6
လက်တွေ့ကျသောဆုံးမခြင်း
ငါ့သား၊ သင်သည် အဆွေခင်ပွန်းအတွက် အာမခံမိသော်လည်းကောင်း၊ သူတစ်ပါးနှင့် လက်ဝါးချင်း ရိုက်မိသော်လည်းကောင်း၊ ကိုယ်နှုတ်ထွက်စကားဖြင့် ကျော့မိပြီ။ ကိုယ်ပြောသောစကားကြောင့် အမှုရောက်လေပြီ။ ငါ့သား၊ သင်သည် အဆွေခင်ပွန်းလက်သို့ ရောက်မိလျှင်၊ ကိုယ်ကိုနုတ်အံ့သောငှာ အဘယ်သို့ ပြုရမည်နည်းဟူမူကား၊ အဆွေခင်ပွန်းထံသို့သွား၍၊ ကိုယ်ကိုနှိမ့်ချလျက် သူ့ကိုနှိုးဆော်လော့။ အိပ်မပျော်နှင့်။ မျက်စိမှိတ်၍ မငိုက်နှင့်။ မုဆိုးလက်မှ သမင်ဒရယ်ကိုလည်းကောင်း၊ ငှက်ကိုလည်းကောင်း နုတ်ရသကဲ့သို့ ကိုယ်ကိုနုတ်လော့။
အချင်းလူပျင်း၊ ပုရွက်ဆိတ်ထံသို့ သွား၍၊ သူ၏အပြုအမူတို့ကို ဆင်ခြင်သဖြင့် ပညာရှိစေလော့။ ပုရွက်ဆိတ်သည် ဆရာမရှိ၊ ပဲ့ပြင်သောသူမရှိ၊ မင်းမရှိဘဲလျက်၊ နွေကာလနှင့် စပါးရိတ်ရာကာလ၌ မိမိစားစရာအစာကို ရှာဖွေသိုထားတတ်၏။ အိုလူပျင်း၊ သင်သည် အဘယ်မျှကာလပတ်လုံးအိပ်လျက် နေလိမ့်မည်နည်း။ အဘယ်သောအခါ နိုးလိမ့်မည်နည်း။ 10 ခဏအိပ်လျက်၊ ခဏပျော်လျက်၊ အိပ်ပျော်အံ့သောငှာ ခဏလက်ချင်းပိုက်လျက်နေစဉ်တွင်၊Ref ၆း၁၀-၁၁။ သု ၂၄း၃၃-၃၄။ 11 ဆင်းရဲခြင်းသည် ခရီးသွားသောသူကဲ့သို့လည်းကောင်း၊ ဥစ္စာပြုန်းတီးခြင်းသည် သူရဲကဲ့သို့လည်းကောင်း ရောက်လာလိမ့်မည်။
12 ဆိုးယုတ်သောသူနှင့် မတရားသောသူသည် ကောက်လိမ်သောစကား၌ ကျင်လည်တတ်၏။ 13 မျက်တောင်ခတ်လျက်၊ ခြေဖြင့် အမှတ်ပေးလျက်၊ လက်ချောင်းတို့ဖြင့် သွန်သင်လျက် ပြုတတ်၏။ 14 ကောက်သောစိတ်သဘောနှင့် ပြည့်စုံ၍၊ မကောင်းသောအကြံကို အစဉ် ကြံစည်တတ်၏။ သူတစ်ပါးချင်း ရန်တွေ့စေခြင်းငှာ ပြုတတ်၏။ 15 ထိုကြောင့် သူသည် အမှတ်တမဲ့အမှုရောက်၍၊ ကိုးကွယ်ရာမရဘဲ ချက်ချင်းကျိုးပဲ့ပျက်စီးရလိမ့်မည်။
16 ထာဝရဘုရားမုန်းတော်မူသောအရာ ခြောက်ပါးမက၊ စက်ဆုပ်ရွံရှာတော်မူသောအရာ ခုနစ်ပါးဟူမူကား၊ 17 ထောင်လွှားသော မျက်နှာတစ်ပါး၊ မုသာ;၌ ကျင်လည်သောလျှာတစ်ပါး၊ အပြစ်မရှိသောသူ၏ အသက်ကိုသတ်သော လက်တစ်ပါး၊ 18 မကောင်းသော အကြံကို ကြံစည်သောနှလုံးတစ်ပါး၊ အပြစ်ပြုရာသို့ အလျင်အမြန်ပြေးတတ်သော ခြေတစ်ပါး၊ 19 မုသာ;စကားကိုပြော၍ မမှန်သောသက်သေတစ်ပါး၊ အပေါင်းအဖော်ချင်း ရန်တွေ့စေခြင်းငှာ ပြုတတ်သောသူ တစ်ပါးတည်း။
သူတစ်ပါးအိမ်ရာကိုမပြစ်မှားရန် သတိပေးခြင်း
20 ငါ့သား၊ အဘ၏ပညတ်စကားကို နားထောင်လော့။ အမိပေးသော တရားကို မပယ်နှင့်။ 21 နှလုံးပေါ်မှာ အမြဲချည်၍ လည်ပင်း၌ ဆွဲထားလော့။ 22 သင်သည် အခြားသို့သွားသောအခါ၊ ထိုပညတ်တရားသည် လမ်းပြလိမ့်မည်။ အိပ်သောအခါ သင့်ကိုစောင့်လိမ့်မည်။ နိုးသောအခါ သင်နှင့် နှုတ်ဆက်လိမ့်မည်။ 23 အကြောင်းမူကား၊ ပညတ်တော်သည် မီးခွက်ဖြစ်၏။ တရားတော်သည် အလင်းဖြစ်၏။ အပြစ်ကို ပြတတ်သော ဩဝါဒစကားသည် အသက်လမ်းဖြစ်၏။ 24 ဆိုးသော မိန်းမနှင့်လည်းကောင်း၊ အမျိုးပျက်သောမိန်းမ ချော့မော့တတ်သောနှုတ်နှင့်လည်းကောင်း လွတ်စေခြင်းငှာ၊ သင့်ကိုစောင့်ဖို့ရာ ဖြစ်သတည်း။ 25 ထိုသို့သောမိန်းမသည် အဆင်းလှသော်လည်း၊ တပ်မက်သောစိတ်မရှိနှင့်။ သူသည် မျက်ခမ်းတို့ဖြင့် သင့်ကို မကျော့မိစေနှင့်။ 26 အကြောင်းမူကား၊ ပြည်တန်ဆာမကို မှီဝဲသောယောက်ျားသည် ဆင်းရဲ၍၊ မုန့်တစ်လုံးကိုသာရတတ်၏။ မျောက်မထားသော မိန်းမသည်လည်း မြတ်သောအသက်ကိုဖမ်းတတ်၏။ 27 လူသည် အဝတ်မလောင်ဘဲ မီးကို ပိုက်ဖက်နိုင်သလော။ 28 ခြေမလောင်ဘဲ မီးခဲပေါ်မှာ နင်းနိုင်သလော။ 29 သူ့မယားထံသို့ ဝင်သောသူသည် ထိုနည်းတူဖြစ်၏။ သူ့မယားကို ပြစ်မှားသောသူမည်သည်ကား၊ အပြစ်နှင့် မကင်းမလွတ်နိုင်ရာ၊ 30 မွတ်သိပ်သောစိတ်ပြေစေခြင်းငှာ၊ ခိုးသောသူပင် အပြစ်မလွတ်ရ။ 31 တွေ့မိလျှင် ခုနစ်ဆပြန်ပေးရမည်။ ကိုယ်အိမ်၌ ရှိသမျှသော ဥစ္စာတို့ကို လျော်ရမည်။ 32 သူ့မယားကို ပြစ်မှားသောသူသည် ဉာဏ်မရှိ။ ထိုသို့ ပြုသောသူသည် မိမိအသက်ကို ဖျက်ဆီးတတ်၏။ 33 နာကျင်စွာထိခိုက်ခြင်းနှင့် အသရေရှုတ်ချခြင်းကို ခံရလိမ့်မည်။ သူ၏အရှက်ကွဲခြင်းသည် မပြေနိုင်။ 34 အကြောင်းမူကား၊ ယောက်ျားသည် မယားကိုမယုံသောစိတ်ရှိလျှင်၊ ပြင်းထန်စွာ အမျက်ထွက်တတ်၏။ အပြစ်ပေးချိန် ရောက်သောအခါ သနားခြင်းမရှိတတ်။ 35 လျော်ပြစ်ငွေမည်မျှကို ပမာဏမပြုတတ်။ များစွာသောလက်ဆောင်တို့ကို ပေးသော်လည်း စိတ်မပြေတတ်။