19
1 ကောရိန္သုမြို့၌ အာပေါလုရှိနေစဉ် ပေါလုသည်အညာနယ်ကိုသွား၍ ဧဖက်မြို့သို့ရောက်ရာ တွေ့သောတပည့်တော်တို့အား၊
2 သင်တို့ယုံကြည်သည့်ကာလ သန့်ရှင်းသောဝိညာဉ်တော်ကိုခံရကြပြီလောဟုမေးသော်၊ သန့်ရှင်းသောဝိညာဉ်တော်ရှိကြောင်းကိုမျှ မကြားဘူးပါဟု ဖြေဆိုကြသည်နှင့်၊
3 ပေါလုက သို့ဖြစ်လျှင်မည်သည့်ဗတ္တိဇံမင်္ဂလာကိုခံကြသနည်းဟုမေးပြန်ရာ၊ ယောဟန်၏ဗတ္တိဇံမင်္ဂလာကိုခံပါသည်ဟု ဖြေဆိုကြသည့်ကာလ၊
4 ယောဟန်သည် နောင်တရခြင်းဆိုင်ရာဗတ္တိဇံမင်္ဂလာကိုပေးလျက် သူ့နောက်ကြွလာမည့်အရှင်တည်းဟူသောယေရှုကို ယုံကြည်ရမည်ဟူ၍ ပြည်သူပြည်သားတို့အား ဟောပြောခဲ့သည်ဟု ပေါလုဆိုလေ၏။
5 ထိုစကားကိုကြားသော် သူတို့သည်အရှင်ယေရှု၏နာမတော်၌ ဗတ္တိဇံမင်္ဂလာခံကြပြီးလျှင်၊
6 ပေါလုလက်တင်သည့်ကာလ သူတို့အပေါ်သို့သန့်ရှင်းသောဝိညာဉ်တော်သက်ရောက်တော်မူသဖြင့် ဘာသာစကားထူးပြောလျက်ဟောရကြ၏။
7 ထိုသူတို့အရေအတွက်ကား ယောကျ်ားဆယ့်နှစ်ယောက်ခန့်တည်း။
8 ထိုနောက်ပေါလုသည် ဓမ္မာရုံသို့ဝင်၍သုံးလတိုင်တိုင် ဘုရားသခင့်နိုင်ငံတော်အကြောင်း သဘောကျကြစေရန် ရဲရင့်စွာဆွေးနွေးဟောပြောလေ၏။
9-10 သို့ရာတွင် အချို့ခဲယဉ်းလျက်မနာမယူဘဲ ပရိသတ်ရှေ့မဂ်လမ်းတော်ကို မကောင်းပြောဆိုကြသည့်ကာလ ကိုယ်တိုင်ထွက်ခွာ၍ တပည့်တော်တို့ကိုလည်းခွဲထားပြီးလျှင်၊ တုရန္နု၏သိပ္ပံကျောင်းတွင် နှစ်နှစ်ပတ်လုံးနေ့စဉ်ဆွေးနွေးဟောပြောလျက်နေသဖြင့် အာရှိပြည်တွင်ယုဒလူမျိုး၊ ဂရိတ်လူမျိုးရှိသမျှတို့သည် အရှင်ဘုရား၏တရားတော်ကိုကြားနာရကြ၏။
11 ပေါလုလက်ဖြင့် အံ့ဖွယ်ရာအထူးအဆန်းများကို ဘုရားသခင်ပြုတော်မူသည်ဖြစ်၍၊
12 ပေါလုထိကိုင်ပြီးသောပုဆိုး၊ ပုဝါများကို သူနာတို့ထံယူသွားကြသော် ရောဂါကင်းပျောက်၍ နတ်ဆိုးများထွက်ခွာရကြ၏။
13 ထိုအခါလှည့်လည်၍ နတ်ဆိုးအပေါ်တွင်မန်းမှုတ်သူယုဒလူမျိုးအချို့က ပေါလုဟောပြောသော ယေရှုကိုတိုင်တည်၍ငါအမိန့်ရှိသည်ဟု နတ်ပူးသူတို့အားဆိုလျက် အရှင်ယေရှု၏နာမတော်ကိုသုံးဝံ့ကြသည်နှင့်၊
14 သကေဝဆိုသူ ယုဒပရောဟိတ်ကြီး၏သားခုနစ်ယောက်တို့ပြုကြရာ၊
15 နတ်ဆိုးက ယေရှုကိုငါသိ၏။ ပေါလုကိုလည်းသိ၏။ သင်တို့ကားမည်သူနည်းဟုဆိုလျက်၊
16 နတ်ဆိုးပူးသူသည် ပြုသူနှစ်ယောက်အပေါ်သို့ ခုန်တက်ဖိနင်းအောင်မြင်သဖြင့် အထိအရှခံရလျက် အိမ်ထဲမှအချည်းစည်းထွက်ပြေးရကြ၏။
17 ထိုအကြောင်းအရာကို ဧဖက်မြို့နေယုဒလူမျိုး၊ ဂရိတ်လူမျိုးရှိသမျှတို့ကြားသိ၍ ကြောက်ရွံ့လျက် အရှင်ယေရှု၏နာမတော်ကို ချီးမြှောက်ကြ၏။
18 ယုံကြည်ပြီးသူတို့အနက် အများလည်းလာ၍ ကိုယ့်အပြုအကျင့်များကိုဖော်ပြဝန်ခံကြသည့်ပြင်၊
19 မှော်အတတ်လေ့လာသူအများသည် ကိုယ့်ကျမ်းများကိုယူဆောင်စုပုံ၍ ရှိသမျှတို့ရှေ့မီးတိုက်ကြ၏။ တန်ဖိုးကိုတွက်စစ်ရာ ငွေငါးသောင်းထိုက်သည်ကိုသိကြ၏။
20 ထိုသို့အရှင်ဘုရား၏တရားတော်သည် အားကြီးစွာထွန်းကားလျက် တန်ခိုးရှိလေသတည်း။
21 ထိုအခြင်းအရာများဖြစ်ပြီးနောက်ပေါလုက ငါသည်မာကေဒေါနိပြည်နှင့် အခါယပြည်များကိုေလျှာက်လျက် ယေရုရှလင်မြို့ရောက်သွားမည်ဟု အကြံပြုသည့်ပြင် ရောက်ပြီးမှရောမမြို့သို့လည်းအကြည့်အရှုသွားမည်ဟု အောက်မေ့သည့်အတိုင်း၊
22 လက်ထောက်များအနက် တိမောသေနှင့်ဧရတ္တုနှစ်ပါးကို မာကေဒေါနိပြည်သို့လွှတ်လိုက်ပြီးလျှင် အာရှိပြည်တွင်းဆိုင်းလျက်နေလေ၏။
23 ထိုကာလ၌ မဂ်လမ်းတော်နှင့်စပ်၍ များစွာမငြိမ်မသက်ဖြစ်သည်မှာ၊
24 အာတေမိ၏ငွေနတ်စင်များကိုလုပ်၍ ပညာသည်ချင်းတို့အား လက်ခများစွာရစေသူ ဒေေမတြိခေါ် ငွေပန်းတိမ်ဆရာသည်၊
25 ထိုသူတို့နှင့်တကွ အလုပ်တူသူတို့ကိုစုရုံးစေပြီးလျှင်၊ အချင်းတို့၊ ဤလက်မှုဖြင့်ငါတို့ချမ်းသာရကြောင်းသင်တို့သိကြ၏။
26 ယခုမှာ သင်တို့ကြားနာသိမြင်ကြသည့်အတိုင်း ဧဖက်မြို့တွင်သာမဟုတ်၊ အာရှိပြည်လုံးကျွတ်မတတ် ပေါလုဆိုသောဤသူက လက်ဖြစ်ဘုရားများသည် ဘုရားမဟုတ်ဟူ၍ အများတို့ကိုသွေးဆောင်သဖြင့် ရွေ့လျော့စေသည့်အတွက်၊
27-28 ငါတို့အလုပ်ယုတ်ညံ့သည့်ပြင် အာရှိပြည်မှစ၍တစ်လောကလုံးကြည်ညိုသောမဟာဘုရားမ အာတေမိ၏ ဘုံဗိမာန်တော်မရေရဖြစ်လျက် ထိုဘုရားမပင် မြင့်မြတ်သောအခြေအနေမှ နိမ့်ကျမည်စိုးရိမ်ရန်ရှိသည်ဟုပြောဆို၏။ ထိုစကားကိုကြားကြသော် အမျက်ထွက်၍ ဧဖက်မြို့သူမြို့သားတို့၏ ဘုရားမအာတေမိသည် ကြီးမြတ်စွတကားဟုအော်ဟစ်ကြရာ၊
29 တစ်မြို့လုံးအုတ်အုတ်သဲသဲဖြစ်လျက် ပေါလု၏ခရီးသွားဖော်ဖြစ်သူ မာကေဒေါနိပြည်သားဂါယုနှင့် အာရိတ္တာခုကိုဖမ်းဆီးပြီးလျှင် ဇာတ်ရုံထဲသို့တညီတညွတ်တည်း ပြေးဝင်ကြ၏။
30 ထိုကာလ အစုအရုံးသို့ဝင်လိုသောပေါလုကို တပည့်တော်တို့ခွင့်မပြုကြသည့်ပြင်၊
31 မိတ်ဆွေဖြစ်သူသဘင်ဝန်တို့ကလည်း ဇာတ်ရုံထဲသို့မဝင်စေရန် လူလွှတ်၍တောင်းပန်ကြ၏။
32 ထိုအစည်းအဝေးတွင် အများတို့သည်မည်သည့်အကြောင်းနှင့် စုရုံးကြသည်ကိုမသိဘဲ အုတ်အုတ်သဲသဲဖြစ်လျက် အချို့ကတစ်မျိုး၊ အချို့ကတစ်နည်းအော်ဟစ်ကြစဉ်၊
33 ယုဒလူမျိုးတို့အထောက်အခံခိုင်းသောအာလေဇန္ဒြုကို ပရိသတ်ရှေ့ဦးတည်စေသည့်အတိုင်း လက်ရိပ်ပြလျက် အစုအရုံးအားချေပမည်ပြုရာ၊
34 ယုဒလူမျိုးဖြစ်ကြောင်းသိမြင်ကြသော် ရှိသမျှတို့က ဧဖက်မြို့သူမြို့သားတို့၏ဘုရားမအာတေမိသည် ကြီးမြတ်စွာတကားဟု နှစ်နာရီခန့်မျှ တစ်ပြိုင်နက်အော်ဟစ်ကြ၏။
35 ထိုပရိသတ်ကိုငြိမ်စေပြီးမှမြို့ဝန်က အချင်းဧဖက်မြို့သားတို့၊ သင်တို့မြို့သည် ကောင်းကင်မှရုပ်တုကျသော မဟာဘုရားမအာတေမိ၏ အရံစောင့်ဖြစ်ကြောင်းမသိသူရှိသလော။
36 ဤအခြင်းအရာများကို ငြင်းဆန်နိုင်သူမရှိသည်ဖြစ်၍ သင်တို့သည်မည်သည်ကိုမျှ အဆောတလျင်မပြုဘဲချုပ်တည်းသင့်၏။
37 ဘုရားတရားဖီဆန်မှု၊ ငါတို့ဘုရားမအားပုတ်ခတ်မှုမပြုသောဤသူတို့ကို သင်တို့ခေါ်ခဲ့ကြသည်မှာ၊
38 ဒေမေတြိနှင့်အပေါင်းပါပညာသည်တို့သည် တစ်စုံတစ်ယောက်အပေါ်တွင်အမှုရှိလျှင် လွှတ်ရုံးများ၊ ဝန်ကြီးများရှိ၏။ တစ်ယောက်ကိုတစ်ယောက် စွဲဆိုကြစေ။
39 အခြားအရေးနှင့်မေးလျှောက်လိုလျှင်မူကား နည်းလမ်းကျအစည်းအဝေးတွင် ရှင်းလင်းကြစေ။
40 ယနေ့မှာ အကြောင်းမဲ့အဖြစ်အပျက်နှင့်စပ်၍ ငါတို့သည်သောင်းကျန်းမှုစွဲဆိုခံရမည်စိုးရိမ်ရန်ရှိ၏။
41 ဤအစုအရုံးအတွက် ငါတို့အကြောင်းပြနိုင်မည်မဟုတ်ဟုဆိုပြီးလျှင် အစည်းအဝေးကွဲစေ၏။