ဆာလံကျမ်း 129
ရန်သူများရှုံးနိမ့်စေရန်ဆုတောင်း
1 ငယ်သောအရွယ်မှစ၍၊ ကြိမ်ဖန်များစွာ ငါ့ကို သူတစ်ပါးတို့သည် ညှဉ်းဆဲကြပြီဟူသော စကားနှင့်ချီ၍၊ ဣသရေလအမျိုးဆိုရသော စကားဟူမူကား၊
2 ငယ်သောအရွယ်မှစ၍၊ ကြိမ်ဖန်များစွာ ငါ့ကို သူတစ်ပါးတို့သည် ညှဉ်းဆဲကြပြီ။ သို့သော်လည်း ငါ့ကိုမနိုင်ကြ။
3 ထွန်သောသူတို့သည် ငါ့ကျောပေါ်မှာထွန်၍၊ ရှည်သော ထွန်ကြောင်းတို့ကို ဖြစ်စေကြ၏။
4 ထာဝရဘုရားသည် ဖြောင့်မတ်တော်မူ၏။ မတရားသောသူတို့၏ ကြိုးတို့ကို ဖြတ်တော်မူပြီ။
5 ဇိအုန်မြို့ကို မုန်းသောသူအပေါင်းတို့သည် ရှက်ကြောက်၍ လှန်ခြင်းကို ခံရကြပါစေ။
6 အိမ်မိုးပေါ်မှာပေါက်၍၊ အဘယ်သူမျှမနုတ်ဘဲ ညှိုးနွမ်းတတ်သော မြက်ပင်ကဲ့သို့ ဖြစ်ကြပါစေ။
7 ထိုမြက်ပင်ကိုရိတ်သောသူသည် လက်တစ်ဆုပ်မျှ မရ။ စည်းသောသူလည်း လက်တစ်ပွေ့မျှမရ။
8 လမ်း၌ လျှောက်သွားသောသူတို့ကလည်း၊ ထာဝရဘုရားပေးတော်မူသော မင်္ဂလာသက်ရောက်ပါစေသော။ ထာဝရဘုရား၏နာမတော်ကို အမှီပြု၍၊ သင်တို့ကို ကောင်းချီးပေးကြ၏ဟု မပြောမဆိုရကြ။