22
အချင်းညီအစ်ကိုအဘတို့၊ ယခုထုချေမည့်စကားကိုကြားနာကြကုန်ဟု ဟစ်သည့်ကာလ၊ ဟေဗြဲစကားဖြင့်ပြောဆိုသည်ကိုကြားသော် သာ၍ဆိတ်ဆိတ်နေကြ၏။
ထိုအခါ ပေါလုပြောဆိုသည်မှာ ငါသည်ကိလိကိပြည်၊ တာရှုမြို့ဇာတိ၊ ဤမြို့၌ကြီးပွားသူ ဂါမလျေလခြေရင်းတွင် မိရိုးဖလာတရားအတိုင်းအသေအချာသင်ကြားခံရသည်နှင့်အညီ၊ ယနေ့သင်တို့ရှိသမျှတို့နည်းတူပင် ဘုရားသခင့်ဘက်တော်၌စိတ်အားကြီးသောယုဒလူမျိုးဖြစ်လျက်၊ 4-5 ပရောဟိတ်မင်းနှင့် လူကြီးအပေါင်းတို့သိမြင်သည့်အတိုင်း မဂ်လမ်းတော်လိုက်သောယောက်ျား၊ မိန်းမတို့ကိုချည်နှောင်ထောင်ချ၍ အသေသတ်သည့်တိုင်အောင်ညှဉ်းပန်းခဲ့၏။ ထိုမင်းတို့ထံမှငါသည် ဒမာသက်မြို့ရှိလူမျိုးချင်းတို့ထံ အမိန့်စာများရပြီးလျှင် ထိုမြို့နေသူတို့ကိုလည်း ယေရုရှလင်မြို့သို့ ချုပ်နှောင်ခေါ်ယူဒဏ်ခတ်ခြင်းငှာ၊ ဒမာသက်မြို့သို့ခရီးသွား၍ အနီးသို့ရောက်သော် မွန်းတည့်အချိန်ခန့်ငါ့ပတ်လည်တွင် ကောင်းကင်မှကြီးစွာသောအလင်း ရုတ်တရက်တောက်ပသဖြင့်၊ မှောက်လဲရာ၊ ရှောလု၊ ရှောလု၊ ငါ့ကိုအဘယ်ကြောင့်ညှဉ်းပန်းသနည်းဟူသော ဗျာဒိတ်တော်သံကိုကြားလျှင်၊ ငါက မည်သူပါနည်းအရှင်ဘုရား၊ ဟုမေးေလျှာက်သော် ငါကားသင်ညှဉ်းပန်းသော နာဇရက်မြို့သားယေရှုပင်တည်းဟု မိန့်တော်မူ၏။ ထိုကာလ လိုက်ပါသူတို့သည် ထိုအလင်းကိုမြင်ရသော်လည်း၊ ငါ့အားမိန့်တော်မူသောအရှင်၏ဗျာဒိတ်တော်သံကို မကြားရကြ။ 10 ငါကလည်း အရှင်ဘုရား၊ မည်သို့ပြုရပါအံ့နည်းဟုမေးလျှောက်ရာ ထ၍ဒမာသက်မြို့သို့ဝင်သွားလော့။ သင်ပြုရန် စီမံထားသောအရာခပ်သိမ်းကို ကြားပြောစေမည်ဟု အရှင်ဘုရားမိန့်တော်မူ၏။ 11 ထိုအလင်းရောင်ခြည်ကြောင့် ငါ့မျက်စိကွယ်သဖြင့် ခရီးသွားဖော်တို့လက်ဆွဲ၍ ဒမာသက်မြို့သို့ ဝင်သွားရ၏။ 12 ထိုအခါ ပညတ်တရားအတိုင်းကြည်ညိုလျက် ထိုမြို့နေယုဒလူမျိုးအပေါင်းတို့တွင် အသရေကောင်းသောအာနနိဆိုသူသည်၊ 13 ငါ့ထံလာရောက်ချဉ်းကပ်လျက် ညီရှောလု၊ မျက်စိမြင်ပြန်စေဟုဆိုလျှင်ဆိုချင်း သူ့ကိုငါကြည့်မြင်ရ၏။ 14 သူကလည်း ငါတို့ဘိုးဘေးများ၏ဘုရားသခင်သည် အလိုတော်ကိုသိရစေရန်လည်းေကာင်း၊ ဖြောင့်မတ်သောအရှင်ကိုဖူးမြင်၍ နှုတ်တော်ထွက်ဗျာဒိတ်တော်ကိုကြားနာရစေရန်လည်းေကာင်း ခန့်ထားတော်မူပြီးသည့်အလျောက်၊ 15 သင်သည် မြင်ရကြားရသောအရာများကို လူခပ်သိမ်းတို့ရှေ့ကိုယ်တော်၏သက်သေဖြစ်ရလိမ့်မည်။ 16 ယခုမှာ အဘယ်ကြောင့်ဆိုင်းလင့်သနည်း။ ထပြီးလျှင်နာမတော်အားပဌနာပြုလျက် ဗတ္တိဇံမင်္ဂလာခံ၍ သင့်အပြစ်များကိုဆေးကြောလော့ဟု ဆို၏။ 17 ထို့နောက်ငါသည် ယေရုရှလင်မြို့သို့ပြန်ရောက်၍ ဗိမာန်တော်တွင်ပဌနာပြုလျက် သမ္မာပတ်ဝင်စားရာ၊ 18 ကိုယ်တော်ထင်ရှား၍ ငါနှင့်စပ်သောသက်သေခံချက်ကို သင့်ထံမှခံယူကြမည်မဟုတ်သောကြောင့် ယေရုရှလင်မြို့ထဲမှအမြန်ထွက်သွားလော့ဟု ဗျာဒိတ်ပေးတော်မူသည့်ကာလ၊ 19 ငါကအရှင်ဘုရား၊ ကိုယ်တော့်အားယုံကြည်သူတို့ကို အကျွန်ုပ်သည်ထောင်ချလျက် ဓမ္မာရုံတိုင်းတွင် ရိုက်ဒဏ်ခတ်သည်ကိုလည်းေကာင်း၊ 20 ကိုယ်တော်၏သက်သေဖြစ်သူ သတေဖန်၏အသွေးကိုသွန်းကြသည့်အခါ၊ ကွပ်မျက်သူတို့၏အင်္ကျီများကို သိမ်းထား၍ သဘောတူလျက်ရပ်နေသည်ကိုလည်းေကာင်း၊ ထိုသူတို့သိကြလေစွဟု ပြန်လျှောက်သော်၊ 21 ထွက်သွားလော့။ သင့်ကိုဝေးကွာသောလူမျိုးခြားတို့ထံ ငါစေလွှတ်မည်ဟူ၍ မိန့်တော်မူကြောင်းပြန်ကြားလေ၏။
22 ထိုစကားတိုင်အောင် နားထောင်လျက်နေသောလူစုက ဤသို့သောအကောင်ကို မြေပေါ်မှပယ်ကြ၊ အသက်ရှင်လျက်မနေသင့်ဟု ကျယ်သောအသံနှင့်အော်ဟစ်ခြင်း၊ 23 ခြုံထည်မြှောက်ခါခြင်း၊ ဖုတ်လွှင့်ခြင်းများကိုပြုကြသဖြင့်၊ 24 ဗိုလ်ချုပ်သည် ပေါလုကိုခံမြို့ထဲသို့သွင်းစေပြီးလျှင် မည်သည့်ပြစ်မှုကြောင့်အော်ဟစ်ကြသည်ကို သိခြင်းငှါ ရိုက်နှက်စစ်မေးစေဟု အမိန့်အရ၊ 25 ရိုက်ရန်ကားခုံ၌ကပ်သောအခါ ရပ်နေသောတပ်မှူးအားပေါလုက ရောမဖြစ်သူကိုစစ်ဆေးစီရင်ခြင်းမပြုဘဲ ရိုက်နှက်အပ်သလောဟုဆိုရာ၊ 26 ထိုစကားကိုတပ်မှူးကြားသော် ဗိုလ်ချုပ်ထံသွား၍ မည်သို့ပြုမည်ကြံသနည်း။ ထိုသူရောမပါတကားဟုလျှောက်၏။ 27 ထိုကာလ ဗိုလ်ချုပ်သည်လာ၍ ပေါလုအား၊ သင်ရောမလော။ ငါ့ကိုပြောပါဟုဆိုရာ ဟုတ်သည်ဟုပြန်ဆိုသော်၊ 28 ဗိုလ်ချုပ်က ငါသည်ရောမအဖြစ်ကိုငွေများစွာပေးမှရသည်ဟုဆိုသည့်ကာလ ငါမူကားဇာတိဖြစ်သည်ဟု ပေါလုပြန်ဆို၏။ 29 သို့ဖြစ်၍စစ်မေးမည့်သူတို့သည် ချက်ခြင်းဆုတ်ခွာကြသည့်ပြင်ဗိုလ်ချုပ်လည်း ချည်နှောင်မိသောပေါလုသည် ရောမဖြစ်ကြောင်းသိသည့်အတွက် ကြောက်ရွံ့လေ၏။
30 နောက်နေ့၌ ယုဒလူမျိုးတို့စွဲဆိုချက်အကြောင်းတပ်ရာသိလို၍ ပရောဟိတ်ကြီးတို့နှင့် လွှတ်တော်အရာရှိအပေါင်းတို့ကိုစုရုံးရန်အမိန့်ရှိပြီးလျှင် ပေါလုကိုအကျယ်ချုပ်ထား၍ ထိုသူတို့ရှေ့ခေါ်သွင်းလေ၏။