7
1 ငါ့သား၊ ငါ့စကားကို စေ့စေ့နားထောင်၍၊ ငါ့ပညတ်တို့ကို သင်၌သိုထားလော့။
2 ငါ့ပညတ်တို့ကို စောင့်ရှောက်၍ အသက်ရှင်လော့။ ငါပေးသောတရားကို ကိုယ်မျက်ဆန်ကဲ့သို့စောင့်လော့။
3 သင်၏လက်ချောင်းတို့၌ ချည်ထား၍၊ သင်၏ နှလုံးအင်းစာရင်း၌ ရေးမှတ်လော့။
4 ပညာကို ကိုယ်နှမဟူ၍လည်းကောင်း၊ ဉာဏ်ကို ကိုယ်ပေါက်ဖော်ဟူ၍လည်းကောင်းခေါ်လော့။
5 သို့ပြုလျှင် သူတို့သည် အမျိုးပျက်သောမိန်းမ၊a ၇း၅ အမျိုးပျက်သောမိန်းမ၊ တစ်ပြည်သူမိန်းမ (ဟေဗြဲကျမ်းစာ) နှုတ်နှင့် ချော့မော့တတ်သော ပြည်တန်ဆာမိန်းမလက်မှ သင့်ကို ကယ်တင်ကြလိမ့်မည်။
အကျင့်ပျက်သောမိန်းမ
6 ငါ့အိမ်ပြူတင်းရွက်ကြားမှ ငါကြည့်၍ မြင်ရသောအမှုဟူမူကား၊
7 ဉာဏ်တိမ်သော အမျိုးသားချင်းစုကို ငါကြည့်ရှုစဉ်တွင်၊ ဉာဏ်မရှိသော လူပျိုတစ်ယောက်သည်၊
8 ထိုသို့သော မိန်းမနေရာလမ်းထောင့် အနားသို့လျှောက်သွားသဖြင့်၊
9 မိုးချုပ်၍ ညဉ့်ဦးအချိန်၊ ညနက်သောအချိန်ရောက်သောအခါ၊ ထိုမိန်းမနေရာလမ်းသို့ လိုက်လေ၏။
10 ပြည်တန်ဆာအဝတ်ကိုဝတ်၍၊ ဆန်းပြားသော မိန်းမသည် ထိုသူကို ကြိုဆို၏။
11 ထိုမိန်းမသည် ကျယ်သောအသံနှင့် ခိုင်မာသော စိတ်သဘောရှိ၏။ ကိုယ်အိမ်၌ မနေ၊ လည်တတ်၏။
12 ခဏအိမ်ပြင်၊ ခဏလမ်းထဲမှာ နေလျက်၊ လမ်းထောင့်အရပ်ရပ်၌ ချောင်းမြောင်း၍ ကြည့်တတ်၏။
13 ထိုလူပျိုကို တွေ့သောအခါ၊ ရဲသောမျက်နှာနှင့် ဖမ်းဖက်နမ်းရှုပ်လျက်၊
14 ငါ၌ မိတ်သဟာယပူဇော်သကာရှိ၏။ ယနေ့ ငါ့ကတိဝတ်ကို ငါဖြေပြီ။
15 ထိုကြောင့် သင့်ကို ကြိုဆိုအံ့သောငှာ ငါထွက်လာပြီ။ သင့်မျက်နှာကို ကြိုးစားရှာ၍တွေ့ပြီ။
16 ငါ့ခုတင်ကို ချယ်လှယ်သော အိပ်ရာခင်းနှင့်လည်းကောင်း၊ အဲဂုတ္တုပိတ်ချောနှင့်လည်းကောင်းပြင်ဆင်ပြီ။
17 ငါ့မွေ့ရာကို မုရန်၊ အကျော်၊ သစ်ကြံပိုးနှင့် ထုံပြီ။
18 လာပါ၊ မိုးလင်းသည်တိုင်အောင် ကာမရာဂစိတ်ကို ဖြေကြကုန်အံ့။ မေထုန်ပြု၍ မွေ့လျော်ကြကုန်အံ့။
19 ငါ့အရှင်သည် အိမ်မှာမရှိ။ ငွေအိတ်ကိုဆောင်လျက် ဝေးသောအရပ်သို့ သွားပြီ။
20 ပွဲနေ့ရောက်မှသာ ပြန်လာလိမ့်မည်ဟု၊
21 ချစ်ဖွယ်သော စကားနှင့် ထိုသူကို သွေးဆောင်၍ ချော့မော့တတ်သော နှုတ်ခမ်းနှင့် နိုင်သဖြင့်၊
22 နွားသည် အသေခံရာသို့လိုက်သကဲ့သို့လည်းကောင်း၊ သမင်ဒရယ်သည် မိမိအသည်း၌ မြားမထိုးမီတိုင်အောင်၊ ဖမ်းမိရာထဲသို့ ဝင်သကဲ့သို့လည်းကောင်း၊
23 ငှက်သည် မိမိအသက်ဆုံးစေခြင်းငှာ ထောင်မှန်းကိုမရိပ်မိဘဲ၊ ကျော့ကွင်းထဲသို့ အလျင်အမြန် ဝင်သကဲ့သို့လည်းကောင်း၊ လူပျိုသည် ထိုမိန်းမနောက်သို့ ချက်ချင်းလိုက်သွားတတ်၏။
24 သို့ဖြစ်၍ ငါ့သားတို့၊ ငါ့စကားကို နားထောင်၍ ငါဟောပြောချက်တို့ကို မှတ်ကျုံးကြလော့။
25 ထိုသို့သော မိန်းမနေရာလမ်းကို စိတ်မငဲ့ကွက်နှင့်။ သူကျင်လည်သော လမ်းခရီးသို့ လွှဲ၍မလိုက်နှင့်။
26 အကြောင်းမူကား၊ သူသည် စစ်သူရဲအများတို့ကို လှဲလေပြီ။ ခွန်အားကြီးသော သူအများတို့ကို သတ်လေပြီ။
27 သူ၏အိမ်သည် သေမင်း၏ဘုံဗိမာန်သို့ဆင်း၍၊ မရဏာနိုင်ငံသို့ ရောက်သောလမ်းဖြစ်၏။