ်ခြည်းပိတ်ထားကြ၏။
31 ပေါလုကိုသတ်မည်ပြုကြစဉ် ယေရုရှလင်တစ်မြို့လုံးအုတ်အုတ်သဲသဲဖြစ်ကြောင်းကို ထောင်တပ်ဗိုလ်ချုပ်ထံသတင်းရောက်သဖြင့်၊
32 စစ်သည်တို့နှင့်တပ်မှူးတို့ကိုချက်ခြင်းခေါ်၍ အမြန်ချီဝင်ရာ ဗိုလ်ချုပ်နှင့်စစ်သည်တို့ကိုထိုသူတို့မြင်သော် ပေါလုကိုအရိုက်ရပ်စဲကြ၏။
33 ဗိုလ်ချုပ်လည်း ပေါလုကိုချဉ်းကပ်ကိုင်ထားလျက် သံကြိုးနှစ်စင်းဖြင့်ချည်စေဟုအမိန့်ရှိပြီးလျှင် မည်သူဖြစ်ကြောင်း၊ မည်သည့်အမှုပြုခဲ့ကြောင်းကိုစစ်မေးရာ၊
34 လူစုထဲမှအချို့ကတစ်နည်း၊ အချို့ကတစ်မျိုး၊ အော်ဟစ်ဆူညံလျက်ရှိသောကြောင့် တပ်ရာမသိနိုင်သည့်အတွက် ပေါလုကိုခံမြို့တွင်းသို့သွင်းထားစေရန်အမိန့်ရှိ၏။
35-36 ခံမြို့လှေကားပေါ်သို့တက်မိလျှင် လူထုပရိသတ်သည် သူ့ကိုထုတ်လော့ဟုဟစ်လျက် တစ်ဟုန်တည်းလိုက်ဝင်သဖြင့် စစ်သည်တို့သည်ပေါလုကိုချီမြှောက်ထမ်းသွားရကြ၏။
37 ခံမြို့အတွင်းသွင်းအံ့ဆဲဆဲတွင် ဗိုလ်ချုပ်အားပေါလုက ကျွန်ုပ်လျှောက်ပါရစေဟုတောင်းလျှင်၊
38 ဗိုလ်ချုပ်က ဂရိတ်စကားတတ်သလော။ သင်သည် အထက်ကာလဓားပြတို့အနက် လူလေးထောင်ကို ထကြွစေပြီးလျှင် တောသို့ချီသွားစေသောအိဂျစ်ပြည်သားမဟုတ်လောဟု ပြန်၍မေးသော်၊
39 ပေါလုက ကျွန်ုပ်သည် ကိလိကိပြည်၊ ကျော်စောကိတ္တိရှိသောတာရှုမြို့သား၊ ယုဒလူမျိုးဖြစ်ပါ၏။ မြို့သူမြို့သားတို့အားပြောဆိုခွင့်ပေးပါဟု တောင်းသည့်အတိုင်းအခွင့်ရသော်၊
40 ပေါလုသည်လှေကားပေါ်ကရပ်လျက် လက်ရိပ်ပြ၍ အများတို့ဆိတ်ဆိတ်နေကြရာ ဟေဗြဲစကားဖြင့်၊