18
ထိုနောက်ပေါလုသည် အာသင်မြို့မှထွက်သွား၍၊ ကောရိန္သုမြို့သို့ရောက်ရာ ရောမမြို့မှယုဒလူမျိုးအပေါင်းတို့ထွက်သွားကြစေဟု ကလောဒိမင်းအမိန့်တော်အရ ဣတလိပြည်မှမကြာမီ မယားပြစ်ကိလနှင့်ရောက် လာသော ပုန္တုပြည်သားယုဒလူမျိုးအာကုလဆိုသူကိုတွေ့၍၊ သူတို့ထံဝင်ပြီးလျှင် တဲရှင်ချုပ်သူများဖြစ်လျက် လက်မှုခြင်းတူသောကြောင့်တည်းခိုလုပ်ကိုင်နေ၏။ ဥပုသ်နေ့တိုင်းလည်း ယုဒလူမျိုး၊ ဂရိတ်လူမျိုးတို့သဘောကျစေရန် ဓမ္မာရုံတွင် ဆွေးနွေးဟောပြောလေ၏။
မာကေဒေါနိပြည်မှ သိလနှင့်တိမောသေတို့ရောက်လာကြသည့်ကာလ ပေါလုသည် ဟောပြောမှုကို ဝိရိယစိုက်၍ ယေရှုပင်ခရစ်တော်မှန်ကြောင်း ယုဒလူမျိုးတို့အား သက်သေခံလျက်နေရာ၊ ခုခံပုတ်ခတ်ကြသဖြင့် ဝတ်လုံကိုခါ၍ ချင်းတို့အသွေးသည်ချင်းတို့ခေါင်းပေါ်၌တည်စေ။ ငါနှင့်ကား ကင်းရှင်း၏။ ယခုကစ၍ လူမျိုးခြားတို့ထံငါသွားတော့မည်ဟုဆိုလျက်၊ ဓမ္မာရုံမှဆင်းပြီးလျှင် အနီးရှိဘုရားသခင်ကိုကြည်ညိုသူ တိတုယုတ္တုဆိုသူ့အိမ်သို့ရွှေ့လေ၏။ ဓမ္မာရုံအုပ် ကရိပ္ပုမူကား အိမ်သူအိမ်သားရှိသမျှပါ အရှင်ဘုရားကိုယုံကြည်ကြ၏။ ကောရိန္သုမြို့သူမြို့သားအများလည်း နာခံယုံကြည်လျက် ဗတ္တိဇံမင်္ဂလာခံကြ၏။ ထိုကာလ ညဉ့်အခါရူပါရုံတွင် ပေါလုအားအရှင်ဘုရားက မကြောက်လင့်၊ နှုတ်မဆိတ်ဘဲဟောလော့။ 10 ငါသည် သင်နှင့်အတူရှိသဖြင့် သင့်ကိုမည်သူမျှအန္တရာယ်ရှာ၍လက်ရောက်မပြုရ၊ ဤမြို့တွင် ငါပိုင်အမြောက်အမြားရှိသည်ဟု ဗျာဒိတ်ပေးတော်မူသည့်အလျောက်၊ 11 ပေါလုသည်ထိုသူတို့အား ဘုရားသခင့်တရားတော်ကိုသင်ကြားလျက် တစ်နှစ်နှင့်ခြောက်လနေထိုင်၏။
12 သို့သော်လည်း အခါယပြည်ဝန်ကြီးဂါလျုန့်လက်ထက် ယုဒလူမျိုးတို့သည်ပေါလုကို တစ်ပြိုင်နက်ရန်မူလျက် တရားခွင်ရှေ့ခေါ်သွားပြီးလျှင်၊ 13 ဤသူသည် လူတို့ကိုပညတ်တရားတော်နှင့်ဆန့်ကျင်၍ ဘုရားကိုးကွယ်စေရန်သွေးဆောင်ပါသည်ဟု စွဲဆိုကြသဖြင့်၊ 14 ပေါလုထုချေမည်ပြုစဉ် ယုဒလူမျိုးတို့အားဂါလျုန်က အိုယုဒလူမျိုးတို့၊ ဤအမှုသည် အဓမ္မမှု၊ ဆိုးယုတ်သောလိမ်လည်မှုဖြစ်ခဲ့လျှင် အရေးယူရန်သင့်လျော်၏။ 15 စကားများ၊ အမည်များမှစ၍ သင်တို့တရားဆိုင်ရာဆွေးနွေးချက်ဖြစ်လျှင်မူကာ၊ ကိုယ်တိုင်ထောက်ရှုကြလော့။ ငါမစီရင်လိုဟုဆိုလျက်၊ 16-17 တရားခွင်မှပယ်လိုက်၏။ ဓမ္မာရုံအုပ်သောသေနေကို တရားခွင်ရှေ့ရှိသမျှတို့ဖမ်းဆီးရိုက်နှက်ကြရာ၊ ဂရုမစိုက်ဘဲ ဂါလျုန်နေလေ၏။
18 ထိုနောက်ပေါလုသည် နေ့ရက်အတန်ကြာနေထိုင်ပြီးလျှင် ညီအစ်ကိုတို့ကိုနှုတ်ဆက်၍ သစ္စာဝတ်ထားခဲ့သည့်အတိုင်း၊ ကင်ခြေမြို့တွင်ဦးဆံပယ်ပြီးမှပြစ်ကိလ၊ အာကုလတို့နှင့် ရှုရိပြည်သို့ သင်္ဘောစီးလျက် ဧဖက်မြို့သို့ရောက်သော်၊ 19 ထိုသူတို့ကိုထားခဲ့လေ၏။ ပေါလုမူကားဓမ္မာရုံသို့ဝင်၍ ယုဒလူမျိုးတို့နှင့်ဆွေးနွေးဟောပြောရာ၊ 20 ဆက်လက်နေထိုင်ပါမည့်အကြောင်း တောင်းပန်ကြသည့်အတိုင်းမနေလိုဘဲ၊ 21 ဘုရားသခင်အလိုတော်ရှိလျှင် ပြန်လာမည်ဟုဆိုလျက် နှုတ်ဆက်ပြီးမှဧဖက်မြို့မှသင်္ဘောစီးသွား၏။ 22 ကဲသရိမြို့တွင်ဆိုက်သော် မြို့တော်သို့တက်သွား၍ အသင်းတော်ကိုနှုတ်ဆက်ပြီးလျှင် အန္တိအုတ်မြို့သို့ဆင်းသွား၏။ 23 ကာလအတန်ကြာနေပြီးနောက်ထွက်သွားလျက် ဂလာတိနှင့်ဖြုဂိနယ်တစ်လျှောက်၊ အစဉ်အတိုင်းလျှောက်သွား၍ တပည့်တော်ရှိသမျှတို့ကိုတည်ကြည်စေ၏။
24 ထိုအခါ ကျမ်းစာကျွမ်းကျင်လျက် နှုတ်သတ္တိရှိသောအာလေဇန္ဒြိယမြို့သားအာပေါလုဆိုသူ ယုဒလူမျိုးတစ်ယောက်သည် ဧဖက်မြို့သို့ရောက်လာ၍၊ 25 ယောဟန်၏ဗတ္တိဇံမင်္ဂလာကိုသာ နားလည်သော်လည်း၊ အရှင်ဘုရား၏မဂ်လမ်းတော်အကြောင်းသွန်သင်ခံပြီးသည့်အလျောက် ယေရှုဆိုင်ရာအကြောင်းများကို စိတ်အားကြီးစွာ အသေအချာဟောပြောသင်ကြားလေ့ရှိ၏။ 26 ဓမ္မာရုံတွင်လည်း ရဲရင့်စွာဟောစပြုရာ ကြားသောပြစ်ကိလနှင့်အာကုလတို့သည် သူ့ကိုခေါ်ပြီးလျှင် ဘုရားသခင်မဂ်လမ်းတော်အကြောင်းအစေ့အစုံဖော်ပြကြ၏။ 27-28 အာပေါလုသည် အခါယပြည်သို့ကူးသွားလိုသည့်ကာလ ညီအစ်ကိုတို့တိုက်တွန်း၍ သူ့ကိုလက်ခံကြစေရန် တပည့်တော်တို့ထံစာရေးလိုက်ကြ၏။ ရောက်ပြီးမှယေရှုသည် ခရစ်တော်မှန်ကြောင်း ကျမ်းကိုး၍ လူပရိသတ်ရှေ့ဖော်ပြလျက် ယုဒလူမျိုးတို့ကိုအားကြီးစွာချေပသည့်အလျောက် ကျေးဇူးတော်ကြောင့် ယုံကြည်သူတို့ကို အထူးသဖြင့်ထောက်မလေ၏။